နှစ်နိုင်ငံ/လှုပ်ရှားမှုများ

   အိန္ဒိယနိုင်ငံတွင် မိုးသီးနှံစိုက်ဧရိယာသည် ယခုအချိန်အထိ လျော့နည်းလျက်ရှိပြီး ယခုနှစ် မိုးသီးနှံ ထုတ်လုပ်မှုမှာ တန်ချိန် ၁၄၉.၉ သန်းခန့်သာရှိပြီး ယခင်နှစ်ထုတ်လုပ်မှုထက် ၄ ရာခိုင်နှုန်း လျော့နည်းနေကြောင်းလေ့လာတွေ့ရှိရပါသည်။ ပဲမျိုးစုံစိုက်ဧရိယာမှာ ၅.၆ ရာခိုင်နှုန်းထိ လျော့နည်း လျက်ရှိပြီး၊ အချို့ဒေသများတွင် မိုးရေအလုံအလောက်မရရှိသောကြောင့် ပဲမျိုးစုံစိုက်ဧရိယာကျဆင်းလာသည်ကို လေ့လာတွေ့ရှိရသည်။

   အိန္ဒိယနိုင်ငံအနေဖြင့် မိုးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု ၄ ရာခိုင်နှုန်း လျော့နည်းသွားသော်လည်း ဆည်များတွင် ရေပြည့်နေသောကြောင့် ဆောင်းသီးနှံစိုက်ပျိုးရာမှာအဆင်ပြေနိုင်ကြောင်း သိရှိရပါ သည်။  ပြည်နယ်အချို့တွင် မိုးများပြီးရေကြီးမှုများကြောင့် မတ်ပဲသီးနှံ စိုက်ခင်းများ အပျက်အစီး များခဲ့ပြီး မတ်ပဲဈေးနှုန်းသည် ရက်ပိုင်းအတွင်း တစ်ကွမ်တယ်ကို ၄၀၀-၅၀၀ ရူပီးခန့် မြင့်တက်လာ နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

   အိန္ဒိယနိုင်ငံ၊ ဒေလီနှင့်မွန်ဘိုင်းဈေးကွက်များတွင် ပဲခွဲစက်ရုံများ၏ ဝယ်လိုအားနှင့် ရာသီဥတု ဆိုးရွားလာမှုကြောင့် မတ်ပဲဈေး ၁.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ တချိန်တည်းမှာပင် အိန္ဒိယ အစိုးရအေဂျင်စီ Nafed က အရန်ပဲသိုလှောင်ရန်ရည်ရွယ်ပြီး ပြည်ပမှတင်သွင်းထားသော မတ်ပဲများ အနက်မှ မတ်ပဲတန်ချိန် ၁၅၀၀ ကို ဝယ်ယူခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံကို မတ်ပဲတင်ပို့လျက်ရှိသော မြန်မာ့မတ်ပဲ FAO ဈေးနှုန်းတစ်တန်လျှင် ၈၈၅ ဒေါ်လာမှ ၈၉၅ ဒေါ်လာနှင့် မတ်ပဲ SQ ဈေးနှုန်း တစ်တန်လျှင် ၁၀၁၅ ဒေါ်လာမှ ၁၀၂၀ဒေါ်လာ အထိရှိကြောင်း သိရှိရပါသည်။                                    

   အိန္ဒိယနိုင်ငံ၏ အစိုးရအေဂျင်စီတစ်ခုဖြစ်သည့်   (National Agricultural Cooperative Marketing Federation of India Ltd – Nafed) သည် စက်တင်ဘာလ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့ များတွင် ပြည်ပမှတင်သွင်းထားသော မတ်ပဲများအား ဝယ်ယူသည့် တင်ဒါခေါ်ထားပြီး ၎င်းမှာ အိန္ဒိယ အစိုးရကိုယ်စား မတ်ပဲများအား ဝယ်ယူခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ ပဲဈေးတက်လာပါက ဝယ်ယူ ထားသောပဲများအား ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် (National Cooperative Consumer Federation-NCCF) သည်လည်း စားသုံးသူရေးရာဌာနအတွက် ပြည်ပမှ တင်သွင်းထားသော မတ်ပဲနှင့် ပဲစင်းငုံများ ဝယ်ယူရန်အတွက် တင်ဒါခေါ်ထားကြောင်း လေ့လာသိရှိ ရပါသည်။

