အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ

Wed, 02/22/2023 - 03:23 -- mocadmin

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁         အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်မှာ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များ၏ တိုးတက်ဖြစ်ပေါ်မှု အခြေအနေများ၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား စိစစ်သုံးသပ်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်က အဖွင့် မိန့်ခွန်းပြောကြားခဲ့ရာ ကော်မတီအား ပြန်လည်ဖွဲ့စည်းပြီး (၆) လအတွင်း ဆောင်ရွက်ချက်များ မှာ ယခင်ထက်တိုးတက်မှုများရှိခဲ့ကြောင်း၊ အသိပေးအကြောင်းကြားစာများကို လုပ်ငန်းအဖွဲ့များအနေဖြင့် အချိန်မီပေးပို့နိုင်ခဲ့ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဆက်လက်ကြိုးပမ်း၍ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက်အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်းအား ပိုမိုတိုးမြှင့်နိုင်ရေး အချို့သော Category များအား ပြောင်း ရွှေ့ခြင်း၊ အကောင်အထည်ဖော်မည့်ရက် ရှေ့တိုးသတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင် မည့် အလားအလာအား ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိူးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ ပူးတွဲဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားရာတွင် ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ၏ နှစ်အလိုက် ဆောင်ရွက်မှုအခြေအနေများနှင့် အတွေ့အကြုံများ ကိုအခြေခံ၍ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားရန်၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အပိုင်းအလိုက် (အာတီ ကယ်အလိုက်) ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် တစိုက်မတ်မတ်ကြိုးပမ်းဆောင် ရွက်သွားရန်၊ ပုံမှန်အားဖြင့်သတ်မှတ်အချိန်ဇယားအတိုင်း အသိပေးအကြောင်းကြားရသည့်ကိစ္စရပ် များ (Notification) နှင့်ပတ်သက်၍ ရာနှုန်းပြည့်ဆောင်ရွက်နိုင်သည့် အခြေအနေကို တွေ့ရှိရ ကြောင်းနှင့် ဆက်လက်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအလိုက် ဆောလျင်စွာ ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အားစိုက်လုပ်ကိုင်သွား ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က (၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား အစီရင်ခံတင်ပြပါသည်။

ဆက်လက်၍ ကော်မတီအောက်တွင် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ (၄) ဖွဲ့ ဖြစ်သည့် ဆက်သွယ်ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာရှိမှုဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ရေးအဖွဲ့၊ ပြတင်းတစ်ပေါက်စနစ်ဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ရေးအဖွဲ့၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု လုပ်ငန်းများအကောင်အထည်ဖော်ရေးအဖွဲ့၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ရေးအဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Individual Agency Programme ဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ တာဝန်ရှိသူများက လုပ်ငန်းအဖွဲ့ အသီးသီးအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ သည်။ ဆက်လက်၍ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ အတွင်းရေးမှူးရုံးအဖွဲ့က (၆) လအတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေအား ဆွေးနွေးတင်ပြခဲ့ပါ သည်။

အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မှတ်တမ်းတင်အတည်ပြုခြင်း၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စား လှယ်များ အပါအဝင်စုစုပေါင်း ကိုယ်စားလှယ် (၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။

နောက်ဆုံးရသတင်းများ

Pages