မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂၏သုံးသပ်ဖော်ထုတ်ချက်များနှင့်စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် ရေးဆွဲလျာထားသည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးညွန့်အောင်တက်ရောက်

Thu, 01/12/2023 - 03:51 -- mocadmin

       နေပြည်တော်၊ ဇန်နဝါရီ ၁၁  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ၏ သုံးသပ်ဖော်ထုတ်ချက်များနှင့်စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရေးဆွဲလျာထားသည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

          ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုများဖြစ်သည့်   မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်တင်ပို့မှုကို အရည်အသွေးအားဖြင့် ပိုမိုကောင်းမွန်ရေး၊ အရေအတွက်အားဖြင့် တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းပြီး “ မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ” ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ညီလာခံမှ ဖော်ထုတ်ချက်များအရ ဆက်လက် ဆောင်ရွက်သွားသင့်သည့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍအတွက် ဖော်ထုတ်ချက် (၁၅)ချက်၊ ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍအတွက် (၁၀)ချက်နှင့် ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုကဏ္ဍအတွက် (၁၈)ချက်၊ စုစုပေါင်းဖော်ထုတ်ချက် (၄၃)ချက်နှင့် ပတ်သက်ပြီးအကောင်အထည် ဖော်ဆောင်ရွက် သွားရန်အတွက် လုပ်ငန်းစီမံချက် (Action Plan) ကို (၅)နှစ်တာ ကာလအတွက် (မူကြမ်း) ရေးဆွဲ ပြုစုထားပြီးဖြစ်ပါကြောင်း၊ မြန်မာ့ဆန်စပါးကဏ္ဍ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လုပ်ငန်းစီမံ ချက်ကိုအားလုံး အတည်ပြုချက်ရရှိပြီး သည့်အချိန်တွင် သက်ဆိုင်သည့်ဌာနများ၊ အသင်းအဖွဲ့ များအနေဖြင့် ဦးဆောင်ခြင်း၊ အထောက်အကူပြု ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း၍  အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွား ကြရမှာဖြစ်ကြောင်း၊ မြန်မာ့ဆန်စပါး ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက်  မြန်မာနိုင်ငံ၏ ဆန်စပါးသီးနှံ စျေးကွက်တိုးချဲ့နိုင်ရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်တည်ရှိစေရေး အတွက်လည်းကောင်း၊ အရည်အသွေး သတ်မှတ်ချက် နိုင်ငံတကာအဆင့်ဝင်သည့် ပို့ကုန်များကို ထုတ်လုပ်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ကုန်သည်လုပ်ငန်းရှင်များက ဟန်ချက်ညီညီ ဖော်ဆောင်သွားရမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများမှ လုပ်ငန်းစီမံချက် လျာထားမှုများအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးမှလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ  အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages