စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီအစီအစဉ် (EIF) နှင့် ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) မှ ဦးဆောင်ကျင်းပသော EIF Global Platform သို့ တက်ရောက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရုံးတွင် ၂၀၁၅ ခုနှစ် ၊ မတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့(WTO) အောက်ရှိ EIF အတွင်းရေးမှူးရုံးက ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ အစီအစဉ် (Enhanced Integrated Framework-EIF) ဆိုင်ရာ EIF Global Platform သို့ တက်ရောက် ခဲ့ပါသည်။

EIF အစီအစဉ်သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် နိုင်ငံစုံကုန်သွယ်ရေးစနစ်တွင် ပိုမိုပါဝင် နိုင်စေရန် အကူအညီပံ့ပိုးပေးနေသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအကူအညီဖြစ်သည် ။ တစ်နည်းအား ဖြင့် နိုင်ငံ၏စီးပွားရေးကြီးထွားမှုနှင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးသည့် အစီအစဉ် ဖြစ်ပါသည်။

EIF Global Platform ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ EIF အစီအစဉ်သည် မူလက ၂၀၁၅ ခုနှစ် တွင် သတ်မှတ်ကာလ ကုန်ဆုံး၍ အစီအစဉ်ပြီးဆုံးမည် ဖြစ်သော်လည်း ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအတွက် အလွန်အကျိုးရှိပြီး ထိရောက်သော အစီအစဉ်ဖြစ်၍ ၂၀၁၆ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ ဒုတိယအဆင့်အဖြစ် ထပ်မံသက်တမ်းတိုး ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာ ယင်းသို့ဆက်လက်ဆောင်ရွက်ရာတွင် ပိုမို ကောင်းမွန်သော နည်းလမ်းများနှင့်ကြိုတင်ပြင်ဆင် မှုများကို ဆွေးနွေးညှိနှိုင်းရန်အတွက် EIF အစီအစဉ်ကို ရရှိနေသော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ ကိုယ်စားလှယ်များကို ဂျီနီဗာသို့ ဖိတ်ခေါ်၍ ဆွေးနွေးခြင်း ဖြစ်ပါ သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရုံး၌ ၂၀၁၅ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် EIF Global Platform သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့်အတူ EIF လုပ်ငန်းစဉ်များကို လက်တွေ့ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ Aid for Trade Coordination Unit အဖွဲ့မှ ကိုယ်စားလှယ်များ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး မှ တာဝန်ရှိသူများလည်း မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်တက်ရောက်ခဲ့ပါသည်။ ထို့အပြင် မြန်မာ နိုင်ငံ၏ EIFအစီအစဉ်တွင် Donor Facilitator အဖြစ် ဆောင်ရွက်လျက်ရှိသော ရန်ကုန်မြို့ရှိ ဥရောပသမဂ္ဂ အဖွဲ့ရုံးမှ ကိုယ်စားလှယ်တစ်ဦးလည်း ပူးပေါင်းပါဝင် တက်ရောက်ခဲ့ပါသည်။

အဆိုပါ EIF Global Platform ဆွေးနွေးပွဲတွင် ဆွေးနွေးပွဲ၏ Chairperson အဖြစ် EIF Steering Committee ၏ ဥက္ကဌတာဝန်ထမ်းဆောင်နေသော ဆွီဒင်နိုင်ငံ၏ ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ သံအမတ် ကြီးဖြစ်သူ H.E.Mr.Daniel Blockert ကဆောင်ရွက်ပြီး၊ သဘာပတိအဖွဲ့ဝင်များအဖြစ် EIF Board အဖွဲ့မှ ဥက္ကဌတာဝန်ထမ်းဆောင်နေသော ဆီရာရာလီယွန်နိုင်ငံ၏ ကမ္ဘာ့ ကုန်သွယ်ရေးဆိုင်ရာသံအမတ်ကြီးဖြစ်သူ H.E Ms Yvette Stevens၊ EIFအတွင်းရေးမှူးရုံးမှ Executive Director ဖြစ်သူ Mr.RatnakarAdhikari ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုစင်တာ (ITC) မှ Executive Director ဖြစ်သူ Ms. Arancha Gonzalez တို့က ပူးတွဲဆောင်ရွက် ကြပါသည်။

