စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနအား ကြည့်ရှုစစ်ဆေး

Fri, 12/23/2022 - 09:43 -- mocadmin

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

   ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးချုပ်များ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာန (Commodity Testing and Quality Management - CTQM) ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

    ပြည်ထောင်စုဝန်ကြီး လိုက်လံကြည်ရှုစစ်ဆေးနေစဉ် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာန၊ ဌာနမှူးက လယ်ယာထွက်ကုန် သီးနှံများစမ်းသပ်စစ်ဆေးပေးလျက် ရှိသည့် ဓာတ်ခွဲခန်းများ တည်​ထောင်ထားရှိမှုအခြေအနေ၊ ဓာတ်ခွဲခန်းအလိုက်၊ သီးနှံအမျိုးအစား အလိုက် စမ်းသပ်စစ်ဆေး ပေးလျက်ရှိသည့်အရည်အသွေးများ၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် သင်တန်း ဖွင့်လှစ်ပို့ချပေးနိုင်မှုအခြေအနေများ၊ သုတေသနလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံတကာ အသိအမှတ်ပြုဓာတ်ခွဲခန်းလက်မှတ် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ အသင်းဥက္ကဌနှင့် တာဝန်ရှိ သူများက ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာ့သဘာဝရော်ဘာအရည်အသွေး စမ်းသပ် စစ်ဆေးရေး ဓာတ်ခွဲခန်း တည်ထောင်ထားရှိမှု အခြေအနေ၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း၏ အသိအမှတ်ပြု လက်မှတ်ရရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ေသာ   ဓါတ်ခွဲခန်းများ အဆင့်မြင့်တင်ရေး၊ ကျွမ်းကျင်သည့် ဓာတ်ခွဲခန်းဝန်ထမ်းများ ဖြစ်လာစေရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား ပေး‌ရေးဆိုင်ရာကိစ္စရပ်များကို မှာကြားကာ ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages