တစ်ပိုင်တစ်နိုင် တံငါသည်လေးများနှင့်ပို့ကုန်ငါးသလောက်

Fri, 12/07/2012 - 10:07 -- Anonymous (not verified)

“ အို ... ငါးကြင်းတွေဆန် . . . . ငါးတန်တွေ .... သောင်ခြေဦးမှာလ . . . . အိုတံငါ . . . လှေယာဉ်စီးပါ လို့ . . . ပိုက်ကြီးကို . . . . ရေချလာ . . . . “ ဟိုအဝေး ထင်းကုန်ရွာလေးရှိ အသံချဲ့စက်မှ သီချင်းသံသဲ့သဲ့လေးကို ကြားနေရသည်။ စစ်တောင်းမြစ်ရေက ကြည်လင် ပြန့်ပြူး၍ သင်ဖြူးခင်းထားသကဲ့သို့ ရှိနေသည်။ အရှေ့ဆီမှ ပေါင်းလောင်းတောင်တန်းက မြစ်ပြင်ပေါ်ဝယ် အရိပ်ထင်နေသည်။ မြန်မာ့ပြက္ခဒိန် လဖြင့် လစဉ်(၈)ရက်နေ့များတွင် ရေက စင်းစင်းသေသည်။ ရေတက်ရေကျလုံးဝမရှိခြင်းကို ခေါ်ဆိုခြင်းဖြစ် သည်။ ယခုလိုရေနုထ သည့် ရက်(၁၂ - ၁၃)ရက်များမှစ၍ ငါးတွေဖမ်းမိတတ်သည်။ ရေထရက် များတွင် ရေက တစ်နေ့(၂)ကြိမ် တက်ပြီး မြန်မာရက် (၂-၃) ရက်နေ့များတွင် ရေအမြင့်ဆုံးတက်ရာ ခေါင်ရေ ဟုခေါ်သည်။ ထိုအချိန်တွင် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းခြင်း သဘောရှိသော ရေတို့သည် ပင်လယ်ဝမှနေ၍ မြစ်အတွင်း မြင်းပြေးသကဲ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြောင်းပြန် စီးဝင် လာကြသည်။ ထိုအချိန်တွင် ရေလုံးကြီးက ဦးဆောင်ကာ တဝေါဝေါ မြည်သံတို့နှင့်အတူ အလွန်လျှင်မြန်သောအရှိန်ဖြင့် မြစ်အတွင်းသို့ စီးဝင်ခြင်းဖြစ်သည်။ ၎င်းကိုတံငါသည်တို့က ဒီရေတက်သည်ဟုခေါ်သည်။ မြစ်အတွင်းရှိရေတို့သည် လည်း ဆားငံရေတို့ဖြင့် ငန်ငြိငြိ ဖြစ်ကုန်တော့သည်။ ဒီရေတက်ချိန်တွင် ကျယ်ပြန့်သော သောင်ပြင်ကြီးများပေါ်သို့ ဒီရေက ဝရုန်းသုန်းကား ပြေးတက်သွားပြီးဒီပြန်ချိန် နေရောင်အောက် သဲသောင်ပြင်တွင် တင်ကျန် ခဲ့ရှာသော ငွေရောင် တောက်ပနေသော ငါးကလေးတို့က ခုန်ဆွခုန်ဆွနှင့် ခုန်ကသလို ဖြစ်နေ သည်မှာ ကပွဲတစ်ခုကြည့်ရ သလိုပင်၊ အချိန်နှင့် ဒီရေကို မခန့်မှန်းနိုင်သော တံငါသည်မျောက် တို့က ငုတ်တုတ်မိပြီး ဒီရေအောက်မှာ အသက်ဆုံးရှုံးရသလို သတိပေါ့လျော့သော တံငါသည် တို့သည်လည်း တံငါသည်လှေ ရေမှာနစ်ကာ ဒီရေနှင့်အတူ ပစ္စည်းရောလူပါ ဆုံးရှုံးတတ် ကြသည်။ ဒီရေတက်ခြင်းသည် ပါးစပ်ရာဇဝင် အိပ်ယာဝင်ပုံပြင်အရ အသကုမ္မာရ မင်းသားနှင့် ဒီရေစောင့် နတ်သမီးတို့၏ ချစ်ပုံပြင်နှင့် ဆက်စပ်သည်ဟု သိရှိခဲ့ရသော်လည်း သိပ္ပံနည်းအရ “လ၏ဆွဲငင်အားကြောင့်“ ဖြစ်ပေါ်လာပြီး ထိုအချိန်တွင် ငါးပိအိုးကြီးများ အတွင်းရှိ ငံပြာရည်တို့ မှာလည်း လျှံထွက် လာကြသည်။ ပိုက်ချက်၏ အလယ်လှေပေါ်မှနေ၍ တံငါသည် ရေပြင်ပေါ်ဝယ် စီတန်း၍ ပေါ်နေသာ ပလပ်စတစ် ဘော့နက် နက်လေးတွေကို မုဆိုးချောင်းလေးလိုက်ကြည့်နေသည်။ တံငါသည် မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက် ချိန်မှာတော့ ပိုက်ဘော့နက်နက်ကလေး တစ်လုံးက ခပ်ဆတ်ဆတ် နိမ့်ချည်ပေါ်ချည် အဆက်မပြတ်ဖြစ်နေသည်။ တံငါသည် လှေကို အသာအယာလှော်ကာ ပိုက်ဘော့လေးကို ဖြည်းညင်းစွာ ဆွဲကြည့်လိုက်ချိန်မှာတော့ မျက်နှာတစ်ပြင်လုံး ဝင်းထိန်သွား သည်။ ဧကန်အမှန် ငါးတစ်ကောင်က ရေထဲရှိ ပိုက်ထဲတွင် ခပ်ကြမ်းကြမ်းတိုးနေလေခြင်းဖြစ်သည်။ တံငါသည် ပိုက်ကို လျှော့ချည်တစ်ခါ တင်းချည်တစ်လှည့် တဖြည်းဖြည်း ဆွဲတင်လိုက်ရာ ပါးစပ်မှ “အား“ ဟူသော အာမေဋိတ်သံနှင့် အတူ (၁)ပိဿာကျော် ကျော်ခန့်ရှိ ငါးသလောက်ကြီး တစ်ကောင်၊ ဒီနေ့ ငါးသလောက် ပေါက်ဈေး တစ်ပိဿာ ကျပ် ၈၀၀၀ိ/- ကျော် ဈေးနှင့် ဆိုရင်တော့ တံငါသည် အတွေးရေယာဉ်ကြောမှာ ခေတ္တမျောပါပြီး သဘာဝ တရားကြီးရယ် ကျေးဇူးပါဘဲ လို့ မုဒိတာပွားလိုက်မိသည်။ တံငါသည် ရေယာဉ်ကြောမှာ လှေယာဉ်ကလေးစီးပြီး အတွေးစိတ်ကူးတို့ ဖြန့်ကျက်ကွန့် မြူးနေရင်းက လှေပေါ် တွင် ပါလာသော မနေ့က သတင်းစာလေးကို လှန်လှော ဖတ်ကြည့်လိုက်ရာ ရေအရင်းအမြစ်မှ ငါးသလောက်များကို ကမ္ဘာပေါ်တွင် ဘင်္ဂလားပင်လယ်အော်၊ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမပင်လယ် ကွေ့စသည့်ဒေသများတွင်သာ ပေါက်ဖွားလေ့ရှိပြီး ဖမ်းယူရရှိနိုင်ကြောင်း ၊ ငါးသလောက်မျိုးစိတ်တွင် ငါးသလောက်နှင့် ငါးသလောက်ယောက်ဖ ငါးမျိုးစိတ်နှစ်မျိုးရှိကြောင်း၊ ငါးသလောက်သည် ပြည်ပပို့ကုန် အဖြစ် ငါးကြင်းပြီးလျှင် ဒုတိယတင်ပု့ိမှု အများဆုံး ဖြစ်ကြောင်း၊ ရေအရင်းအမြစ် ငါးအမျိုးအစား များထဲတွင် ကမ္ဘာပေါ်တွင် ရှားပါးအဖိုးတန်သည့် ငါးသလောက်မျိုးစိတ် များ မပျောက်ပျက်စေရန် ဝိုင်းဝန်းထိန်းသိမ်းသွားရန် လိုကြောင်း စသည်တို့ကို ဖတ်ရှုလိုက်ရသောအခါ အမှန်ပင် သဘာဝ သယံဇာတများကို နည်းမျိုးစုံနှင့် ဖမ်းဆီးနေသဖြင့် ငါးသလောက်များ တစ်နှစ်ထက် တစ်နှစ်ဖမ်းဆီးရရှိမှု လျော့နည်းလာပြီး ငါးဈေးနှုန်းကလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက် လာသည်။ ကမ္ဘာပေါ်တွင် အဖိုးတန် ရှားပါးသည့် ငါးသလောက်မျိုးစိတ်များ မပျောက်ပျက် စေရန် မည်ကဲ့သို့ ဝိုင်းဝန်းထိန်းသိမ်းကြမည်နည်း။ ငါးမျိုးစိတ်အားလုံး မပျောက်ပျက်ဘဲ ရေရှည်ထုတ်ယူစားသုံးနိုင်ရန် တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုတည်းဖြင့် မစွမ်းဆောင် နိုင်ရာ အင်းတံငါ(ခေါ်)ကုန်းတံငါ၊ မြစ်တံငါ၊ ပင်လယ်တံငါ ငါးလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုနေကြသည့် တံငါသည်အားလုံး ဝိုင်းဝန်းထိန်းသိမ်းရမည်။ ရေသယံဇာတနှင့် ပတ်ဝန်းကျင် ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းသည် အမျိုးသားတိုင်း၏ တာဝန်ဖြစ်ပြီး တာဝန်ရှိကြသော အသိပညာရှင်၊ အတတ်ပညာရှင်တို့က ကျေးရွာများ အရောက် အသိပညာပေးဟောပြောစည်းရုံး ဆောင်ရွက်သွားကြလျှင် ကောင်းလေစွဟု တွေးနေမိသည်။ ယခင်က တံငါသည်လေးတို့ ရာသီဥတုအခြေအနေ၊ ရေအတက်အကျ၊ အချိန်အခါ တို့ကို ကောင်းကင်ရှိ နေ၊ လ နှင့် ကြယ်နက္ခတ်တာရာ တု့ိကိုကြည့်၍ လည်းကောင်း၊ ရွာဦးဘုန်းကြီးကျောင်းက အုံးမောင်း ခေါက်သံ၊ ကြက်တွန်သံတို့ကို လည်းကောင်း နားထောင်၍ ဆောင်ရွက်ခဲ့ရသည်။ ကမ္ဘာကြီးသည် Galobalization ခေါ် ရွာကြီး တစ်ရွာသဖွယ် ဖြစ်လာခဲ့ပြီးဖြစ်၍ လာချင်ရင်အနီးလေး ဖြစ်လာခဲ့ပြီး အရာအားလုံးက မဝေးတော့ပြီ။ ထို့ကြောင့် ခါးကြားတွင် ချိတ်ထားသော ဖုန်းကလေးကို နှိပ်လိုက်သည့်အခါ ငါးသလောက် တင်ပို့မှု အခြေအနေမှာ ၂၀၁၀ - ၂၀၁၁ ခုနှစ်တွင် တန်ချိန်(၆၀၀၀)ကျော်ခန့်၊ တန်ဘိုး အမေရိကန်ဒေါ်လာ (၁၄၀)သိန်းခန့်၊ ၂၀၁၁ - ၂၀၁၂ ခုနှစ် တွင် တန်ချိန် (၁၄၀၀၀)ကျော်ခန့်၊ တန်ဘိုး အမေရိကန်ဒေါ်လာ (၅၃၈) သိန်းကို တင်ပို့ခဲ့သည်။ တင်ပို့ခဲ့သည့် နိုင်ငံများမှာ သြစတြေးလျ၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ဘရူနိုင်းဒါရုစလင်၊ ဘူဂေးရီးယား၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အီတလီ၊ ဂျာမန်၊ တောင်ကိုရီးယား၊ ကူဝိတ်၊ မလေးရှား၊ မြောက် အိုင်ယာလန်၊ ကာတာ၊ ဆော်ဒီအာရေးဗျ၊ စင်္ကာပူ၊ ဆွစ်ဇာလန်၊ တန်ဇန်နီးယား၊ အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်၊ ဘရာဇီး၊ ဂျော်ဒန်၊ ပါကစ္စတန်၊ တောင်အာဖရိက၊ စပိန်၊ ဆွီဒင် စသည့် ကမ္ဘာပေါ်ရှိ နိုင်ငံ အများအပြားသို့ တင်ပို့ရောင်းချခဲ့သည်။ ငါးသလောက် တင်ပို့မှုနှင့် ပတ်သက်၍ ကာလတူ နှိုင်းယှဉ်သည့် အခါတွင် တင်ပို့သည့် အရေအတွက် (၁)ဆကျော် တိုးတက်ခဲ့ပြီး တန်ဘိုးမှာ (၄)ဆနီးပါးမြင့်တက်လာသည်ကို တွေ့ရှိရသည်။ တံငါသည်တို့၏ စာဆိုအရ “ပြာသိုလမိုက်ငါးဦးဆိုက်“ ဆိုသလို နတ်တော် ၊ ပြာသိုလ ဒီရေတက်ချိန် များတွင် ငါးသလောက် အများဆုံး ဖမ်းဆီးရရှိချိန်ဖြစ်သည်။ စစ်တောင်းမြစ်ဝရှိ တစ်ပိုင်တစ်နိုင် မျောပိုက် တံငါသည်လေးတို့ ပင်လယ်ဝထွက်ကာ ငါးဖမ်းဝမ်းစာရှာကြသည်မှာ ငါးဖမ်းသူ ၊ ငါးဝယ်သူနှင့် ဈေးရောင်း စက်လှေငယ်များဖြင့် ဝမ်းရေးအတွက် နေ့မအား ညမအား ဆောင်ရွက်နေကြသည်မှာ ရှုပ်ယှက်ခတ်ကာ နေတော့သည်။ သည်အချိန် ဆောင်းလေကအေးအေး ၊ နှင်းဖွေးဖွေးတွင် ခဝဲ၊ သဇင်၊ ခွာညို ရာသီပန်းတို့က မွှေးထုံသင်းပျံ့ ပွင့်လန်းသည့်အချိန်၊ အသဲခိုက်တုန်အောင်ချမ်းအေးသော ဟေမန္တဆောင်းရာသီ အခါသမယ တွင်တော့ တံငါသည်တို့၏ လှေပေါ်တွင် ဥဖောင်းဖောင်းနှင့် ငွေရောင်ထနေသော ငါးသလောက်တို့က ငွေတောင်ကြီးပုံထားသကဲ့သို့ ရှိနေချေတော့မည်ဟု စိတ်ကူးများဖြင့် ကြိတ်မြူးကာ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထား ရပေတော့မည်။ နေမင်းကြီးက အနောက်ဘက်ရှိ ဂေါယာကျွန်းသို့ ယွန်းလုပြီ ၊ ဆည်းဆာချိန် တိမ်တောက်က ရိုးမတောင်စွယ် ပေါ် မေးတင်ပြီး သြကာသလောကကြီးတစ်ခုလုံးကို အရောင် အသွေး စုံလင်စွာဖြင့် လှပစွာဖန်ဆင်းထားသည်။ လေပြေလေညှင်း လေးတို့က ခပ်ပြင်းပြင်း တိုးဝှေ့လာပြီး လှိုင်းအိလေးတွေက ဖွေးဖွေးလှုပ်လာသည်။ ရွာဦးထိပ်ရှိ ထုံးဖြူဖြူစေတီလေးကို အဝေးမှ ခပ်ပျပျ လှမ်းမြင်နေရပြီး ကုန်းအထက်ဆီမှ ထွန်ယက်နေသော ယာ/ကိုင်းသမားတို့၏ သီချင်းသံ ၊ နွားမောင်းသံ၊ အော်ဟစ်သံတို့က ဝေစည်နေသည်။ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် တစ်နေ့တာ ပြီးဆုံးပြီမို့၊ လှေဦးကို ရွာဘက်ဆီသို့ လှည့်လိုက်ကာ ရွက်တိုင်ကို ထောင် လိုက်သည်။ တက်မကိုချိတ်ရင်း မဝေးတော့သည့် လှေဦး စိုတော့မည့် ကာလကို တွေးပျော်ရင်း လိုက်ပါလာသည်။ မျှောပိုက်တံငါသည်တို့သည် မိုးရာသီမြစ်ရေလျှံတက်ချိန်တွင် တံငါသည်တ ဖက် လယ်သမား တဖက်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရသည်။ မိမိ ပိုင်လယ်မြေ (၂) ဧကခန့်ကို တတ်သိနားလည် လေ့လာထားသမျှ နည်းပညာတို့ဖြင့် အထွက်တိုးအောင် စိုက် ပျိုးထားသည်။ စပါးတင်း (၁၀၀) ကျော်ခန့် ထွက်ရှိမည်။ နွေရာသီ အတွက် ဆန်၊ ထင်းတို့ ဖူလုံပြီး ဖြစ်သည်။ ဖြစ်နိုင်လျှင် ပဲသီးထပ်လေးစိုက်ပျိုးမည်။ မယုံသော် လည်း ကိုယ့်အတွက်တော့ စိတ်ဖြေနိုင်အောင် မိုးအကုန်လှေ အဆင်းမှာ ရေငံပိုင်ဦးရှင်ကြီး အား ပူဇော်ပသခဲ့ပြီးဖြစ်သည်။ ဒီနှစ်က ဝါကြီး(၂)ခါထပ်သည့်နှစ်မို့ ငါးမျိုးစုံတို့ ပေါများလေ့ ရှိသည်။ မြန်မာနိုင်ငံအတွက် သဘာဝတရားကပေးထားသော ရေသယံဇာတ အရင်းအမြစ် ငါးလုပ်ငန်းသည် ပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးပြီး ပြည်သူတို့ အကျိုးစီးပွားသာမက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ဆောင်ကြဉ်းပေး နေပြီ၊ ယခုအခါ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပိတ်ပင်တားဆီးမှုတွေကို ဖြေလျော့လိုက်ပြီဖြစ်၍ ပွင့်လန်းလာသော ဈေးကွက်စီးပွားရေးစနစ်တွင် ထုတ်လုပ်နိုင်သမျှသော ကုန်ထုတ် အရင်းအနှီးတို့ကို နိုင်ငံတကာသို့ တင်ပို့ရောင်းချ နိုင်ပြီဖြစ်သည်။ မယားမှာဆံတောက် ၊ ငါးမှာငါးသလောက် ဆိုသကဲ့သို့ အရသာနှင့် အရည် အသွေးပြည့်ဝ ကောင်းမွန်လှသော မြန်မာ့ငါးသလောက်တို့က နိုင်ငံတကာဈေးကွက်တွင် ကြိုက်ဈေးဖြင့် ခေါင်းခေါက် ရောင်းချနိုင် တော့မည် ဖြစ်သည်။ ဒီတစ်နွေ လှေဦးစိုရင်တော့ဖြင့် ပိုလျှံမည့် ငွေလေး တွေကို Flat TV တစ်လုံး ၊ Microphone ၊ Sound Box တွေဝယ်ပြီး နေ့စဉ် ပန်းအမျှ ၊ နွမ်းသမျှ၊ လွမ်းသမျှတွေကို အဆိုတော် တွံတေးသိန်းတန်၏ “နှမလက်လျော့နေလေတော့“ သီချင်းလေးကိုဖြင့် အားရပါးရ ဟစ်ဆိုလိုက်မည်ဟု ကြုံဝါးရင်း လှေကို ဝုံးကနဲ တအား ကြုံးလှော်လိုက်ပေတော့သတည်း။ (ထွန်းမြင့်ထွန်း)