ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို ကူညီရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းရန်ပုံငွေ ယန္တရားကို စတင်လည်ပတ်နေပြီဖြစ်

Mon, 11/28/2022 - 03:59 -- wtodep

   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ငါးလုပ်ငန်းဆိုင်ရာ အထောက်အပံ့ပေးမှုသဘောတူချက်မှ အဓိက ကတိကဝတ်မှာ ယခုအခါ ထိရောက်စွာအကောင်အထည်ဖော်နေပြီဖြစ်ပါသည်။ အထူးသဖြင့် WTO ငါးလုပ်ငန်းဆိုင်ရာသဘောတူညီချက်မှ အဆိုပြုထားသည့် ရန်ပုံငွေယန္တရားမှာ ယခုအခါ ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကာ၊ ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို ထောက်ပံ့ရန်အတွက် အလှူငွေများကိုလက်ခံရန် အသင့်ရှိနေပြီဖြစ်ပါသည်။ ၎င်းရန်ပုံငွေကို အန္တရာယ်ဖြစ်စေနိုင်သော ငါးလုပ်ငန်းနှင့်ပတ်သက်သည့် အထောက်အပံ့ပေးနေမှုများကို တားဆီးရန်အတွက် အကောင်အထည်ဖော်ရာတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ဘတ်ဂျက်၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးတွင် ရန်ပုံငွေမှာ မည်သို့လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် ၎င်း၏ခန့်မှန်းဘတ်ဂျက်ငွေကို WTO အဖွဲ့ဝင်များအား အကြမ်းဖျဉ်းချပြသည့် အသိပေးအကြောင်းကြား ချက်ကို WTO အတွင်းရေးမှူးရုံးက တရားဝင်ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။

   ပြီးခဲ့သည့် ဇွန်လအတွင်း ကျင်းပခဲ့သည့် WTO ၏ (၁၂) ကြိမ်မြောက်ဝန်ကြီးအဆင့်ညီလာခံတွင်ချမှတ်ခဲ့သည့် WTO ၏ ငါးလုပ်ငန်း ဆိုင်ရာထောက်ပံ့မှုသဘောတူချက်၏ တစ်စိတ်တစ်ပိုင်းတစ်ခုအနေဖြင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရန်ပုံငွေယန္တရားအသစ်ကိုထူထောင်ရန် ထောက်ခံခဲ့ကြပါသည်။ သဘောတူညီချက်အောက်တွင် စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်ရေးအတွက် ရည်ရွယ်ထားသော နည်းပညာ အကူအညီနှင့် စွမ်းရည်မြှင့်တင်ခြင်းတို့ဖြင့် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှု အနည်းဆုံးအဖွဲ့ဝင်နိုင်ငံများအား ပံ့ပိုးပေးရန် မိမိတို့ဆန္ဒအလျောက် ထည့်ငွေမှုများကို လက်ခံသွားမည်ဖြစ်ပါသည်။ ယခုအခါ ရန်ပုံငွေကို လည်ပတ်ဆောင်ရွက်နိုင်ပြီဖြစ်၍ အလှူရှင်များက ရန်ပုံငွေကို စတင်ထည့်ဝင်နိုင်ကြပြီဖြစ်ပါသည်။

   အဆိုပြုထားသောရန်ပုံငွေအား ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ အပြည်ပြည်ဆိုင်ရာလယ်ယာဖွံ့ဖြိုးရေးရန်ပုံငွေ နှင့် ကမ္ဘာ့ဘဏ်အုပ်စုကဲ့သို့သော WTO ၏ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ သက်ဆိုင်ရာကျွမ်းကျင်သူများဖြင့် လည်ပတ်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ကနဦးအစတွင် ထည့်ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင်ဖြင့် ရန်ပုံငွေအလှူခံမှုပြီးစီးပါက အမေရိကန်ဒေါ်လာ သန်း ၂၀ ဝန်းကျင်ခန့်ရရှိမည်ဟု ရည်ရွယ်ထားပါသည်။  

   ဤငါးလုပ်ငန်းဆိုင်ရာသဘောတူညီချက်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်ရွယ်ချက်ကို ဗဟိုပြုထားသည့် ပထမဆုံးသော WTO ၏ သမိုင်းမှတ်တိုင်စိုက်ထူသော သဘောတူညီချက်ဖြစ်ကာ တရားမဝင်သော၊ အစီရင်ခံမှုမရှိသော၊ စည်းမျဉ်းများဖြင့် ထိန်းကျောင်းမှု မရှိသောငါးဖမ်းမှုများသို့ ပံ့ပိုးကူညီနေသည့်အထောက်အပံ့များကို  တားမြစ်ထားပါသည်။ WTO အဖွဲ့ဝင် ၁၆၄ နိုင်ငံ၏ သုံးပုံနှစ်ပုံက လက်ခံပြီး သည်နှင့် ဤသဘောတူညီချက် အသက်ဝင်လာမည်ဖြစ်ပါသည်။ စည်းမျဉ်းများ အသက်ဝင်လာကာ သမုဒ္ဒရာရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ငါးဖမ်းလုပ်ငန်းအပေါ်မှီခိုသူများအတွက် အကျိုးဖြစ်ထွန်းစေရေးအတွက် သဘောတူညီချက်ကို အဖွဲ့ဝင်နိုင်ငံများ ဘက်မှ တရားဝင်လက်ခံရန် လိုအပ်သောပြည်တွင်း အဆင့်များကို ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက်လည်း WTO က အဖွဲ့ဝင်များထံ တောင်းဆိုထားပါသည်။

   WTO ၏ (၁၃) ကြိမ်မြောက်ဝန်ကြီးအဆင့်ညီလာခံ (MC 13)တွင် ငါးလုပ်ငန်းဆိုင်ရာထောက်ပံ့မှု ဘက်စုံသဘောတူညီချက် ပြုလုပ်နိုင်ရန် ထူးခြားသည့်ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးရန်ကိုလည်း သဘောတူညီချက်၌ အဖွဲ့ဝင်များက ကတိကဝတ် ပြုထားပါသည်။ ဤစေ့စပ်ညှိနှိုင်းမှုများမှာ ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုအနည်းဆုံး အဖွဲ့ဝင်နိုင်ငံများအတွက် သင့်လျော်သည့်အထူးနှင့် သီးခြားအခွင့်အရေးများနှင့်အညီ အလွန်အကျွံငါးဖမ်းခြင်း၌ပါဝင်နေသည့် ငါးလုပ်ငန်းဆိုင်ရာ အထောက်အပံ့အချို့အပေါ်  စည်းမျဉ်းများ ထပ်ဆောင်း၍  ဖွံ့ဖြိုးချမှတ်သွားရန် ရည်ရွယ်ပါသည်။

   အန္တရာယ်ဖြစ်စေသော ငါးလုပ်ငန်းဆိုင်ရာ အထောက်အပံ့ပေးမှုများကို ပိုမိုစည်းကမ်းရှိရန် “ဒုတိယလှိုင်း” စေ့စပ်ညှိနှိုင်းမှုကို မည်သို့ချဉ်းကပ်ရမည်ဟူသည့်အပေါ် ဆန်းသစ်သည့်စိတ်ကူးများနှင့် အတွေးအခေါ်များကိုမျှဝေရန်အတွက်  WTO အဖွဲ့ဝင်များက အောက်တိုဘာ ၁၀ ရက်က အလွတ်သဘောတွေ့ဆုံမှုလည်း ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: https://www.wto.org/english/news_e/news22_e/fish_08nov22_e.htm

ဖြူဖြူစိုး

ဒု-ဦးစီးမှူး

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages