ခရီးသွားကဏ္ဍ ပြန်ကောင်းလာ၍ ထိုင်းစက်မှုအညွှန်းကိန်းများ လေးနှစ်နီးပါးကာလ၌ ဖေဖော်ဝါရီလတွင် မြင့်တက်

Tue, 03/28/2023 - 09:06 -- Dotbilateral

         ပြည်တွင်းဝယ်လိုအားနှင့် ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာမှုကြောင့် ထိုင်း နိုင်ငံ၏ စက်မှုကဏ္ဍဆိုင်ရာ အညွှန်းကိန်းသည် ၄၇ လတာကာအတွင်း၌ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ သို့သော် ပို့ကုန်တင်ပို့နိုင်မှု အားနည်းနေခြင်းမှာ စိုးရိမ်ဖွယ်တစ်ခုဖြစ်ကြောင်း စက်မှုလုပ်ငန်းရှင်များ အဖွဲ့က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

          စက်မှုကဏ္ဍဆိုင်ရာ အညွှန်းကိန်းမှာ ဇန်နဝါရီလတွင် ၉၃.၉ ရှိခဲ့ရာမှ ဖေဖော်ဝါရီလတွင် ၉၆.၂ သို့ တိုးမြှင့်ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါမဖြစ်ပွားမီ ညွှန်းကိန်းအဆင့်သို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်က ပြောကြားခဲ့သည်။

          အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေး မောင်းနှင်အား တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍအနေဖြင့်လည်း ယခင်၂၀၂၂ ခုနှစ်၊ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုဦးရေ ၁၁.၅ သန်း အထက်ကို ကျော်လွန်၍ ယခုနှစ်တွင် ၂၅ သန်းမှ ၃၀ သန်း အကြား ရောက်ရှိရန် မျှော်လင့်ထားကြောင်း ထိုင်းအစိုးရ ပြောကြားခဲ့သည်။

          တရုတ်နိုင်ငံ နယ်စပ်ဝင်/ထွက်ပေါက်များ ပြန်လည်ဖွင့်လှစ်နေမှုများအပါအဝင် စက်မှုကုန်ကြမ်း ကုန်ကျစရိတ် သက်သာစေမှုများကလည်း ကောင်းမွန်သည့်ရလဒ်များဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ Mr. Kriengkrai Thiennukul က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

          စက်မှုကဏ္ဍညွှန်းကိန်းများအရ စက်မှုလုပ်ငန်းစီမံကိန်းများသည် ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း တိုးတက်နေခဲ့ပြီး နောင်(၃)လအထိ တိုးတက်ဖွယ်ရှိကြောင်း ဆိုသည်။

          ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ Mr. Kriengkrai Thiennukul က ထိုင်းအစိုးရသစ် မဖွဲ့စည်းမီ အချိန်ထိ စီးပွားရေးအထောက်အပံ့ အစီအစဉ်ကဲ့သို့ ဘတ်ဂျတ်ငွေထုတ်ချေးပေးမှုများကို အစိုးရအနေဖြင့် ဆက်လက်ဆောင်ရွက်ပေးစေလိုကြောင်းနှင့် အစိုးရသစ်ကို ဩဂုတ်လတွင် ဖွဲ့စည်းသင့်ကြောင်း ပြောကြားထားသည်။

          မေလတွင် ကျင်းပမည့် ထိုင်းအစိုးရ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်၌လည်း လုထုအတွက် အသုံးစရိတ်များကြောင့် ၎င်းတို့ စက်မှုကဏ္ဍဖွံဖြိုးတိုးတက်မှုအပေါ် အဟန့်အတားဖြစ်စေနိုင်မှုကို ရှောင်ရှားပေးရန် ထိုင်းစက်မှုလုပ်ငန်းရှင်များက အစိုးရသို့ တိုက်တွန်းထားရှိသည်။         

          ငွေကြေးဖောင်းပွမှုများနှင့် ငွေကြေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်း၊ ကမ္ဘာလုံးဆိုင်ရာ အတိုးနှုန်းများမြင့်မားနေချိန် ကမ္ဘာ့ဝယ်လိုအားများလည်း ကျဆင်းနေသကဲ့သို့ ထိုင်းပို့ကုန် လျော့ကျနေမှု များကို စိုးရိမ်နေဆဲဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

          ကမ္ဘာ့ဝယ်လိုအားများ ကျဆင်းနေချိန် ထိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ပို့ကုန်တင်ပို့နိုင်မှုသည် ဇန်နဝါရီလတွင် လေးလဆက်တိုက် ကျဆင်းနေခြင်း ဖြစ်ပါသည်။ ယခုနှစ်အတွက် ထိုင်းနိုင်ငံ၏ ပို့ကုန်တင်ပို့နိုင်မှုသည် ယမန်နှစ်နှင့် တန်းတူ (သို့မဟုတ်) ၁ % လျော့ကျနိုင် သည်ဟု ထိုင်းနိုင်ငံ၊ စက်မှုလုပ်ငန်းအဖွဲ့ချုပ်က မျှော်မှန်းထားခြင်း ဖြစ်ပါသည်။

 Source;https://www.businesstimes.com.sg/international/asean/thai-industrial-sentiment-near-4-year-high-feb-tourism-recovers

International Trade News

Pages