ဆွေးနွေးပွဲသို့ Development Partners (DP) များနှင့် UNCTAD ၊ UNDP ၊ UNIDO ၊ ITC ၊ World Bank ၊ EU အစရှိသော နိုင်ငံတကာ အဖွဲ့အစည်းများ ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ၊ EIF အစီအစဉ်ဆောင်ရွက်နေသော နိုင်ငံ (၅၁) နိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပါသည်။

EIF Global Platform ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ မြန်မာ ၊ ကိုမိုရိုနှင့် လိုင်ဘေးရီးယား နိုင်ငံတို့မှ အဖွင့်အမှာစကားများ ပြောကြားခွင့်ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံကိုယ်စား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သော လက်ရှိအစိုးရသစ်လက်ထက်၌ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ ကို ကမ္ဘာ့အလယ်တွင် အများနည်းတူရပ်တည်ကာ နိုင်ငံတကာ အသိုင်း အဝိုင်းနှင့်အတူ လက်တွဲလိုက်ပါ ဆောင်ရွက်ခြင်းကို ပိုမိုတက်ကြွစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ဝင် မြန်မာနိုင်ငံအတွက် ပထမအကြိမ် ကုန်သွယ်မှုဆိုင်ရာ မူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ် ကြီးကို ၂၀၁၄ ခုနှစ် မတ်လတွင် အပြီးဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှ ကျင့်သုံးနေသော ကုန်သွယ်မှုဆိုင်ရာမူဝါဒများကို တစ်စုတစ်စည်းတည်း ရေးသားပြုစုတင်ပြကာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုဆိုင်ရာ ပွင့်လင်းမြင်သာရှိမှုကို ချပြနိုင်ခဲ့သဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံများအကြား မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သည့်အပြင် ယုံကြည်မှုကိုလည်း ပြန်လည်တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ၎င်းလုပ်ငန်းစဉ်ပြီးဆုံးပြီးနောက် လက်ရှိဖြစ်ပေါ် တိုးတက် ပြောင်းလဲနေမှုများနှင့် ချိတ်ဆက်ပေါင်းစပ်၍ ကုန်သွယ်မှုဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အား ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယခုနှစ်အစောပိုင်းတွင် နေပြည်တော်နှင့်ရန်ကုန်မြို့ တို့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကာ အီးယူ၏ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြီးစီး ခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားရမည့် ဦးစားပေးလုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ပါကြောင်း၊ ယင်းဦးစား ပေးလုပ်ငန်းစဉ်များကို EIF အစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ထည့်သွင်း ပြောကြားခဲ့ပါသည်။

ထို့အပြင်  EIF အစီအစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် EIFအစီအစဉ်ကို ၂၀၁၃ ခုနှစ် စတင် ချိတ်ဆက်ခဲ့ကာ လုပ်ငန်းအကောင်အထည်ဖော်မှုကို ၂၀၁၄ ခုနှစ် စတင်နိုင်ခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် EU မှ Donor Facilitator အဖြစ် ကူညီဆောင်ရွက်ပေးထားပါကြောင်း၊ လက်ရှိတွင် EIFလုပ်ငန်းစဉ်မှ Diagnostic Trade Integration Study (DTIS) ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် Capacity မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် Tier 1အဆင့်ကို တစ်ပြိုင်တည်း လုပ်ဆောင်သွားရန် Project Proposal ကိုလည်း EIF အတွင်းရေးမှူးရုံးသို့ ရေးဆွဲတင်ပြထားပြီးဖြစ်ကြောင်း၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီဖြစ်သည့် EIF လုပ်ငန်းစဉ်သည် ရေရှည်ဆောင်ရွက် သွားရမည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း ၊ EIF လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှု မိတ်ဖက်များ၏အကူအညီဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည် ဖော်ရာ  ၌Public Private Partnership ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းအတွက် Stakeholders များ အားလုံး အထူးသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပံ့ပိုးကူညီလက်တွဲ ဆောင်ရွက်မှု အထူးလိုအပ်ပါကြောင်း တိုက်တွန်းဆွေးနွေးခဲ့ပါသည်။

