စတုတ္ထအကြိမ်မြောက် ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့ (Trade Sector Working Gropu (TSWG) အစည်းအဝေး ကျင်းပခြင်း 

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်ရန်ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့  (Sectoral Working Group – SWG) များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာတွင် ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့ (Trade Sector Working Gropu (TSWG) အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍  ကျင်းပလျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း (၃)ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် စတုတ္ထအကြိမ်မြောက် ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့ (Trade Sector Working Group-TSWG) အစည်းအဝေးကို  Hilton Hotel, Nay Pyi Taw ၌ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးတိုးအောင်မြင့်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမင်းမင်းနှင့်ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးတိုးအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် (၄) ကြိမ်မြောက် ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့  တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များ၊ ပုဂ`၈လိက ကဏ္ဍနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ကြိုဆိုပါကြောင်း၊  အစည်းအဝေးဖြစ်မြောက်အောင် ငွေကြေးအထောက်အပံ့ ပေးခဲ့သော ကမ္ဘာ့ဘဏ်အား ကျေးဇူးတင်ရှိပါကြောင်း၊  (၃) ကြိမ်မြောက် ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်း အဝေးကို ၂၀၁၅ ခုနှစ်၊  စက်တင်ဘာ (၁၅) ရက်နေ့တွင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးသို့  အစိုးရဝန်ကြီးဌာနများမှ  ကိုယ်စားလှယ် (၅၀)ဦးနှင့်  မြန်မာနိုင်ငံ၏  ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၃၂) ဦးတက်ရောက်ခဲ့ကြပါကြောင်း၊  ထိုအခမ်းအနားတွင်  သက်ဆိုင်ရာ လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ရန် အကူအညီရရှိခဲ့ပြီး  ကုန်သွယ်မှုအကူအညီပေးရေးလုပ်ငန်းများ၊  ကုန်သွယ်မှုနှင့်  ဆက်စပ်နေသော  ကိစ္စရပ်များ၏  တိုးတက်မှုများအပေါ် စဉ်းစားဆုံဖြတ်ခြင်းဖြင့်  အစိုးရအပိုင်းမှ လှုပ်ရှားဆောင်ရွက်ချက် များအား ပွင့်လင်းမြင်သာမှုပိုမိုရရှိရေးအတွက်  အရေးပါသော  အဆင့်ဖြစ်ပါကြောင်း၊  ပါဝင်တက်ရောက်သူများက  သုံးသပ်ခဲ့ပါကြောင်း၊ ယခုကျင်းပလျက်ရှိသော  (၄) ကြိမ်မြောက်  အစည်းအဝေးသည်လည်း  တူညီသောရည်မှန်းချက်ဖြင့်  ဆောင်ရွက်ရန် ရည်ရွယ်ပါကြောင်း၊  ဤအစည်းအဝေးသည်  ကုန်သွယ်မှုအကူအညီပေးရေးလုပ်ငန်းများ၊  ကုန်သွယ်မှုနှင့် ဆက်စပ်နေသော ကိစ္စရပ်များတွင် တိုးတက်မှုများနှင့် ဖွံ့ဖြိုးမှုများအား စဉ်းစားဆုံးဖြတ်ရန် အစီအစဉ်ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊  အထူးသဖြင့်  ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဦးစားပေးအစီအစဉ်များ၊ ကုန်သွယ်မှုပြုပြင်ပြောင်းလဲ ရေးနှင့်ဖွံ့ဖြိုးတိုးတက်တို့အား  သက်ဆိုင်ရာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ  EIF လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော  Medium Term Plan နှင့်  ပတ်သက်သည့်တွေ့ရှိချက်များအပေါ်  သက်ဆိုင်ရာ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်မှ ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊

ကုန်သွယ်မှုနှင့်ဆက်စပ်လျက်ရှိသော အနာဂတ်အစီအစဉ်များ၊  လုပ်ဆောင်ချက်များ၊ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ရှင်းလင်းဖော်ပြရာ၌ အစိုးရဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၏  တက်ကြွစွာကြားဝင်စေ့စပ်ညှိနှိုင်းမှုများကို မိမိတို့အနေ ဖြင့် မျှော်လင့်လျက်ရှိနေသည်ကို ပြောကြားလိုပါကြောင်း၊

အားလုံးသိရှိထားပြီးသည့်အတိုင်း ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့သည်  မြန်မာနိုင်ငံ၏  ဖွံ့ဖြိုးတိုးတက်မှု  ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ လမ်းညွှန်မှုအောက်တွင်  ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအဖွဲ့အုပ်စု ၁၇ ခုရှိသည့်အနက် တစ်ခုအပါအဝင်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏  ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဖိုရမ်အား  ၂၀၁၅ ခုနှစ်၊  ဖေဖော်ဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊

ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့ (၃) ကြိမ်မြောက်အစည်းအဝေး၏  အကျဉ်းချုပ်အစီရင်ခံစာအား ပါဝင်တက်ရောက်သူများနှင့်  EIF Board ထံဖြန့်ဝေပေးထားပြီး ဖြစ်ပါကြောင်း၊  ထိုကဲ့သို့သော အလေ့အကျင့်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အစည်းအဝေးမှ ရရှိလာသော  ဆွေးနွေးညှိနှိုင်းချက်များအရ ပါဝင်တက်ရောက်သူများထံသို့ အကျဉ်းချုပ်အစီရင်ခံစာ ပေးပို့သွားးမည်ဖြစ်ပါကြောင်း၊

နိဂုံးချုပ်အားဖြင့်  ယနေ့ဆွေးနွေးပွဲတွင်တက်ရောက်လာသည့်  ကိုယ်စားလှယ်များမှ ရင်းရင်းနှီးနှီးညှိနှိုင်းဆွေးနွေး ရန်လိုအပ်ပါကြောင်းနှင့်မိမိပြည်သူများ၏  အကျိုးကျေးဇူးများစွာဖြစ်ထွန်းနိုင်ရန်အတွက်  အတွေးအခေါ်သစ်များ၊ အတွေ့အကြုံသစ်များကို  ပွင့်လင်းစွာဆွေးနွေးဖလှယ်သွားရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ကုန်သွယ်မှုနှင့် ဆက်စပ်နေသော ဝန်ကြီးဌာနများ၊ ဌာနခွဲများအပြင် စီမံကိန်းအကောင်အထည်ဖော်မည့် မိတ်ဖက်များအနေဖြင့်  ပြည်သူများ အတွက်အခွင့်အလမ်းများ   ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အကြား ပိုမိုလေးနက်သော နားလည်မှုဖြင့်  ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လာရောက်ဆွေနွေးပေးကြသည့်  သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များ၏  အသိပညာအတွေ့အကြုံများ ဖလှယ်ပေးမှုအပြင် အချိန်ပေး၍  ဆွေးနွေးပေးခြင်းအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍   Mr.Philipp Dupuis (EU Mission)  နှင့်  Mr.Sjamsu Rahardja (World Bank) တို့မှ  အသီးသီး အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးသို့ ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူ (၈၅) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။