ကြက်သွန်နီကို ပစ်ပယ်ထားသလား

Wed, 01/31/2018 - 04:09 -- admin_ygn

         မြန်မာနိုင်ငံသားများအတွက် ကြက်သွန်နီ အပါအဝင် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့သည် နေ့စဉ်ထမင်းနှင့်ဟင်းလျာတွင် မပါမဖြစ်ပစ္စည်း များဖြစ်သည်။ ဆန်၊ ဆီတို့ ကိုအစိုးရဌာနဆိုင်ရာ များအပြင် ကုန်သည်များ၊ စားသုံးသူများအားလုံး ကအလေးအနက်ထားပြီး စိုက်ပျိုးမှုတိုးတက်ရေး၊ အထွက်နှုန်းတိုးတက်ရေး၊ တောင်သူများအရင်း အနှီးရရှိရေး၊ တောင်သူအခွင့်အလမ်းအကျိုး  စီးပွား ကာကွယ်ရေးတို့ကိုပါ အလေးအနက်ထား ဆောင်ရွက်ကြပါသည်။ ကုန်သည်များဘက်မှ လည်းတိုးတက်ရေးများကို အမျိုးမျိုးတွေးတောကြံဆ ဆောင်ရွက်ကြသည်ကိုတွေ့နေရသည်မှာ အားရ စရာဖြစ်ပါသည်။ ပြည်တွင်းစား သုံးမှု အပြင် ပြည်ပသို့ဆန်တင်ပို့မှုတွင်လည်း နှစ်ပေါင်း ၅၀- ၆၀ အတွင်းစံချိန်သစ်ပင်တင်နိုင်ပြီဖြစ်ပါသည်။ ဆီထွက်သီးနှံအပိုင်းတွင်လည်း နှမ်းနှင့်မြေပဲ တင်ပို့မှုသည် တိုးတက်လျက်ရှိသည်မှာအားရ စရာဖြစ်ပါသည်။ သို့ေ သာ်လည်းမြန်မာ့ဟင်းလျာတွင်အထောင်းခံပြီး အမြဲပါရသည့်ငရုတ်သီးနှင့် ကြက်သွန်နီတို့ သည် ပညတ်သွားရာဓါတ်သက်ပါဆိုသကဲ့သို့ အထောင်းခံရန် မွေးဖွားလာသလားဟုထင်စရာ ဖြစ်နေပြီလားဟု သူတို့နေရာမှတွေးကြ ည့် မိပါသည်။ ငရုတ်သီးကိုကြည့်လျှင် ယနေ့အထိအညာ တွင် စိုက်ပျိုးထုတ်လုပ်နေသော်လည်း တိုးတက်မှု မှာအားရစရာမရှိပါ။ ပြည်ပသို့လည်းမှိုဆိပ်ကြောင့် တင်ပို့ရန်မဖြစ်နိုင်ပါ။ ပြည်တွင်းတွင်လည်းငရုတ် သီးထုတ်လုပ်မှု သည် တစ်နိုင်တစ်ပိုင်ထုတ်လုပ်မှု များသာများပြားခြင်း၊ ကျန်းမာရေးနှင့်မလျော်ညီ သောထုတ်လုပ်မှုများသာ များပြားခြင်းတို့ကြောင့် တိုးတက်ရမည့်အစား ပြည်ပမှဝင်လာသည့်ငရုတ် သီးနီနီများကိုသာ နောင်တွင်စားသုံးရေ တာ့မည့် အခြေအနေဖြစ်လာပါပြီ။ မန္တလေးမြို့အနီးငရုတ် သီးမှုန့်ထုတ်လုပ်နေသော ရွာတစ်ရွာကို   သွား ရောက်လေ့လာဖူးပါသည်။ မြေပြင်ညီတွင်ပြုလုပ် ထားသော ကျင်းအတွင်းသစ်သားကျည်ပွေ့ဖြင့် ထောင်းပြီးအမှုန့်ပြု လုပ်ခြင်းဖြစ်ပါသည်။ ငရုတ် သီးကုန်ကြမ်းကိုလည်း အိတ်များဖြင့်သယ်လာပြီး ကြမ်းပေါ်တွင်စုပုံပါသည်။ ဖလံဟုခေါ်သော    မအောင်မမြင်ဖြူဖတ်ဖြူရော်ငရုတ်အပိန်အလိန် များကို ကိုင်တွယ်ရလွယ်အောင် ရေလေးအနည်း ငယ်လောင်းပါသည်။ ထို့နောက် လူအားဖြင့် ထောင်းပါသည်။ ထောင်းနေသည့်နေရာအနီးတွင် မီးဖိုချောင်၊ ရေချိုးသည့်နေရာ၊ တစ်ခါတစ်ရံ အိမ်သာများနှင့် အလှမ်းမဝေးပါ။ ထောင်းသည့်သူ ကလည်းလက်ဆေးခြင်းကို အချိန်ရမှသာလုပ်နိုင် ပါသည်။ ထောင်းနေသည့်ငရုတ်သီးသည်ဖလံ ဖြစ်သဖြင့် အရောင်မှာဖြူဖတ်ဖြူရော်သာဖြစ် သဖြင့်ရောင်းပန်းလှစေရန် ဆိုးဆေးအနီကိုထည့် ကြပါသည်။ အဆိုပါဆိုးဆေးသည်ဆိုးဆေး ရောင်းသည့် ဆိုင်များတွင်ဈေးအသက်သာဆုံး နှင့် အနီဆုံးဖြစ်မည့် ဆိုးဆေးကိုဝယ်ယူထည့်သုံးကြခြင်းဖြစ်ပါသည်။  စားမည့်သူအန္တရာယ်ဖြစ်မဖြစ် ကိုသူတို့မသိကြပါ။ ဤလုပ်ငန်းစဉ်များပြီးဆုံးသည့် အခါ ရောင်းချရန်အသင့်ဖြစ်နေသည့် ငရုတ်သီး မှုန့်နီနီလေးများရပြီဖြစ်ပါသည်။ ထို့နောက်ပီနန် အိတ်များဖြင့်ထုပ်ပိုးပြီး မန္တလေးမြို့ဈေးချို၊ ရတနာပုံဈေးစသော ဈေးကြီးများသို့သွားရောက် သွင်းကြပါတယ်။ ဤသို့ဤပုံလုပ်လျှင် စားသုံးသူ များအတွက် ကင်ဆာ ကဲ့သို့ဘေးဆိုးကြီးများဖြစ် နိုင်သည်ဟုပြောပြပြီး စားသုံးကုန်ပစ္စည်းတွင်သုံး ၍ရသောဆိုးဆေးများသာသုံးရန်၊ သန့်သန့်ရှင်း ရှင်းကိုင်တွယ်ရန်၊ မကိုင်မီနှင့်ကိုင်ပြီးလက်ကိုေ သချာဆေးရန်စသည်စသည် များပြောပြသည့်အခါ သူတို့အနေဖြင့် ပြုပြင်လိုကြပါသည်။ သို့ရာတွင် ဈေးကြီးများမှ လက်ကားဝယ်ယူသည့် ကုန်သည်များမှ ငရုတ်သီးမှုန့်ဈေးကို နည်းနည်းသာပေးသဖြင့် တွက်ခြေကိုက်စေရန် ဖလံဖြူငရုတ်သီးနှင့် ဈေးပေါသောဆိုးဆေးကို သုံးမှသာဖြစ်ကြောင်း၊ ဈေးနှုန်းဈေးကွက်ကိုသူတို့လုပ်မရသဖြင့် ဖောက် သည်ဝယ်ဈေးဖြင့်သွင်းနိုင်အောင်   လုပ်နေရခြင်း ဖြစ်ကြောင်း၊ သူတို့အတွက်  လုပ်အားခသာသာ သာအကျိုးအမြတ်ရှိကြောင်းသိရပါသည်။ ယင်း ကျေးရွာလေးသည် မန္တလေးမြို့ကြီးနှင့်မဝေးလှ သောနေရာတွင်ရှိသော်လည်း အဆိုပါအသေးစား မိသားစုလုပ်ငန်းငယ်လေးများအတွက် (ကျွန်တော် အမှတ်မှားလျှင် မှားပါမည်) ပညာပေးမည့်သူ၊ အထောက်အပံ့  ပေးမည့်သူ၊ စောင့်ရှောက်ပဲ့ပြင် ပေးမည့်သူ၊ ကူသူကယ်သူမရှိသည့်အခြေအနေမျိုး သာဖြစ်ရင် မန္တလေးမြို့ကြီးအတွက် ကင်ဆာဖြစ် စေသည့် ငရုတ်သီးမှုန့်များကို ဆက်လက်ဖြန့်ေ၀ နေဆဲဖြစ်ပါသည်။ အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း အလားတူလုပ်ငန်းငယ်လေးများရှိနေကြမည်ထင်ပါသည်။

