COVID-19 ကာလအတွင်း ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချမှုအပေါ် အစိုးရအာဏာပိုင်များ အနေဖြင့် ထိန်းကျောင်းသင့်သည့် နည်းလမ်းများကို UNCTAD က အကြံပြု

Wed, 09/16/2020 - 09:10 -- competition

ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းများအချင်းချင်း ပူးပေါင်းခြင်း၊ စီးပွားရေးလုပ်ငန်း တစ်ခုမှ အခြားစီးပွားရေးလုပ်ငန်းတစ်ခုကို ဝယ်ယူခြင်းများသည် အခြားပြိုင်ဘက်စီးပွားရေး လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျစေရန်ရည်ရွယ်ပါက၊ ဈေးကွက်ကို စိတ်ကြိုက် ခြယ်လှယ်ရန်ရည်ရွယ်ပါက ယှဉ်ပြိုင်မှုဥပဒေအရ တားဆီးအရေးယူလျက်ရှိပါသည်။

ထို့အတူ စီးပွားရေးလုပ်ငန်းတစ်ခုသည် ဈေးကွက်အတွင်းလွှမ်းမိုးထားမှုအခြေအနေကို အလွဲသုံးစားပြုပြီး ထုတ်လုပ်မှုနှင့် ဈေးနှုန်းများကို မတရားသဖြင့် ထိန်းချုပ်နေပါကလည်း သုံးစွဲသူများကို နစ်နာစေသည့်အတွက် ယှဉ်ပြိုင်မှုဥပဒေများဖြင့် အရေးယူတားဆီးလျက်ရှိပါသည်။

သို့သော် ယခုလတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ကြောင့် ဈေးကွက်များအပေါ် သက်ရောက်လာနိုင်သည့် ဆိုးကျိုးများကို တိုက်ဖျက်ချေမှုန်းနိုင်ရန်အတွက် တတ်နိုင်သမျှ နည်းလမ်းမျိုးစုံကို အသုံးပြုသွားကြရန် UNCTAD က ယှဉ်ပြိုင်မှုအာဏာပိုင်များကို တိုက်တွန်းပြောကြားထားပါသည်။

သာမန်အခြေအနေများတွင် ဈေးကွက်အတွင်း ဈေးနှုန်းလျော့ကျနေစေရန်အတွက် ယှဉ်ပြိုင်မှုရှိနေစေရန်လိုအပ်သော်လည်း COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိ ဈေးကွက်များကို အကြီးအကျယ်ထိခိုက်ပျက်စီးစေလျက်ရှိသောကြောင့် စီးပွားရေးကဏ္ဍကြီးတစ်ခုလုံး ဆက်လက်ရှင်သန်နိုင်ရန်အတွက် ယှဉ်ပြိုင်မှုဆိုင်ရာစည်းမျဉ်းစည်းကမ်းအချို့ကို ကင်းလွတ်ခွင့်များပေးနေရပါသည်။

ဤကပ်ရောဂါကာလအတွင်း ပြည်သူများ၏အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်ရန်အတွက် ယှဉ်ပြိုင်မှုအာဏာပိုင်များသည် ယှဉ်ပြိုင်မှုဥပဒေလေးစားလိုက်နာရေးကို အလိုက်သင့် ချိန်ညှိဆောင်ရွက်နေကြရပါသည်။

အမေရိကန်ပြည်ထောင်စုသည် အရေးပေါ်ကာလအတွင်း စီးပွားရေးလုပ်ငန်းများပူးပေါင်း ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး တိကျသည့်လမ်းညွှန်ချက် (COVID-19 နှင့်ပတ်သက်သည့် Antitrust Statement) ကို ပြဌာန်းခဲ့ပါသည်။

ထိုနည်းတူစွာပင် ကနေဒါနှင့် ဂျာမနီနိုင်ငံတို့မှ ယှဉ်ပြိုင်မှုအာဏာပိုင်များကလည်း ခိုင်လုံသောအကြောင်းပြချက်များရှိပါက ဈေးကွက်တစ်ခုတည်း၌ ယှဉ်ပြိုင်နေသော ကုမ္ပဏီများအကြား ယှဉ်ပြိုင်မှုဆိုင်ရာအကျိုးရှိမည့် သဘောတူညီချက်များကို ခွင့်ပြုထားပါသည်။

ဂျာမနီနိုင်ငံကလည်း လက်လီလုပ်ငန်းနှင့် စူပါမားကတ်ဈေးကွက်များတွင် ပူးပေါင်းဆောင် ရွက်မှုများကို ခွင့်ပြုပေးလျက်ရှိပြီး ကနေဒါနိုင်ငံသည်လည်း တန်ဖိုးသင့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ သယ်ယူပို့ဆောင်မှုကို ထောက်ပံ့ပေးရန် ပူးပေါင်းဆောင်ရွက်မှုကို ခွင့်ပြုပေးထားပါသည်။

အလားတူပင် ယူကေနိုင်ငံမှ ယှဉ်ပြိုင်မှုနှင့် ဈေးကွက်ဆိုင်ရာ အာဏာပိုင်များက စားနပ်ရိက္ခာအထောက်အပံ့များ ဆက်လက်ရရှိစေရန်အတွက် လက်လီအရောင်းဆိုင်များကို ယာယီ ပူးပေါင်းဆောင်ရွက်ခွင့်ပြုထားပါသည်။

ကဏ္ဍအလိုက် လုပ်ဆောင်ချက်များ

-------------------------------------

အချို့သောအစိုးရများအနေဖြင့် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးအပေါ် ဂယက်ထသက်ရောက်မှုကို လျှော့ချနိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများလိုက်နာရမည့် ယှဉ်ပြိုင်မှုဆိုင်ရာ စည်းမျည်းစည်းကမ်းများမှ ကင်းလွတ်ခွင့်အဆင့်အမျိုးမျိုးပေးထားသော သက်ဆိုင်ရာကဏ္ဍများအလိုက် ပြဌာန်းချက်များ ထုတ်ပြန်ခဲ့ပါသည်။

ဥပမာအားဖြင့် တောင်အာဖရိကနိုင်ငံသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ခြင်းအား ယှဉ်ပြိုင်မှုဥပဒေမှ ကင်းလွတ်ခွင့်ပေးထားပြီး နော်ဝေနိုင်ငံသည်လည်း လေကြောင်းပို့ဆောင်ရေးကဏ္ဍကို ယှဉ်ပြိုင်မှုဥပဒေမှ (၃)လအထိ ကင်းလွတ်ခွင့်ပေးခဲ့ပါသည်။

ဈေးကွက် စောင့်ကြည့်တုံ့ပြန်ခြင်း

-----------------------------------

ကပ်ရောဂါပျံ့နှံ့ခြင်းကြောင့် ကျန်းမာရေးအကျပ်အတည်းမှသည် စီးပွားရေးအကျပ် အတည်းသို့ ပြောင်းလဲဖြစ်ပေါ်လျက်ရှိရာ ကမ္ဘာတစ်ဝှမ်းမှ ယှဉ်ပြိုင်မှုအာဏာပိုင်များသည် ဈေးကွက်ပြောင်းလဲမှုများကို အနီးကပ်စောင့်ကြည့် တုံ့ပြန်လျက်ရှိပါသည်။

နိုင်ငံအများအပြားတွင် ပြည်သူများ အရေးတကြီးလိုအပ်သည့် ကုန်ပစ္စည်းများ ဈေးနှုန်း အလွန်အကျွံမြင့်တက်လာခြင်းကို ရင်ဆိုင်နေရလျက်ရှိပါသည်။

ထို့ကြောင့် ယူကေ၊ ပြင်သစ်၊ ဘရာဇီး၊ ရုရှားနှင့် အီတလီနိုင်ငံ အစိုးရများအနေဖြင့် ကုန်ပစ္စည်းများ ဈေးနှုန်းအလွန်အကျွံမြှင့်တင်ခြင်းများကို စောင့်ကြည့်ခြင်း၊ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်တို့ကဲ့သို့သော ဝယ်လိုအားအလွန်မြင့်မားလျက်ရှိသည့် ကုန်ပစ္စည်းများကို ဈေးနှုန်းထိန်းချုပ်ထားပေးခြင်းတို့ကို ပြုလုပ်ပေးကြရန် စားသုံးသူများက မျှော်လင့်လျက်ရှိကြသည်။

တားဆီးကာကွယ်ရေး အစီအမံတစ်ခုအနေဖြင့် လက်လီရောင်းချသူများနှင့် ဆေးရောင်းချသူများက ဈေးနှုန်းများ မတရားမြှင့်တင်ခြင်းမပြုနိုင်ကြစေရန်အတွက် လက်သန့်ဆေးရည် ဈေးနှုန်းကို ထိန်းညှိရန် ပြင်သစ်အစိုးရက အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ကင်ညာနှင့် တရုတ်နိုင်ငံများတွင်လည်း ယှဉ်ပြိုင်မှုအာဏာပိုင်များက ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်များကို ဈေးနှုန်းမတရားမြှင့်တင်သည့် လက်လီရောင်းချသူများအား ပြင်းပြင်းထန်ထန် အရေးယူခဲ့သည်။

သုတေသနနှင့် ဖွံ့ဖြိုးရေး

--------------------------

၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဝက်တုပ်ကွေးနှင့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကဲ့သို့ ကျန်းမာရေးအရေးပေါ် အခြေအနေများတွင် ဆောင်ရွက်ခဲ့သည့်အတိုင်း အစိုးရများက သုတေသနနှင့်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ကြရန် အားပေးတိုက်တွန်းလျက်ရှိကြသည်။

ဥပမာအားဖြင့် ဥရောပကော်မရှင်သည် COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး ကြိုးပမ်းမှုများအတွက် ဥပရောပယှဉ်ပြိုင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများမှ ကင်းလွတ်ခွင့်ပေးထားပါသည်။

ဥရောပနှင့် အမေရိကန်ပြည်ထောင်စုရှိ ဆေးဝါးကုမ္ပဏီများက COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းမှုများနှင့် ယူကေ-တရုတ် ပူးတွဲစီမံကိန်းတို့ကဲ့သို့သော ပူးတွဲသုတေသန စီမံကိန်းများသည်လည်း အဆိုပါကင်းလွတ်ခွင့်များ ရရှိကြပါသည်။

အကြံပြုချက်များ

------------------

ကိုဗစ်-၁၉ အကျပ်အတည်းကာလအတွင်း ဈေးကွက်အတွင်းယှဉ်ပြိုင်မှုကို ကာကွယ်ရန် အတွက် အစိုးရက အောက်ပါ အဓိကလုပ်ဆောင်ချက်(၅)ခုကို ဆောင်ရွက်ရန် UNCTAD က အကြံပြုထားပါသည် -

(၁) အကျပ်အတည်းကာလ၌ပင်ဖြစ်စေ တန်းတူအခြေအနေရှိသည့် ကုမ္ပဏီများအကြား လွတ်လပ်မျှတစွာယှဉ်ပြိုင်နိုင်စေရန်၊

(၂) အခြေခံထုတ်ကုန်များ ပြတ်လပ်မှုမှကာကွယ်ရန် စားသုံးသူများအားလုံးအတွက် တန်ဖိုးသင့်ထုတ်ကုန်များကို ထုတ်လုပ်ဖြန့်ဖြူးနိုင်စေရန် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ယာယီခွင့်ပြုပေးရန်၊

(၃) ပိုးသတ်ဆေးများ၊ နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များကဲ့သို့သော လတ်တလော အရေးကြီးကုန်ပစ္စည်းများ အသင့်ရရှိနိုင်စေရန်အတွက် ဈေးကွက်ကို အနီးကပ်စောင့်ကြည့်ရန်၊ လိုအပ်ပါက ကပ်ရောဂါကာလအတွင်း စားသုံးသူတို့၏ ကျန်းမာရေးကို ကာကွယ်နိုင်ရန်အတွက် ယာယီဈေးနှုန်းသတ်မှတ်ချက် ထားရှိရန်၊

(၄) အကျပ်အတည်းကာလအတွင်း လုပ်ငန်းများမတရားပူးပေါင်းခြင်း သို့မဟုတ် ဈေးကွက်လွှမ်းမိုးမှုအင်အားကို အလွဲသုံးစားပြုခြင်းအားဖြင့် အခွင့်ကောင်းယူသည့် လုပ်ငန်းများကို ယှဉ်ပြိုင်မှုဥပဒေဖြင့် ပြင်းပြင်းထန်ထန် အရေးယူရန်၊

(၅) ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အချိန်ကာလသတ်မှတ်ချက်များကို ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ထူးခြားသောအခြေအနေများနှင့် လိုက်လျော ညီထွေရှိစေရေး ပြင်ဆင်ညှိနှိုင်းရန်၊

Source : https://unctad.org/