ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သစ်တစ်ခုချမှတ်

Mon, 11/28/2022 - 08:31 -- Dotbilateral

     ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ရာတွင် ဒီဂျစ်တယ်ကုန်သွယ်မှုစနစ်နှင့် အီလက်ထရောနစ်နည်းလမ်း အသုံးပြုကူးသန်းရောင်း ဝယ်ခြင်းစနစ်မှသည် အရည်အသွေးပြည့်ဝသော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအထိ ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ခုအား ချမှတ်ခဲ့ပါသည်။

     စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သစ်တစ်ခုအဖြစ် “ဂျပန်-ထိုင်း နှစ်နိုင်ငံအကြား မဟာဗျူဟာကျသော စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ငါးနှစ်တာအစီအစဉ်” (Five-Year Joint Action Plan on Japan-Thailand Strategic Economic Partnership) ကို ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi တို့က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ တွေ့ဆုံစဉ် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

     အဆိုပါအစီအစဉ်သစ်အရ နှစ်နိုင်ငံအစိုးရများအနေဖြင့် စွမ်းအင်နှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများဖြစ်ခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်းကဲ့သို့သော ကြုံတွေ့ရသည့် အခက်အခဲစိန်ခေါ်မှုများ အား ပိုမိုကောင်းမွန်သောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

     အဆိုပါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွင် ခရီးသွားဧည့်သည်များ ပိုမိုလည်ပတ်နိုင်ရန်၊ မြို့ပြနေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရန်၊ ဆေးဘက်ဆိုင်ရာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရန်၊ ကာဗွန်ထုတ်လုပ်ခြင်းနှင့် ကာဗွန်စုပ်ယူခြင်း ဟန်ချက်ညီရန်အတွက် စွမ်းအင်အသုံးပြုမှုဆိုင်ရာ ပတ်ဝန်းကျင်ဖန်တီးနိုင်ရန်နှင့် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရန် စသည့်တို့ကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြ ပါသည်။  

     ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့သော အနာဂတ်ဆီသို့ လျှောက်လှမ်းနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းသစ်ကို ရေးဆွဲခြင်းဖြင့် “သာတူ ညီမျှသော မိတ်ဖက်များ” အဖြစ် စီးပွားရေးဆက်ဆံမှုကို ပူးတွဲဖန်တီးသွားမည်ဖြစ်ကြောင်း ကတိပြု ခဲ့ကြပါသည်။

     ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Hayashi က ဂျပန်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီး Mr.Don အား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

     ထို့အပြင် ထိုင်းနိုင်ငံတွင် ဂျပန်ကုမ္ပဏီပေါင်း (၆၀၀၀) ခန့်လည်ပတ်နေပြီး ထိုင်းနိုင်ငံတွင် ဂျပန်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများရှိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုများ၏ သုံးပုံတစ်ပုံခန့် ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရပါသည်။

     ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai က ယခုချုပ်ဆိုသည့် ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်သစ်တွင်ပါရှိသည့် အချက်များနှင့်အညီ ဂျပန်-ထိုင်း နှစ်နိုင်ငံအကြား ဆက်ဆံ ရေးအဆင့်မြှင့်တင်ရေး ဆောင်ရွက်သွားလိုသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Bangkok Post

International Trade News

Pages