         ကြက်သွန်နီအကြောင်းလည်း တစေ့တစောင်း ကြည့်သည့်အခါ သူလည်းငရုတ်လိုပင် လိမ်ဖယ် လိမ်ဖယ်နှင့် ရုန်းကန်နေရသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့သည် ကြက်သွန်နီကို ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ ပတ်ဝန်းကျင် တွင် ပြည်ပ တင်ပို့မှုတိုးတက် ရေးအတွက်ဟုဆိုကာ  မြေလွတ်မြေရိုင်းများ၊ ချောင်း၊ မြောင်းများတွင် ကုမ္ပဏီများမှ  စိုက်ပျိုး ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ခဲ့ဖူးပါသည်။ ထိုစဉ် အချိန်က အကျိုးအမြတ်ကောင်းသဖြင့် ကြက်သွန် ကုန်သည်များသည်  ပြည်ပတင်ပို့ရေးအတွက် အသင်းအဖွဲ့များဖွဲ့ပြီး  ကြိုးပမ်းခဲ့ကြပါသည်။ ယခုအခါတွင် ကြက်သွန်နီသည် ရာသီဥတုကြောင့် အခက်တွေ့လိုက်၊ အထွက်နည်းလိုက်၊ ပြည်တွင်း ဈေးတက်လိုက်၊ ပြည်ပမှ တရားဝင်ရော မဝင်ရော ကြက်သွန်နီများ ဝင်လာလိုက်၊ ဈေးကျဆင်းသွား လိုက်၊ တောင်သူကစိုက်လိုက် မစိုက်လိုက်၊ မျိုး အပါအဝင် သွင်းအားစုများ၏ ဈေးနှုန်းကြီးမြင့်မှု ကြောင့် ကြက်သွန်နီထုတ်လုပ်မှု ကုန်ကျစရိတ်က တက်လိုက်နှင့် ဂျာအေး သူ့အမေရိုက်သည့် ဇာတ် လမ်းထက်ပင်  လုံးချာလည်လိုက်နေသည်မှာ ကာလအတော်ကြာလာပြီဖြစ်ပါသည်။ ကြက်သွန်နီကို တပ်မတော်အစိုးရလက်ထက်တွင်လည်း အခြေခံစားကုန်ဖြစ်သဖြင့်  ဈေး မတက်စေရန်၊ ပြည်တွင်းဖူလုံစေရန်  ရည်ရွယ်ပြီး   ပြည်ပသို့ တင်ပို့မှုကို   ခွင့်မပြုခဲ့ပါ။ ၂၀၁၀ ခုနှစ်ခန့်တွင် ပြည်ပသို့တင်ပို့မှုကို ခွင့်ပြုလာခဲ့သော်လည်း သဘာဝဘေးအန္တရာယ်ကြောင့်  ပြည်တွင်းကြက်သွန်နီဈေးတက်လာ သည့်အခါ ပြည်ပတင်ပို့မှုကို ပိတ်ခဲ့ကြပါသည်။ ပြည်ပတင်ပို့မှုကို ပိတ်သည့် အပြင် ပြည်ပမှကြက်သွန်နီများကပါ ပြည်တွင်းသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဝင်ရောက် လာပြီး ပြည်တွင်းဈေး ကွက်ကို လှုပ်စေတတ်ပါ သည်။ ယခု သုံးလေးနှစ်အတွင်း မိုးလေဝသ ဖောက်ပြန်မှုကြောင့် ကြက်သွန်နီစိုက်ပျိုးထုတ် လုပ်မှုကိုထိခိုက်သဖြင့် ကြက်သွန်နီဈေးများလည်း ကမောက်ကမဖြစ်နေပါသည်။ ကြက်သွန်နီသည် ပင်ကိုယ်ကပင်  ပုပ်သိုးပျက်စီး လွယ်သဖြင့် ကြက်သွန်နီသိုလှောင်သည့်အခါတွင် ရောင်းဈေး နှုန်းကိုလိုက်ပြီး အလွန်ပင်ထိလွယ်၊ ရှလွယ်စီးပွား ပျက်လွယ်သဖြင့်   ကြက်သွန်နီ   တောင်သူများ၊ သိုလှောင်သူများက ကြက်သွန်နီနှင့်ပတ်သက်ပြီး "ခုန်ဆင်း ခုန်တက် ကြက်သွန်နီ"၊ " ကြေတလက် ကြက်သွန်နီတခုန်" စသဖြင့် ပြောခဲ့ကြပါသည်။
          ကြက်သွန်နီစိုက်တောင်သူများကိုကြည့်လျှင် အလွန်သနားစရာကောင်းပါသည်။  နွေနေပူပူတွင် ကျောပူခံကာရေလောင်းရသည်။  မိုးရိပ်မြင်လျှင် အိပ်မပျော်အောင်စိတ်ပင်ပန်းရသည်။ ပိုးသတ် ဆေးဖျန်းရမည်က သေချာနေသည်။ အခါမဟုတ် မိုးရွာလျှင်လည်း  ရေနင်းပျက်စီးမှုကိုကြုံရနိုင် သည်။ နုတ်ချိန်ရောက်ပြန်တော့ အလုပ်သမား ရှားပါးသဖြင့် ရင်မောရပြန်ပါသည်။ ထွက်လာပြန် လျှင်လည်း  စိတ်မချရသေးပါ။ လှောင်တန်တာ လှောင်၊ ရောင်းတန်တာ ရောင်းရစေရန် ရွေးချယ် ရဦးမည်။ မြို့ပေါ်တက်ရောင်းရသဖြင့် စရိတ်က လည်း တစ်နှစ်ထက်တစ်နှစ် တက်လာသည်ကိုရင် ဆိုင်နေရသည်။ လှောင်ထားပြန်တော့လည်းဈေး ကမသေချာပါ။ ယခုနှ စ်ဆိုလျှင် ကြက်သွန်နီဈေး တက်သဖြင့် ပြည်တွင်း၌  ဈေးကြီးပြီးပြည်ပသို့ မတင်ပို့နိုင်ပါ။ ပြည်ပမှ ကြက်သွန်နီများကိုလည်း တရားမဝင်ရော၊  တရားဝင်ရော တင်သွင်းကြ သဖြင့် ဈေးကမောက်ကမဖြစ်ကာတောင်သူပဲနစ် နာရပြန်ပါသည်။ ကြက်သွန်နီဈေးတက်သည့်အခါ  စားသုံးသူအကျိုးအတွက်ဆိုကာ ကြက်သွန်နီကို တရားဝင် တင်သွင်းခွင့်ပြုပါသည်။ ကြက်သွန်နီ ဈေးမတက်သဖြင့် တောင်သူများ  ခွက်ခွက်လန် အောင်ရှုံးသည့်အခါတွင် တောင်သူအခွင့်အလမ်း အကျိုးစီးပွားကို  ကာကွယ်ပေးမည့်သူမရှိဘဲ အကြွေးနွံတွင်းသာသက်ဆင်းရပါသည်။ ကြက်သွန်စိုက်တောင်သူများသာမစိုက်တော့လျှင်နိုင်ငံခြားမှ ကြက်သွန်နီကိုသာအားကိုးရတော့မည်ဖြစ်ပါသည်။ သို့ရာတွင် ကြက်သွန်နီစိုက်တောင်သူများ အတွက် Safe Guard Law ဆိုတာလည်းမရှိပါ။ Regulation ဆိုတာလည်း  နတ္ထိဖစ်ပါသည်။ စားသုံးသူအတွက် ဈေးသက်သာရင်ကောင်းတာပဲ ဟူသည့် အယူအဆဖြင့်ဆိုလျှင် စိုက် ပျိုးရေးနိုင်ငံ ဘဝမှရွေ့ပြီး  အခြားနိုင်ငံများထံမှလယ်ယာထွက် ကုန်များကိုပြန်လည်တင်သွင်းစားသုံးရတော့မည် ဖြစ်ပါသည်။ ယခုအတိုင်းသာ ဆက်လက်သွား နေရမည်ဆိုပါက ကြက်သွန်နီစိုက်တောင်သူများ ဘဝမှာလုံး ပါးပါးပြီး ကြက်သွန်အစားအခြားသီးနှံ ပြောင်းစိုက်ရမည်မှာ  သေချာသလောက်ရှိနေပြီ ဖြစ်ပါသဖြင့် ငရုတ်နှင့် ကြက်သွန်နီအရေးကိုဖြင့် သက်ဆိုင်ရာက စာနာသနားကြိုးစားဆောင်ရွက် မပေးလျှင် မြန်မာ့ငရုတ်နှင့်  ကြက်သွန်နီ သည်ဂျုံ နှင့် ကြက်သွန်ဖြူများကဲ့သို့ဖြစ်လာပြီး အရုပ်ရေး ပြရမည့် အခြေအနေကို မကြာမီရောက်နိုင် ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

မျိုးသူ (ကုန်သွယ်မြှင့်)

Local Trade News

Pages

Border Trade News

Pages