စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်သည့် Trade Sector Working Group (TSWG) ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးအောင်မြင်စွာကျင်းပ

ပြည်ပ အကူအညီများရယူကာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ၎င်းလုပ်ငန်းများအား အထောက်အကူပြုနိုင်ရန် ရည်ရွယ်လျက် ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့(Sectoral Working Group– SWGs)များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ ယင်း သို့ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဆောင် သော ကုန်သွယ်မှုကဏ္ဍဆိုင်ရာလုပ်ငန်းအဖွဲ့ Trade Sector Working Group (TSWG) အဖွဲ့ ဖွဲ့စည်း နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ၈-၄-၂၀၁၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃) ရှိ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည် ။

အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း ဦးဆောင်ပြီး ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကူးသန်းရောင်းဝယ် ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနနှင့် ကုန်သွယ်မှုနှင့် ဆက်စပ်ဦးစီးဌာနများမှ ကိုယ်စားလှယ်အရာရှိများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရသစ် လက်ထက်၌ အခွန်အကောက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ဘဏ္ဍာရေးကဏ္ဍပြုပြင် ပြောင်းလဲမှုများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများနှင့်အတူ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ များ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် အထူးအလေးထား ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်မှလည်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများကိုချမှတ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် အစိုးရသစ်လက်ထက်နိုင်ငံရေး ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်များအပေါ် အားပေးထောက်ခံသည့်အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများကို သိသိသာသာ တိုးမြှင့်ပေးလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပြည်ပအကူအညီများနှင့် စပ်လျဉ်း၍ ထိရောက်သည့် စီမံခန့်ခွဲမှုများနှင့်အတူ အမှန်တကယ် အကျိုးရှိရှိရယူ အသုံးချနိုင်ရန်အတွက် နိုင်ငံတော်အစိုးရသစ် အနေဖြင့် လိုအပ်သ လိုမူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဦးစွာရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်ပအကူအညီများနှင့်စပ်လျဉ်း၍ နေပြည်တော် သဘောတူညီချက် (Naypyitaw Accord) ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ အဆိုပါ သဘော တူညီချက်အရ နိုင်ငံတော်အစိုးရနှင့် ပြည်ပအလှူရှင် Development Partners များ အကြား မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်ပအကူအညီများကို စနစ်တကျစီမံခန့်ခွဲကာ လိုအပ်သလို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက်တွင် ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့ (Sectoral Working Group – SWGs) များကိုစုဖွဲ့ဆောင်ရွက်နိုင်ရန် ဖော်ထုတ်သဘောတူညီခဲ့ကြောင်း ကိုလည်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုဦးစားပေးကဏ္ဍများအနက် အရေးပါသည့် ကုန်သွယ်မှု ကဏ္ဍတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ကတိကဝတ်များနှင့်အတူ အရေးကြီးသော အထောက်အပံ့ အကူအညီဆိုင်ရာ ကတိကဝတ်များကိုလည်း တိုးတက်ရရှိအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် Development Partners များ၊ အစိုးရနှင့် ပြည်တွင်းပြည်ပမှ အစိုးရိမဟုတ် သော အဖွဲ့အစည်းများ၏ လက်ရှိပူးပေါင်းမှု များကို အရှိန်အဟုန်မြှင့်တင်ပြီး မိမိတို့ကုန်သွယ်မှု ကဏ္ဍအတွက် အကျိုးရလဒ်ကို ဖြစ်ထွန်းစေမည့် ထိရောက်သည့် အကူအညီများဖြစ်ပေါ်လာစေရေးကို ဦးတည်ချက်ထားရှိကာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးမှ ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ် ၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှလည်း Sector Working Group များ ဖွဲ့စည်းဖြစ်ပေါ်လာမှုနှင့် ရည်မှန်းချက်များ ဆောင်ရွက်သွားရမည့် လုပ်ငန်းသဘောတရား များနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်နှင့်အတူ နိုင်ငံခြားအကူအညီများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ(FAMCC) နှင့် ယင်းအောက်ရှိ နိုင်ငံခြားအကူအညီများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ (FAMWC) တို့အား အထောက်အကူပြုသွားမည့် Sector Working Group (SWG) များကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့ (Trade Sector Working Group -TSWG) အပါအဝင် စုစုပေါင်း (၁၆) ဖွဲ့ရှိပြီဖြစ်ကြောင်း၊ ပြည်ပအကူအညီများနှင့်ပတ်သက်၍ ပထမအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင် ရွက်မှုဆိုင်ရာဖိုရမ် (1st MDCF) ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် နေပြည်တော်၌ ကျင်းပခဲ့ပါကြောင်း၊ အလားတူပင် ဒုတိအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖိုရမ် (2nd MDCF) ကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် နေပြည်တော်၌ ကျင်းပခဲ့ပါကြောင်း၊ ၎င်း အစည်းအဝေးများမှ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင် ရွက်သူများမှ အဓိကကျသော ဆုံးဖြတ်ချက် အချို့ကိုချမှတ်ခဲ့ပါကြောင်း၊ နေပြည်တော်ဆွေးနွေးပွဲ အရ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုတွင် ထိရောက်မှုရှိစေရန်အတွက် အပြည်ပြည်ဆိုင် ရာလုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့စေရန် မူဝါဒစည်းမျဉ်းများကို အလေးထားရန်၊ ရလဒ်များကို အလေးထားရန်၊ အချိန်တိုတိုနှင့် ထိရောက်မှုရှိစေရန်၊ တာဝန်ခံမှုနှင့်ပွင့်လင်းမြင်သာမှု ရှိစေရန် စသည့်အချက်များကို ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါအချက်များကို အခြေခံကာ မိမိတို့ Sector Working Group သည် Development Partners (DPs) နှင့် ဆက်စပ်အစိုးရဌာနများနှင့် ပေါင်းစည်း ဆက်စပ်၍ လက်တွဲလုပ်ကိုင်ရမည်ဖြစ်ပြီး ထိရောက်စွာ အလုပ်ခွဲဝေလုပ်ကိုင်နိုင်ရန်နှင့် ကဏ္ဍအလိုက် ဦးစားပေးမှုများနှင့် မဟာဗျူဟာများကို ဖော်ဆောင်ကာဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ထည့်သွင်း ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ဒေါက်တာဝါဝါမောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာနမှ Sector Working Group များ ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေများ၊ ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းစဉ်များ၊ အတွေ့အကြုံများနှင့်အတူ ဖော်ထုတ်တွေ့ရှိချက်များ၊ အကြံပြု တင်ပြချက်များကို Power Point Slide များဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည် ။

