စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်
ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး သဘောတူစာချုပ်အား အတည်ပြုလက်ခံကြောင်း
မှတ်တမ်းလွှာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ထံသို့ပေးအပ်ခြင်း

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့၌ ကျင်းပလျက်ခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၀) ကြိမ်မြောက် ဝန်ကြီးများအဆင့် ညီလာခံအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုသမ္မ္မတ မြန်မာ နိုင်ငံတော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် သည် ဒီဇင်ဘာလ ၁၆ ရက်တွင် နိုင်ရိုဘီမြို့ရှိ KICC ခန်းမ၌ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် မစ္စတာရောဘတ်တိုအဇယ်ဗယ်ဒိုနှင့် တွေ့ဆုံကာ ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေး သဘောတူညီချက်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်များတွင် နောက်ဆက်တွဲအဖြစ် ထည့်သွင်းရန် မြန်မာနိုင်ငံအနေဖြင့် လက်ခံကြောင်း မှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါသည်။

အလားတူပင် အဆိုပါ လက်ခံကြောင်းမှတ်တမ်းလွှာများကို ဒီဇင်ဘာလ ၁၅ရက်တွင် ဗီယက်နမ် နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့ကလည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ယူကရိန်းနိုင်ငံ၊ ဇမ်ဘီယာ နိုင်ငံနှင့် နော်ဝေနိုင်ငံတို့ကလည်းကောင်း အသီးသီးပေးအပ်ခဲ့ပါသည်။

ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးသဘောတူညီချက်တွင် ၂၀၁၃ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ကျင်းပပြုလုပ်ခဲ့သော (၉) ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံအစည်းအဝေးမှ သဘောတူညီချက်ရရှိခဲ့သော တစ်ဆင့်ဖြတ်သန်းကုန်သွယ်ရေး အပါအဝင် ကုန်စည်များကို အကောက်ခွန်ရှင်းလင်းမှုများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းရှင်များနှင့် အခြားသော ဆက်စပ်ဌာနများမှ တာဝန်ရှိသူများအကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဖော်ပြထားပါသည်။ ထို့အပြင် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးကဏ္ဍနှင့် စပ်လျဉ်း၍  နည်းပညာအကူအညီနှင့် စွမ်းဆောင်ရည် မြှင့်တင် ရေးတို့အတွက် အကူအညီပေးသွားမည့် လုပ်ငန်းစဉ်များလည်း ပါဝင်ပါသည်။

ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးသဘောတူညီချက်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘော တူညီချက်များတွင် နောက်ဆက်တွဲအဖြစ်ထည့်သွင်းရန် လက်ခံကြောင်း မှတ်တမ်းလွှာ ပေးပို့သည့် နိုင်ငံအရေအတွက်သည် အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း၏ သုံးပုံနှစ်ပုံပြည့်မီပါက အဆိုပါ သဘောတူညီချက် စတင်အသက်ဝင်မည် ဖြစ်ပါသည်။
ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး သဘောတူစာချုပ်အား အတည်ပြုလက်ခံပြီးသော နိုင်ငံ များမှာ မြန်မာ၊ နော်ဝေ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ဇမ်ဘီယာ၊ ယူကရိန်းတို့ အပါအဝင် ဟောင်ကောင်၊ စင်္ကာပူ၊ အမေရိကန်၊ မောရေးသျှ၊ မလေးရှား၊ ဂျပန်၊ ဩစတြေးလျ၊ ဘော့ဆွာနာ၊ထရီနီဒက်တိုဘားဂိုး၊ တောင်ကိုရီးယား၊ နီကာရာဂွါ၊ နိုင်ဂျာ၊ Belize ၊ ဆွစ်ဇာလန်၊  တရုတ် (တိုင်ပေ)၊ တရုတ်၊ လစ်ချင်စတိန်း၊ လာအို၊ နယူးဇီလန်၊ တိုဂို၊ ထိုင်း၊ ဥရောပ သမဂ္ဂ ၂၈ နိုင်ငံ၊ မက်ဆီဒိုးနီးရား၊ ပါကစ္စတန်၊ ပနားမား၊ ဂူယာနာ၊ အိုင်ဗရီကို့စ်၊ ဂရန်နာဒါး၊ လူစီယားနားနှင့် ကင်ညာနိုင်ငံတို့ဖြစ်ကြောင်း သိရှိရပါသည်။

