စားနပ်ရိက္ခာဈေးနှုန်း တစ်ဖန်ပြန်မြင့်တက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်မှ သတိပေးပြောကြား

Wed, 05/02/2012 - 04:14 -- Anonymous (not verified)

၂၀၁၁ သြဂုတ်လမှ နိုဝင်ဘာလအထိ  ၄ လကျော်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ကျဆင်းပြီးနောက် ၂၀၁၁ ဒီဇင်ဘာလမှ ၂၀၁၂ မတ်လအထိ ၄ လအတွင်း ဆန်ဈေးနှုန်း ၆ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ခြင်းကလွဲပြီး ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ ၈ ရာခိုင်နှုန်း ခန့် မြင့် တက်ခဲ့ပါတယ်။ အဲဒီလိုမြင့်တက်ခြင်းဟာ ရေနံဈေးနှုန်း ပိုမိုလာခြင်း၊ ရာသီဥတုအခြေအနေ ဆိုးရွားလာခြင်းနဲ့ ယခုနှစ် အာရှနိုင်ငံများက စားနပ်ရိက္ခာတင်သွင်းမှုကို များစွာမှီခိုလာတာ ကြောင့်လို့ ဆိုပါတယ်။ယခုနှစ် စားနပ်ရိက္ခာထုတ်လုပ်မှု ပိုမိုမယ်လို့ ခန့်မှန်းထားခြင်း မမှန်ကန်ခဲ့ရင် ဈေးနှုန်းပိုမိုမြင့်တက်မှာဖြစ်လို့  နိုင်ငံအသီးသီးအနေနဲ့ သတိထားဖို့လိုတယ်လို့ ကမ္ဘာ့ဘဏ်မှ သတိပေးပြောကြားပါတယ်။ ၄ လတစ်ကြိမ် စားနပ်ရိက္ခာဈေးနှုန်း စောင့်ကြည့်အစီရင်ခံစာအရ ၂၀၁၁ ဒီဇင်ဘာနဲ့ ၂၀၁၂ မတ်လအတွင်း ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း ဟာ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်ကတော့ ရောင်းချမှု တိုးတက်လာတာကြောင့် ဈေးမြင့်တက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ပြောင်းဈေးနှုန်းဟာ ၉ ရာခိုင်နှုန်း၊ ပဲပုပ်ဆီဈေးက ၇ ရာခိုင်နှုန်း၊ ဂျုံဈေးက ၆ ရာခိုင်နှုန်း၊ သကြားဈေးက ၅ ရာခိုင်နှုန်း မြင့်တက်ပြီး၊ ဆန်ဈေးက ၆ ရာခိုင်နှုန်း ကျဆင်းကာ ရေနံဈေးက ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
၄ လအကြာ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းပြီးနောက် တစ် ဖန်ပြန်လည်မြင့်တက်မှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံများက လူဦးရေသန်းပေါင်း များစွာရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေတာမို့ စားနပ်ရိက္ခာကို ပထမဦးစားပေးဆောင်ရွက်သင့် တယ်လို့ ကမ္ဘာ့ဘဏ်ဒုတိယဥက္ကဋ္ဌမှ ဆိုပါတယ်။ မတ်လအတွင်း ဈေးနှုန်းနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာဈေးနှုန်းကို နှိုင်းယှဉ်ရင် အကြီးဆုံးပြောင်းလဲမှုအနေနဲ့ တန်ဇန်းနီးယားမှာ ဆန် ဈေး ၃၄ ရာခိုင်နှုန်း၊ ယူဂန်ဒါမှာ ၁၉ ရာခိုင်နှုန်း၊ Nicaragua မှာ ၁၁ ရာခိုင်နှုန်းနဲ့ ပါကစ္စတန်မှာ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အဲဒီကာလတူအတွင်း ဆန်ဈေးကျဆင်းတဲ့ နိုင်ငံတွေကတော့ အများ ဆုံးအနေနဲ့ ကမ္ဘောဒီးယားက ၁၈ ရာခိုင်နှုန်း၊ ဆိုမာလီယာက ၁၄ ရာခိုင်နှုန်းနဲ့ ကွန်ဂိုမှာ ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ တယ်လို့ သိရပါတယ်။
ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ဆန်ဈေးအများဆုံးတိုးခဲ့တဲ့နိုင်ငံများမှာ ယူဂန်ဒါက ၁၂၅ ရာခိုင်နှုန်း၊ တန်ဇန်းနီးယားက ၅၄ ရာခိုင်နှုန်း၊ ရဝမ်ဒါမှာ ၃၈ ရာခိုင်နှုန်း၊ ပါကစ္စတန်မှာ ၂၆ ရာခိုင်နှုန်း၊ မာလီမှာ ၂၅ ရာခိုင်နှုန်းနဲ့ အင်ဒိုနီးရှားမှာ ၁၅ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရ ပါတယ်။ အဓိကအားဖြင့် နိုင်ငံရေး မတည်ငြိမ်ခြင်းနဲ့ ရာသီဥတု ဆိုးဝါးတဲ့ အခြေအနေတို့ကြောင့် စားနပ်ရိက္ခာတင်သွင်းနေရတဲ့ အာဖရိကနိုင်ငံများမှာ စားနပ်ရိက္ခာဈေးနှုန်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
လမင်း
Source: oryza.com