၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ ပထမအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပခြင်း

၁။       ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ ပထမအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ရုံးအမှတ်(၃)၊ နေပြည်တော်၌  ကျင်းပပြုလုပ်ခဲ့ပါသည်။  အစည်းအဝေးကို စီမံကိန်းကော်မတီ ဥက္ကဌဖြစ်သူ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က သဘာပတိအဖြစ်  ဆောင်ရွက်ကာ  စီမံကိန်းမှ အကျိုးခံစားရသည့်  ဆက်စပ်ဝန်ကြီးဌာနများ ကော်မတီအဖွဲ့ဝင်များ၊ EU နှင့် GIZ အဖွဲ့အစည်းမှ တာဝန်ရှိသူများပူးပေါင်းပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

၂။       ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ခေါင်းဆောင် Mr.Frits Hendriks နှင့် အစားအသောက်ဘေးကင်းလုံခြုံမှုနှင့် အပင်၊ လူနှင့်တိရစ္ဆာန် တို့အတွက်  ပိုးမွှားကင်းစင်ကျန်းမာသန့်ရှင်းမှုဆိုင်ရာ  ကျွမ်းကျင်ပညာရှင် Mr.Stephen Roberts တို့မှ အစီအစဉ်၏ ကနဦးအစီရင်ခံစာနှင့်  လုပ်ငန်းစီမံချက်တို့အား  ရှင်းလင်းတင်ပြခဲ့ပါသည်။  ကနဦးအစီရင်ခံစာအား အထွေထွေ၊  အုပ်ချုပ်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ  ကဏ္ဍဟူ၍  အခန်းကဏ္ဍ (၃) ရပ်ခွဲကာ  အနာဂတ်ကာလတွင် ဆောင်ရွက်  သွားရန် စီစဉ်ထားရှိသည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။  ထို့ပြင် စီမံကိန်းရေးဆွဲရေးကာလ အား(၆) လကြာဆောင်ရွက်သွားရန် စီစဉ်ထားရှိသော်လည်း  စီမံကိန်းကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့်  (၄) လအတွင်း ပြီးစီးဆောင်ရွက်သွားရန် သဘောတူညီခဲ့သည့်အတွက် ကနဦးအစီရင်ခံစာပါ လုပ်ဆောင်ချက်များကို  (၄) လအတွင်း အကောင်အထည်ဖော် ဆောင်သွားရမည် ဖြစ်ပါသည်။

၃။       ကနဦးအစီရင်ခံစာအား သဘောတူလက်ခံသည့်အပြင်  တက်ရောက်လာသည့် ကိုယ်စားလှယ်များက အစီရင်ခံစာတွင် အဆိုပြုလိုသည့် အချက်များအား ထည့်သွင်းသတ်မှတ်သွားရန် သဘောတူညီခဲ့ပါသည်။

၄။       ထို့ပြင်  ကနဦးအစီရင်ခံစာ Inception Report  အတည်ပြုပြီးသည်နှင့်တပြိုင်နက် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သော  လုပ်ငန်းနယ်ပယ်များအတွက်  TDP နည်းပညာအထောက်အပံ့  ပေးရေးအဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်၍  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြောင်း၊ သက်ဆိုင်ရာ အကောင် ထည်ဖော်နေမှုအား တာဝန်ခံဝန်ကြီးဌာနဖြစ်သော  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့  အသိပေး အကြောင်းကြားရန်လိုအပ်ကြောင်း၊  သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်  ၎င်းတို့လုပ်ငန်းများနှင့်ပတ်သက်၍   အကြံပြုချက်များရရှိရန်အတွက်  TDP နည်းပညာရှင်များအတွက် Visa လျှောက်ထားမှုကိစ္စရပ်အား တရားဝင် ဖိတ်ကြားလွှာ (Invitation Letter) ကိုတာဝန်ခံဆောင်ရွက်သွားရန် လိုအပ်ကြောင်း စသည်ဖြင့် သဘောတူညီဆွေး နွေးခဲ့ပါသည်။

၅။       Mr.Frits Hendriks မှလည်း မြန်မာနိုင်ငံတွင် အခြေပြုလုပ်ကိုင်လျက်ရှိသော  GIZ အဖွဲ့အစည်း၏  ပါဝင် ဆောင်ရွက်နေသော စီမံကိန်း (၂) ခုနှင့် ပတ်သက်၍ အနှစ်ချုပ်ရှင်းလင်းတင်ပြခဲ့ပါသည်။ ပါဝင်ဆောင်ရွက်နေသော စီမံကိန်းတစ်ခုမှာ TDP အစီအစဉ်နှင့် ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပြီး အခြားတစ်ခုမှာ ကုန်သွယ်ရေး နှင့်ပတ်သက်သော ဝန်ဆောင်မှု အခန်းကဏ္ဍဖြစ်ပြီး မကြာသေးမီက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။