စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီး၍

အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး

အကူအညီဖြစ်သည့် EIF လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပုဂ္ဂလိကကဏ္ဍအထူးပြု အလုပ်ရုံဆွေးနွေးပွဲ (Awareness Workshop) ကို ရန်ကုန်မြို့၌ ကျင်းပ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီဖြစ်သော EIF လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ EIF လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပုဂ္ဂလိကကဏ္ဍအထူးပြု အလုပ်ရုံ ဆွေးနွေးပွဲ (Awareness Workshop) ကို  ရန်ကုန်မြို့၌ပြုလုပ်ခဲ့ရာ အလုပ်ရုံဆွေးနွေးဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့နံနက် (၉) နာရီတွင်  Park Royal  Hotel ၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲ အခမ်း အနားသို့ EIF လုပ်ငန်းစဉ်သည် ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်အပြင် အဆိုပါလုပ်ငန်းစီမံချက်ကို ဆောင်ရွက်ရန် အတွက် လိုအပ်သည့် ငွေကြေးနှင့်နည်းပညာအကူအညီများကိုပါ တစ်ပါတည်းဖြည့်စွက်ပံ့ပိုးကူညီပေးမည့် လုပ်ငန်းစဉ်များကို  ပေါင်းစပ်ထည့်သွင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊  EIF လုပ်ငန်းစဉ်တွင် EU မှ Donor Facilitator အဖြစ်ဆောင်ရွက်ထားပါကြောင်း၊ ထို့အပြင် အစိုးရ၏ မူဝါဒဆိုင်ရာများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် လမ်းညွှန်ကြီးကြပ်မှုကော်မတီ (National Steering Committee-NSC) ကို တစ်ပါတည်း ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ပုဂ္ဂလိ က အခန်းကဏ္ဍသည် လွန်စွာအရေးပါသည့်အလျောက် အဆိုပါကော်မတီတွင် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ် များကို   အဖွဲ့ဝင်အဖြစ်ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ ယခုကဲ့သို့ ပုဂ္ဂလိကကဏ္ဍ အထူးပြု အလုပ်ရုံ ဆွေးနွေးပွဲ များ ကျင်းပခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍမှ လိုအပ်ချက်များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့် အခွင့်အလမ်းများရရှိလာမည်ဖြစ်ကြောင်း၊ EIF လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ အကူအညီဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်များကို လက်တွေ့အကောင် အထည်ဖော်ရာ၌ Public Private Partnership ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းအတွက် Stakeholders များအားလုံး၏ ပံ့ပိုးကူညီလက်တွဲဆောင်ရွက်မှု အထူးလိုအပ်ပါကြောင်း၊ အတူတကွပူးပေါင်းလက်တွဲကာ အကောင်အထည်ဖော်ခြင်းဖြင့် အောင်မြင်အောင်ဆောင်ရွက်သွားနိုင်မည် ဟု ယုံကြည်ပါကြောင်းတို့ဖြင့် ထည့်သွင်းဆွေးနွေးပြောကြားခဲ့ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ EIF လုပ်ငန်းစဉ်ဆိုင်ရာ နိုင်ငံတော်အဆင့် လမ်းညွှန်ကြီးကြပ်မှုကော်မတီ (National Steering Committee _NSC) တွင် ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့ဝင်များအဖြစ် ပါဝင်သော ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့မှ ဗဟိုအလုပ်အမှုဆောင် အဆင့်ကိုယ်စားလှယ်များအပြင် အခြားသောပုဂ္ဂလိကအသင်းအဖွဲ့ (၄၀) ခန့်မှ ကိုယ်စားလှယ်များ၊ ကုန်သွယ်မှုနှင့်ဆက်စပ်နေသော အစိုးရဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ပါသည်။

          ထို့ပြင် အခမ်းအနားသို့ ဖွံ့ဖြိုးမှုမိတ်ဖက်များဖြစ်သော မြန်မာနိုင်ငံ၏ EIF လုပ်ငန်းစဉ်တွင် Donor Facilitator အဖြစ် တာဝန်ယူလျက်ရှိသည့် ဥရောပသမဂ္ဂအဖွဲ့ (EU)၊ မြန်မာနိုင်ငံ၏ EIF လုပ်ငန်းစဉ် အောက်ရှိ Diagnostic Trade Integration Study (DTIS) အဆင့်အား Main Implementing Entity (MIE) အဖြစ် အဓိကအကောင်အထည်ဖော်ဆောင်ရွက်မည့် ကမ္ဘာ့ဘဏ် (World Bank) တို့မှ ကျွမ်းကျင် ပညာရှင်များလည်း တက်ရောက်ခဲ့ကြပါသည်။

          ရန်ကုန်မြို့၌ ကျင်းပသော EIF လုပ်ငန်းစဉ်ဆိုင်ရာ ပုဂ္ဂလိကကဏ္ဍ အထူးပြုအလုပ်ရုံဆွေးနွေးပွဲ ( Awareness Workshop) ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ၏ EIF လုပ်ငန်းစဉ်ဆိုင်ရာ Donor Facilitator ဖြစ်သူ ဥရောပသမဂ္ဂအဖွဲ့(EU) တို့မှ ကိုယ်စားလှယ်အသီးသီးကလည်း ဖွင့်ပွဲအမှာစကားများ ပြောကြားဆွေးနွေးခဲ့ ပါသည်။ နေ့လည်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူအကြီးတန်းအရာရှိများ၊ ဥရောပသမဂ္ဂအဖွဲ့(EU) နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့မှ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ မှလည်း သိရှိလိုသည့်အချက်များအား မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

          သြဂုတ်လ ၁၁ ရက်နေ့၌ကျင်းပပြီးစီးခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲသို့ စုစုပေါင်းအင်အား (၇၅) ဦးခန့် တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ ၄ နာရီ မိနစ် မိနစ် ၃၀ ခန့်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

          ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီတစ်ရပ်ဖြစ်သော Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်ကို ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများဖြစ်သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် LDCs နိုင်ငံအားလုံးအားပေးအပ်ခြင်းဖြစ်ပြီး ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများဖြစ်သည့် LDCs နိုင်ငံများအနေဖြင့် LDCs နိုင်ငံအဖြစ်မှ Graduation မဖြစ်မခြင်းရရှိခံစားနိုင်သည့် ရေရှည်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။ ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများဖြစ်သည့် LDCs နိုင်ငံများအနေဖြင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေး အကူအညီတစ်ရပ်ဖြစ်သော Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်ပါ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကို ရယူကာမိမိတို့နိုင်ငံ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီ အစဉ်များကို အကျိုးရှိရှိရယူဆောင်ရွက်လျက်ရှိပါသည်။ Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်သည် နိုင်ငံ၏ကုန်သွယ်မှုအား စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းစေကာ ယင်းမှတစ်ဆင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (Development Strategies) နှင့် နည်းဗျူဟာများနှင့်အတူ လိုက်လျောညီထွေမှုရှိရှိ ပေါင်းစပ်ဆောင်ရွက်စေခြင်းဖြင့် နိုင်ငံ၏ဆင်းရဲနွမ်းပါးမှု (Poverty Reduction) ကို လျော့ကျရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဆီသို့ လျှောက်လှမ်းနိုင်ရန် အတွက် မျှော်မှန်းချက်ထားရှိဆောင်ရွက်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှ ယင်းတို့၏ လုပ်ငန်းစဉ်တွင် ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ ရရှိခံစားခွင့်ရရှိသည့် အကူအညီများတွင် EIF လုပ်ငန်းစဉ်သည် အကြီးမားဆုံးအစီအစဉ်တစ်ခုဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် UNCTAD၊ UNDP၊ UNOPS၊ UNIDO၊ ICT၊ IMF နှင့် World Bank စသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးများက ဦးဆောင်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းစဉ်ကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုပါ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းခံစားခွင့် ရှိနိုင်ကြောင်း နိုင်ငံတကာကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားပါသည်။

          ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သည် မြန်မာနိုင်ငံအား EIF အစီအစဉ်အရ အကျိုးခံစားခွင့် ရှိသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှစတင်ကာ တရားဝင်အသိအမှတ်ပြုပေးခဲ့ပြီး ၎င်းအစီအစဉ်အတွက် မိတ်ဆက်ပေးသည့်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် ဇူလိုင် (၃၁) ရက်မှ သြဂုတ် (၁) ရက်နေ့ အထိ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် UNDP ၏ အကူအညီဖြင့် ကျင်းပြုလုပ်ခဲ့ပါသည်။ EIF လုပ်ငန်းစဉ်အောက်တွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှုအကြို အဆင့် (Pre Diagnostic Trade Integrated Study- Pre-DTIS Phase)၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှုအဆင့်  (DTIS Phase)၊ လုပ်ငန်းစီမံကိန်းများ အကောင်အထည် ဖော်ခြင်း အဆင့်-၁ (Tier 1 Phase) နှင့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ခြင်း အဆင့် - ၂ (Tier 2 Phase) စသော အဆင့် (၄) ဆင့်ပါဝင်ကြောင်း သိရှိရပါသည်။

          အဆိုပါအဆင့် (၄) ဆင့်အနက်မှ ပထမဆုံးအဆင့်ဖြစ်သော Pre-DTIS အဆင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကနဦးမိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲအပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ မှ စတင်ကာ စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိပါသည်။ Pre-DTIS အဆင့်တွင် ပါရှိသည့် အဓိက လုပ်ငန်းစီမံချက်တစ်ခုဖြစ်သော နိုင်ငံတော်အဆင့် လမ်းညွှန်ကြီးကြပ်မှုကော်မတီ (National Steering Committee- NSC) ဖွဲ့စည်းခြင်းနှင့် EIF လုပ်ငန်းစဉ်တွင် ရှေ့ဆက်ဆောင်ရွက်ရန် အချက်များနှင့် ပတ်သက်သော ဆွေးနွေးပွဲ (Seminar) ကို ၂၀၁၄ ခုနှစ် မေလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်ရှိ ဟိုတယ်ရွှေပြည်တော်၌ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ကြောင်းသတင်းရရှိပါသည်။

          ထို့အပြင် (EIF) လုပ်ငန်းစဉ်အောက်ရှိ Pre-DTIS အဆင့်တွင်ပါရှိသည့်လုပ်ငန်းစဉ်တစ်ခုအဖြစ် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၃  ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် Myanmar – Lao Exchange Program သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တက်ရောက်လေ့လာဆွေးနွေးခဲ့ပါသည်။ အဆိုပါ လေ့လာရေးခရီးစဉ်သွားရောက်ခဲ့ခြင်းဖြင့် လာအိုနိုင်ငံ၏ EIF လုပ်ငန်းစဉ်အတွေ့အကြုံများနှင့် ဆောင်ရွက်မှု ပုံစံများကိုလေ့လာကာ မိမိနိုင်ငံနှင့်ဆီလျော်မည့် အစီအမံများကို ပြင်ဆင်ဆောင်ရွက်သွားနိုင်မည့် အခွင့်အရေးများရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

          ဆက်လက်၍ (EIF) လုပ်ငန်းစဉ်အောက်ရှိ Pre-DTIS အဆင့်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ တွင် ပုဂ္ဂလိကကဏ္ဍ အထူးပြုအလုပ်ရုံဆွေးနွေးပွဲများ (Awareness Workshop) ကို ကျင်းပပြုလုပ်ကာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များမှပေးသော အကြံဉာဏ်များရယူ၍ EIF လုပ်ငန်းစဉ်ကို ဆောင်ရွက် သွားရန် စီမံချက်ရေးဆွဲပြီးဖြစ်ရာ အဆိုပါစီမံချက်အရ ယခုကဲ့သို့ ရန်ကုန်မြို့၌ EIF လုပ်ငန်းစဉ်ဆိုင်ရာ ပုဂ္ဂလိကကဏ္ဍ အထူးပြုအလုပ်ရုံဆွေးနွေးပွဲများ (Awareness Workshop) ကို ကျင်းပခဲ့ပါသည်။