ထို့နောက် ဦးမင်းမင်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ Trade Sector Working Group ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားမှု အခြေအနေများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပအကူအညီရယူကာ ဆောင်ရွက်နေသော Traded Related Project များဖြစ်သည့် (၁)ဖွဲ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအား ပေးအပ်သည့် ကုန်သွယ်မှုဖွဲ့ဖြိုးတိုးတက်ရေး ဆိုင်ရာအကူအညီဖြစ်သည့် Enhanced Integrated Framework – EIF လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေ၊ (၂) အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy – NES) ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ ၊ (၃) အမျိူးသားကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုအစီအမံရေးဆွဲခြင်း (National Trade Facilitation Implementation Plan – NTFIP) များနှင့် ပတ်သက်၍ Power Point Slide များဖြင့် ရှင်းလင်းတင်ပြဆွေးနွေးပါသည်။

ဦးခင်မောင်လေး၊ ညွှန်ကြားရေးမှူးချုပ်၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲကာ စားသုံးသူများအကာအကွယ်ပေးရန် စီမံချက်လုပ်ငန်းစဉ်များ ရေးဆွဲဆောင်ရွက်မှုနှင့် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေရေးဆွဲ ပြဌာန်းနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ဦးအောင်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားရန် ပြင်ဆင်နေသည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြ ကြပါသည်။

ထို့နောက်တက်ရောက်လာသည့် ဌာနများအနေဖြင့် Trade Sector Working Group ဖွဲ့စည်း ရေးနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များ၊ အကြံပြုချက်များ၊ လိုက်ပါဆောင်ရွက်သွားမည့် အခြေအနေ များကို ဌာနအလိုက် ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့ Trade Sector Working Group – TSWG) ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှဦးဆောင်ကာ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အတွင်းရေးမှူးအဖြစ် တာဝန်ခံဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထိုအပြင် ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့ (Trade Sector Working Group – TSWG) အား ကုန်သွယ်မှုနှင့်အဓိကဆက်စပ်လျက်ရှိသော ဌာနပေါင်း(၃၀)ကျော်ဖြင့် ပါဝင်ဖွဲ့စည်းသွားမည်ဖြစ်ပြီး မိတ်ဖက်အကူအညီပေးသူများ (Development Partners)များဘက်မှ ကမ္ဘာ့ဘဏ် (World Bank) နှင့် ဥရောပသမဂ္ဂအဖွဲ့ (European Union) တို့က ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယခု အစည်း အဝေးတွင် လုပ်ငန်းအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း ဖော်ထုတ်ဆွေးနွေးခဲ့ကြ ပါသည် ။