သုတေသနပြုသူများနှင့် လေ့လာချက်အရ အဆိုပါ သဘောတူညီချက်ကို စတင် အကောင်အထည်ဖော်ခြင်းဖြင့် ကုန်သွယ်မှုတွင် အချိန်ကုန် သက်သာစေခြင်း၊ ငွေကုန်သက်သာစေခြင်းနှင့် စာရွက်စာတမ်းအထောက်အထား လိုအပ်ချက် လျော့ချစေခြင်းတို့ကြောင့် ကုန်သွယ်မှုတွင် စုစုပေါင်းစရိတ်ကုန်ကျမှုကို ဝင်ငွေနိမ့်ကျသော နိုင်ငံများ၌ ၁၄ ရာခိုင်နှုန်းထက် ပိုမို၍လည်းကောင်း၊ ဝင်ငွေ အလယ်အလတ်မြင့်သော နိုင်ငံများ၌ ၁၃ ရာခိုင်နှုန်းထက် ပိုမို၍လည်းကောင်း၊ လျော့နည်းသက်သာ သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေး သဘောတူညီချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် လုပ်ငန်းအသစ်များကို ဆောင်ရွက်ရခြင်းမဟုတ်ဘဲ လက်ရှိလုပ်ဆောင် နေသည်များကို ပိုမိုထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ပိုမိုခေတ်မီမြန်ဆန်သည့် နည်းပညာများကို အသုံးပြုရန် တွန်းအားပေး ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ ယင်းကို ဆောင်ရွက်နိုင်ပါက ကုန်သွယ်မှုတွင် အကျိုးအမြတ်ရရှိစေသည်သာမက အစိုးရဌာနများအတွက်  ခေတ်မီသည့် အလေ့အကျင့်များကို ဆောင်ရွက်သည့်အလေ့အထများ ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် မိမိတို့ နိုင်ငံအတွက်လည်း ကုန်သွယ်မှုကို လျင်မြန်ချောမွေ့စေပြီး ငွေကြေးကုန်ကျမှု သက်သာစေကာ စားသုံးသူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်မည့် အခွင့်အရေးများ ဖြစ်ပေါ်လာစေမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

ထို့နောက် ဒီဇင်ဘာလ ၁၇ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် နိုင်ရိုဘီမြို့ရှိ KICC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော Plenary Session ၌ မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ အနှစ်၂၀ကာလအတွင်း အာဖရိကတိုက်၌ ဝန်ကြီးများအဆင့် ညီလာခံအစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းကို မြန်မာနိုင်ငံအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း ပြောကြားခဲ့ပြီး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအသစ်အဖြစ် ဝင်ရောက် လာသည့် နိုင်ငံများကိုလည်း ကြိုဆိုပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဖွံ့ဖြိုးမှုစားပွဲဝိုင်း ဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံများ အားလုံးက ကြိုးစားဆွေးနွေးညှိနှိုင်းခဲ့ကြသော်လည်း ရလဒ် အနည်းငယ်သာ ထွက်ပေါ်မည့်အနေအထားကို တွေ့မြင်နေရကြောင်း၊ သို့သော်လည်း ထိုဆွေးနွေးပွဲများမှာ နိုင်ရိုဘီတွင် ပြီးဆုံးသွားမည်မဟုတ်ဘဲ နိုင်ငံစုံ ကုန်သွယ်ရေးစနစ် ရေရှည် တည်တံံ့  ခိုင်မြဲရေးအတွက် အခွင့်အလမ်းများ ဆက်လက် တည်ရှိနေမည် ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို အပြည့်အဝထောက်ခံ ပါကြောင်း၊ မြန်မာနိုင်ငံသည် ကုန်သွယ်မှုလွယ်ကူလျင်မြန်ချောမွေ့စေရေး သဘောတူညီချက်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်များတွင် နောက်ဆက်တွဲအဖြစ်ထည့်သွင်းရန် လက်ခံကြောင်း မှတ်တမ်းလွှာ ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ပေးအပ်ခဲ့ပါကြောင်း၊ ကုန်သွယ်မှုတွင် ကြုံတွေ့ရမည့် အခက် အခဲနှင့်  စိန်ခေါ်မှုများကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် နီးကပ် စွာ ပူးပေါင်းကာ ပြည်သူများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိန့်ခွန်းပြောကြားခဲ့ပါသည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစနစ်တွင် အပြည့်အဝ ပါဝင် ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိသော Enhanced Integrated Framework (EIF) အစီအစဉ်ကို မြန်မာနိုင်ငံက လက်ခံရယူ ဆောင်ရွက် လျက်ရှိပါကြောင်း၊ အခြားအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည် ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။