ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းသူများ၊ မော်တော်ယာဉ် အရောင်းစင်တာများအနေနဲ့ ပုဂ္ဂလိကဘဏ် ခုနစ်ခုတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်ခွင့်ပြု

Mon, 09/10/2012 - 07:57 -- Anonymous (not verified)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးများ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရ (Authorized Delaler)ဘဏ် ၁၄ ခုအနက် နိုင်ငံခြားရှိ ဘဏ်များနှင့် ချိတ်ဆက်နိုင်သော ဘဏ် ၇ ခုအား ပုံမှန်ပို့ကုန်သွင်းကုန် ကိစ္စများအတွက် စာရင်းဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုပြီဖြစ်ကြောင်း ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။ သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သော စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက် ခွန်ဌာန၊ MFTB, MICB စသည့်ဌာနဆိုင်ရာညှိနှိုင်းအစည်းအဝေးမှဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
"လောလောဆယ် နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရတဲ့ ဘဏ် ၁၄ ခုမှာ ၇ ခုကို ပို့ကုန်သွင်းကုန်ကိစ္စတွေအတွက် စာရင်းဖွင့်လှစ် ဆောင် ရွက်ခွင့်ပြုထားပါတယ်။ ဗဟိုဘဏ်က နောက်ထပ်ခွင့်ပြုပေးတဲ့ ဘဏ်တွေရှိလာရင်လည်း အဲဒီဘဏ်တွေကိုထပ်ပြီး ခွင့်ပြုပေးသွားမှာပါ" ဟု ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ သွင်းကုန်လုပ်ငန်းဌာနခွဲမှ ညွှန်ကြား ရေးမှူး ဦးမင်းမင်းက ကောမတ်စ်ကိုပြောကြားသည်။ အဆိုပါ ဘဏ် ၇ ခု မှာ သမဝါယမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ ယူနိုက်တက် အမရဘဏ် နှင့် ဧရာဝတီဘဏ်တို့ဖြစ်ကြောင်းသိရသည်။
"ပုံမှန် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေအတွက် သာမကပါဘူး။ လူပုဂ္ဂိုလ် တစ်ဦးချင်းလျှောက်ထားတဲ့ မော်တော်ယာဉ်အထူးပါမစ်တွေအတွက်လည်း ဒီဘဏ် ၇ ခုကနေ ဆောင်ရွက်လို့ရပါတယ်။ ဒီဘဏ်တွေရဲ့Bank Statement တွေနဲ့လက်ခံဆောင်ရွက်ပေးပါမယ်။ ဒါ့အပြင် ကားအရောင်းစင်တာ  တွေအနေနဲ့လည်း အမေရိကန်ဒေါ်လာ တစ်သိန်း Deposit ကိုလက်ရှိ MFTB  နဲ့  MICB မှာထားသလိုမျိုး ဒီခွင့်ပြုထားတဲ့ ပုဂ္ဂလိကဘဏ် ၇ ခုမှာလည်း ထားနိုင်ပါတယ်" ဟု ဦးမင်းမင်းကပြောသည်။                                                                                                    
DOT (YGN)