ဒုတိယဝန်ကြီးသည် အဖွင့်အမှာစကား နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် EIF သည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်ရေး လိုအပ်ချက်များနှင့် ကြီးမားစွာဆက်စပ်နေခြင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် အနာဂတ် ရေရှည်မျှော်လင့်ချက်များနှင့် ရလာဒ်များကို ပြသနေပြီး LDC Graduation အတွက် အထောက်အကူများစွာဖြစ်ခြင်း ၊ နိုင်ငံတော်အဆင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ ချမှတ်ရာတွင် EIF အထောက်အပံ့သည် ကုန်သွယ်မှုနှင့်ဆက်စပ်သော ဦးစားပေးမှုများနှင့် စီမံခန့်ခွဲမှုစွမ်းရည်ကို နိုင်ငံ များ၏ အပြောင်းအလဲနှင့်အညီ တည်ဆောက်ရခြင်း တို့ကြောင့် Ownership Right အပြည့်အဝရှိခြင်း တို့ကြောင့် အကျိုးကျေးဇူးများစွာရရှိနိုင်သဖြင့်  မိမိတို့ အနေဖြင့် ဆက်လက်ပူးပေါင်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ သို့ရာတွင်လုပ်ငန်း အကောင်အထည်ဖော်ရာတွင် ပိုမိုနားလည်ရှင်းလင်း လွယ်ကူမှုရှိပြီး ဒေသတွင်းအစီအစဉ်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန်တို့အတွက် အကြံပြု လိုကြောင်းဖြင့် ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် EIF Global Platform သို့ တက်ရောက်နေစဉ်ကာလ အတွင်း ကမ္ဘာ့ဘဏ် (World Bank) မှ ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာရေးကျွမ်းကျင်သူနှင့် Trade Financing ကိစ္စရပ်များအတွက်လည်းကောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အောက်ရှိ LDC Unit မှ တာဝန်ရှိ သူများနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှ နည်းပညာအကူအညီများ ပိုမိုရရှိရေး၊ EIF အတွင်းရေးမှူးရုံး မှ တာဝန်ရှိသူများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း စဉ်အသေးစိတ် အတွက်လည်းကောင်း သီးသန့်အစည်းအဝေးများ (Bilateral Meeting) ကျင်းပပြုလုပ်ပြီး နှစ်ဖက်ရင်းနှီးခင်မင်စွာ ဆွေးနွေး ခဲ့ကြပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီတစ်ရပ်ဖြစ်သော Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်ကို ဖွ့ံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများဖြစ်သည့် LDCs နိုင်ငံအားလုံးပေးအပ်ခြင်းဖြစ်ပြီး LDCs နိုင်ငံများအနေဖြင့် LDCs နိုင်ငံအဖြစ်မှ Graduation မဖြစ်မခြင်းရရှိခံစားနိုင်သည့် ရေရှည်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။ LDCs နိုင်ငံများအနေဖြင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီ တစ်ရပ်ဖြစ်သော Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်ပါ ကုန်သွယ်မှုဖွံံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အကျိုးရှိရှိရယူဆောင်ရွက်လျက်ရှိပါသည်။ Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်သည် နိုင်ငံ၏ကုန်သွယ်မှုအားစဉ်အဆက်မပြတ် တိုးတက်ဖြစ်ထွန်းစေကာယင်းမှ တစ်ဆင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (Development Strategies) နှင့် နည်းဗျူဟာများ နှင့်အတူ လိုက်လျောညီထွေမှုရှိရှိပေါင်းစပ်ဆောင်ရွက်စေခြင်းဖြင့် နိုင်ငံ၏ဆင်းရဲနွမ်းပါးမှု (Poverty Reduction) ကို လျော့ကျရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဆီသို့ လျှောက်လှမ်းနိုင်ရန် အတွက် မျှော်မှန်းချက်ထားရှိဆောင်ရွက်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှ ယင်းတို့၏ လုပ်ငန်း စဉ်တွင် ဖော်ပြထားကြောင်းသိရှိရပါသည်။

EIF လုပ်ငန်းစဉ်အောက်တွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ် လေ့လာမှု အကြိုအဆင့် (Pre Diagnostic Trade Integration Study- Pre – DTIS Phase)၊ ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှုအဆင့် (DTIS Phase)၊ လုပ်ငန်းစီမံကိန်းများ အကောင် အထည်ဖော်ခြင်း အဆင့်-၁ (Tier 1 Phase) နှင့် လုပ်ငန်းစီမံကိန်း များ အကောင်အထည်ဖော်ခြင်းအဆင့်-၂ (Tier 2 Phase) စသော အဆင့်(၄)ဆင့် ပါဝင်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် Pre DTIS အဆင့်ကို ပြီးစီးအောင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် DTIS အဆင့်နှင့် Tier 1 အဆင့်တို့ကို အပြိုင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။