နေပြည်တော်၊ မေ ၂၅ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ စတုတ္ထအကြိမ် မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပလျက်ရှိရာ အဆိုပါကုန်စည်ပြပွဲနှင့် ဆက်စပ်၍ မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေးပွဲတစ်ရပ်ကို ယင်းနေ့ ၁၅:၀၀ နာရီအချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၂)ရှိ Plenary Hall ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရုံးမှ စီးပွားရေးသံမှူး Mr. Tan Sufu တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်လင်ချန်းမြို့ ကွန်မြူနစ်ပါတီ ဒုတိယအတွင်းရေးမှူး လင်ချန်းမြို့ ပြည်သူ့အစိုးရ မြို့တော်ဝန် Mr. Du Jian Hui က တရုတ်-မြန်မာ - အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်းသစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ တရုတ်လုပ်ငန်းရှင်များ စုစုပေါင်း (၂၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။