ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများမှ အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများအပေါ် ဝေဖန်မှုများ သိသာစွာပေါ်ပေါက်

Tue, 01/03/2023 - 04:56 -- wtodep

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၄ ရက်နေ့၌ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမေရိကန် ပြည်ထောင်စု၏ ၁၅ ကြိမ်မြောက် ကုန်သွယ်ရေးမူဝါဒများကို ဆန်းစစ်မှုအစည်းအဝေးတွင် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများမှ အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများကို ပြစ်တင်ဝေဖန် မှုများ ပေါ်ထွက်ခဲ့ကြောင်း Xinhua သတင်းစာက ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၊ ဥရောပသမဂ္ဂ (EU)၊ ကနေဒါနိုင်ငံ၊ တူရကီနိုင်ငံနှင့် အခြားကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများက အမေရိကန်နိုင်ငံအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံ၏ တာဝန်ဝတ္တရား များကို ဖြည့်ဆည်းဆောင်ရွက်ရန်နှင့် တစ်ဖက်သတ်ဝါဒနှင့် ပြည်တွင်းလုပ်ငန်းများကို အကာ အကွယ်ပေးရေးဝါဒများ ကျင့်သုံးဆောင်ရွက်ခြင်းကို ရှောင်ရှားရန် အပြင်းအထန်တိုက်တွန်းခဲ့ ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ တရုတ်သံအမတ်ကြီးဖြစ်သူ Li Chenggang က အမေရိကန်နိုင်ငံ သည် နိုင်ငံစုံမူဝါဒကို ကြွေးကြော်လေ့ရှိသော်လည်း နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ အခြေခံမူများကို ဆန့်ကျင်သည့် အစီအမံများကို ချမှတ်ဆောင်ရွက်ကြောင်း၊ နိုင်ငံအားလုံး မျှတစွာ ယှဉ်ပြိုင်ရန် ကြွေးကြော်သကဲ့သို့ ၎င်း၏ စက်မှုလုပ်ငန်းများ အင်အားကြီးမားလာစေရေးအတွက် အထောက် အပံ့ပေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စည်းမျဉ်းများနှင့် အခြား အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားကို ဂရုမထားဘဲ နိုင်ငံတကာစည်းမျဉ်းများထက် ၎င်း၏ ပြည်တွင်းဥပဒေများကို အမေရိကန်နိုင်ငံ  ဦးစားပေးကာ “American First”သဘောထားကို လိုက်နာကျင့်သုံးနေသောကြောင့် နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ဖျက်စီးသူဖြစ်ကြောင်း၊ စီးပွားရေးနှင့် နည်းပညာအင်အားကြီးမှုကို အသုံးပြု၍ အခြားအဖွဲ့ဝင်နိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ ဘုံအကျိုး စီးပွားထက် ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ Li Chenggang က အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများနှင့် စံချိန်စံနှုန်းများ ကွဲပြားစွာချမှတ်၍ အခြားအဖွဲ့ဝင်နိုင်ငံများအား စည်းမျဉ်းစည်းကမ်းနှင့် ပွင့်လင်းမြင်သာမှုကို တိုးမြှင့်ဆောင်ရွက်ရန် တွန်းအားပေးပြီး ၎င်းကိုယ်တိုင်ကမူ ကန့်သတ်မှုပြုကာ ခွဲခြားဆက်ဆံသည့် စက်မှုမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ကြောင်း၊ အမေရိကန်နိုင်ငံသည် အမျိုးသား လုံခြုံရေးသဘောတရားကို အကြောင်းပြလျက် စစ်အေးတိုက်ပွဲအသွင် ကိုင်စွဲထားပြီး ကမ္ဘာ့ ထောက်ပံ့ရေးကွင်းဆက်ကို ခွဲခြားဆောင်ရွက်ခြင်းနှင့် ပြတ်တောက်စေခြင်းတို့ဖြင့် အဟန့် အတားများ ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဥရောပသမဂ္ဂသံအမတ်ကြီးဖြစ်သူ Joao Aguiar Machado က အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒတွင် ပြည်တွင်းအကျိုးစီးပွားကို ဦးစားပေးသည့် သဘော ထားများ အခိုင်အမာရှိနေကြောင်း၊ ဥရောပသမဂ္ဂနှင့် အခြားကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ဝင်များမှ အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေ (the Inflation Reduction Act - IRA) ကို လက်ခံကျင့်သုံးခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေကြောင်း၊ အဆိုပါဥပဒေအရ မော်တော်ယာဉ်အပါအဝင် အရေးပါသော နည်းပညာကဏ္ဍများ၌ အမေရိကန်ထုတ်လုပ်သူများကို မျက်နှာသာရစေသော အထောက်အပံ့များပေးအပ်ထားကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ကနေဒါနိုင်ငံသံအမတ်ကြီးဖြစ်သူ Nadia Theodore က ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စည်းမျဉ်းအခြေခံသော ကုန်သွယ်မှုစနစ်တို့ကို ထိခိုက်စေနိုင်သည့် အမေရိကန်ကုန်သွယ်ရေးမူဝါဒများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိကြောင်း၊ "Buy America" ​​ဥပဒေနှင့် ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေတို့သည် အမေရိကန်နိုင်ငံ၏ နိုင်ငံစုံကုန်သွယ်မှုစနစ်တွင် ယှဉ်ပြိုင်နိုင်စွမ်းကို စိန်ခေါ်မှု ဖြစ်စေကြောင်း ပြောကြားခဲ့ပါသည်။

