ကမ္ဘာနှင့်အဝှမ်း မသေချာမရေရာမှုများရှိနေသော်လည်း လောင်စာဆီအခွန်ကို ၂ လ ထပ်မံလျော့ချမည့် တောင်ကိုရီးယားနိုင်ငံ

တောင်ကိုရီးယားအစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုနှင့် ကမ္ဘာတလွှား ပထဝီနိုင်ငံရေးဆိုင်ရာ စွန့်စားရမှုများကိုတုန့်ပြန်ရန် လောင်စာဆီသုံးစွဲမှုအပေါ် အခွန်လျှော့ချမှုကို နှစ်လအထိတိုးမြှင့် နိုင်ဖွယ်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး Choo Kyung-ho က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
 

အစိုးရက ငွေကြေးဖောင်းပွမှုကို လျှော့ချရန်နှင့် ကမ္ဘာ့ရေနံဈေးကြီးမြင့်မှုကြောင့် ပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးသက်သာစေရန် ဓာတ်ဆီသုံးစွဲမှုအပေါ် ၂၅ % နှင့် ဒီဇယ်ဆီသုံးစွဲမှု အပေါ် ၃၇ % အခွန် လျှော့ချထားမှုကို ၃ ကြိမ်ဆက်တိုက် သက်တမ်းတိုးခဲ့ရာ ယခုနှစ်ကုန် ပိုင်း တွင် သက်တမ်းပြည့်တော့မည်ဖြစ်ပါသည်။  

တောင်ကိုရီးယားသည် ၎င်း၏ စွမ်းအင်လိုအပ်ချက်အများစုအတွက် သွင်းကုန်ကို မှီခိုနေရပြီး ရေနံစိမ်းဝယ်ယူမှု၏ ၇၀% နှင့် ဓာတ်ငွေ့ဝယ်ယူမှု၏ ၃၇%ကို အရှေ့အလယ်ပိုင်းမှ ဝယ်ယူခြင်း ဖြစ်သည်။

တောင်ကိုရီးယား၏ စံနှုန်းဖြစ်သော ဒူဘိုင်းရေနံစိမ်းသည် အစ္စရေး-ဟားမက်စ်စစ်ပွဲကြောင့်    စက်တင်ဘာလအတွင်းက တစ်စည်လျှင် ၉၃.၂၅ ဒေါ်လာဖြင့် အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး နိုဝင် ဘာလတွင် ၈၃.၅၅ ဒေါ်လာသို့ ပြန်လည်ကျဆင်းခဲ့သည်။ တနင်္လာနေ့က ဒီဇင်ဘာလပျမ်းမျှ ပေါက်ဈေးအဖြစ် ၇၇.၅၉ ဒေါ်လာ ပေါက်ခဲ့ပါသည်။
 

ငွေကြေးဖောင်းပွမှုကြောင့် နိုဝင်ဘာလတွင် လူသုံးကုန်ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ကထက်    ၃. ၃ % တက်ခဲ့ပြီး လယ်ယာထွက်ကုန်နှင့် စွမ်းအင်စရိတ်များကလည်း ၄ လဆက်တိုက် ၃ %  အထက်တွင် ရှိနေခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးက ရာသီဥတုအခြေအနေ ဆိုးဝါးမှုများနှင့် ပထဝီနိုင်ငံရေး စွန့်စားရမှုများကြောင့် ငွေကြေးဖောင်းပွမှု ဖိအားများသည် ခန့်မှန်းထား သည်ထက် ဆောလျင်စွာနှေးကွေးသောနှုန်းဖြင့် လျော့ကျနေကြောင်း၊ ဒီဇင်ဘာလအတွင်း ဈေးနှုန်းကြီးမြင့်မှုကလည်း ၃ %  အထက်တွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ယခုနှစ်စီးပွား ရေးသည် နှစ်လယ်ဒုတိယပိုင်းတွင် ပြန်လည်ဦးမော့လာပြီး စတုတ္ထသုံးလပတ်တွင် ၂% နှင့် တစ်နှစ်ပတ်လုံးအတွက် တိုးတက်မှုနှုန်း ၁.၄ %  ဖြစ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားဗဟိုဘဏ်က ၂၀၂၃ ခုနှစ်အတွက် ၎င်း၏ တိုးတက်မှုခန့်မှန်းချက်ကို ၁.၄ % အဖြစ် ခန့်မှန်းထားပြီး လာမည့်နှစ်အတွက် တိုးတက်မှုကို ၂.၁ % မှ ၂.၂% အတွင်း ခန့်မှန်းထား ပါသည်။ ဗဟိုဘဏ်သည် လာမည့်နှစ် ငွေကြေးဖောင်းပွမှုကို ၂.၆ % နှင့် ကုန်စျေးနှုန်းကို ၂ % တက်မည်ဟု ခန့်မှန်းထားသည်။

ငွေကြေးဖောင်းပွမှုကြောင့် ကုမ္ပဏီများမှ ထုတ်ကုန်လျှော့ချနေမှုများအပေါ် လူအများက မကျေနပ်ကြရာ စားသုံးသူများ၏ အခွင့်အရေး ကာကွယ်ရန်နည်းလမ်းများကို အစိုးရက မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှုကြောင့် ထုတ်ကုန်ကျုံ့သွားခြင်း (shrinkflation) သည် လှည့်စားမှုတစ်ခုဖြစ်ပြီး စျေးကွက်အပေါ် မယုံကြည်မှုဖြစ်စေသောကြောင့် ထိုကဲ့သို့သော အလေ့အကျင့်များကို ဖယ်ရှားပစ်သင့်ကြောင်း၊ အစိုးရအနေဖြင့် ကုန်ထုတ်လုပ်မှုအရေအတွက် နှင့်ဈေးနှုန်းများနှင့်စပ်လျဉ်းပြီး ကုမ္ပဏီများ၏ ဆုံးဖြတ်ချက်များအပေါ် ဝင်ရောက်စွက်ဖက်ခြင်း မပြုရသည်မှာ မှန်သော်လည်း လုပ်ငန်းရှင်များအနေဖြင့်လည်း ကျင့်ဝတ်များကို တိတိကျကျ ရိုးရိုးသားသားလိုက်နာရန် အရေးကြီးကြောင်း၊ အစိုးရမှ ထုတ်ပြန်မည့် နည်းလမ်းများတွင် အဆိုပါအချက်များ ပါဝင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Choo မှ ပြောကြားခဲ့သည်။

Source: Koreatimes