ထို့အတူ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ နယူးဇီလန်နိုင်ငံသံအမတ်ကြီးဖြစ်သူ Clare Kelly က အမေရိကန်နိုင်ငံ၏ ဥပ​ဒေသည် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများအပေါ် ထိခိုက်နစ်နာ စေကြောင်း ပြောကြားခဲ့ပါသည်။

 ရုရှားနိုင်ငံသံအမတ်ကြီးဖြစ်သူ Dmitry Lyakishev က အမေရိကန်နိုင်ငံသည် စည်းမျဉ်း ၂ ခု သတ်မှတ်ပြီး ခွဲခြားကျင့်သုံးခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများကို ရွေးချယ်၍ လိုက်နာကျင့်သုံးခဲ့ကြောင်း၊ ကြေညာချက်အရ "သံမဏိနှင့် အလူမီနီယံ" အငြင်းပွားမှု ကိစ္စရပ်များတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင် ရွက်ရန် ချိုးဖောက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခြေခံကျသော လိုက်နာရမည့် တာဝန်များကို ငြင်းဆိုထားကြောင်း၊ အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စည်းမျဉ်းများကို ပြောင်ပြောင်တင်းတင်းလျစ်လျူရှု၍ အကာအကွယ်ပေးရေးဝါဒမှ ရုန်းမထွက် နိုင်ဘဲ အဆက်မပြတ် ဆောင်ရွက်နေခဲ့ကြောင်း ပြောကြားခဲ့သည်။

တူရကီသံအမတ်ကြီးဖြစ်သူ Alparslan Acarsoy က အမေရိကန်နိုင်ငံသည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့စည်းမျဉ်းများကို သိသာစွာချိုးဖောက်၍ အလူမီနီယံနှင့် သံမဏိကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် အခွန်ထပ်မံကောက်ခံထားကြောင်း၊ နိုင်ငံစုံကုန်သွယ်မှုစနစ် ထိခိုက်ပျက်စီး ခြင်းကို ရှောင်ရှားနိုင်ရေးအတွက် အမေရိကန်နိုင်ငံ၏ ထပ်တိုးအခွန်အစီအမံများချမှတ်ခြင်းကို ရုတ်သိမ်းပေးရန် တောင်းဆိုလိုကြောင်း၊ အမေရိကန်နိုင်ငံသည် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံစုံ ကုန်သွယ်မှုစနစ်အပေါ် ယုံကြည်မှုကို စနစ်တကျ ဖျက်စီးနေကြောင်း ပြောကြားခဲ့ပါသည်။

Source: https://english.news.cn/20221215/95fe9a0ddf054d55a1ec265db14ede02/c.html

International Trade News

Pages