   အိန္ဒိယအစိုးရသည် လွန်ခဲ့သော ၂ နှစ်ခန့်၌ သိုလှောင်ထားသော အရန်မတ်ပဲ တန်ချိန် ၃ သန်း ကို Nafed အေဂျင်စီမှတစ်ဆင့် သတ်မှတ်ဈေးနှုန်း MSP ထက်လျော့ဈေးဖြင့် စတင်ရောင်းချလျက် ရှိကြောင်း၊ ရောင်းချနေသည့် မတ်ပဲဈေးနှုန်းများသည် ၂၀၂၁-၂၀၂၂ နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွက် အစိုးရမှသတ်မှတ်ပေးထားသော MSP ဈေးတစ်ကွမ်တယ်ကို ၅၂၃၀ ရူပီးနှင့် ၅၁၀၀ ရူပီး အောက် လျော့နည်းသည့်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ယခုပြင်ပပဲ ဈေးကွက်များတွင် မတ်ပဲဈေးနှုန်းသည် ၄၃၀၀-၄၆၀၀ ရူပီးခန့်ရှိပြီး အစိုးရသည် မတ်ပဲအဟောင်း များကို ဈေးနှုန်းလျော့ချ၍ ရောင်းချနေသောကြောင့် မတ်ပဲဈေးနှုန်းများ ထပ်မံကျဆင်းနိုင်ကြောင်း  လေ့လာတွေ့ရှိရပါသည်။

   ဒေါ်လာဈေးကျဆင်းလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ပဲမျိုးစုံဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း၊ မတ်ပဲဈေးနှုန်းသည် တစ်တန်လျှင် ကျပ်သိန်း ၂၀ မှ ၁၈ သိန်းအောက် ပြန်လည် ကျဆင်းလာခဲ့ပြီး ပဲစင်းငုံဈေးနှုန်းမှာလည်း ကျပ် ၂၁ သိန်းဝန်းကျင်မှ ကျပ်သိန်း ၂၀ အောက်သို့ တဖြည်းဖြည်းကျဆင်းလာသည်ကို လေ့လာတွေ့ရှိရပါသည်။ ပဲဈေးကွက်တွင် ဈေးနှုန်းကျဆင်းလာ ခြင်းသည် ဒေါ်လာဈေး ကျဆင်းသွားခြင်းကြောင့်ဖြစ်ပြီး ဒေါ်လာဈေးတက်လာပါက  ပြည်ပပို့ကုန် ပဲမျိုးစုံဈေးနှုန်းသည်လည်း မြင့်တက်လာနိုင်ကြောင်း လေ့လာသိရှိရပါသည်။ အိန္ဒိယနိုင်ငံ၏ ပွဲတော် ရာသီများတွင် ပဲဈေးနှုန်းများ ပြန်တက်လာနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ၏သတင်းများတွင် မုတ်သုံ ရာသီမိုးမမှန်ခဲ့မှုနှင့် ယခုမိုးနှောင်းကာလတွင် မိုးကြီးနေမှုတို့ကြောင့် စပါးနှင့်ပဲမျိုးစုံအထွက်လျော့ ကျမည့်အလားအလာရှိနေကြောင်း၊ အိန္ဒိယနိုင်ငံ၏ ယခုနှစ်စိုက်ပျိုးရာသီတွင် ပဲစိုက်ခင်းများ အပျက် အစီးများသောကြောင့် ပြည်ပမှ ဆက်လက်ဝယ်ယူရမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား သဘောတူလက်မှတ်ထိုးထားသည့် MOU အရ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မတ်ပဲတန်ချိန် ၂ သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် ၁သိန်း (စုစုပေါင်း ၃သိန်းခွဲ) ဝယ်ယူတင်သွင်းနိုင်ကြောင်းနှင့် ပဲစင်းငုံဈေးနှုန်းနှင့်ပတ်သက်၍ အာဖရိကဘက်မှ ပဲစင်းငုံများအဝင်များနေသောကြောင့် အိန္ဒိယနိုင်ငံ၏ပဲစင်းငုံဈေးနှုန်းသည် အနည်းငယ်ငြိမ်သက်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

Source: ggmunews

        မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား  G to G စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက်  ဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇  ရက်နေ့ တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန၊ဝန်ကြီးတို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

       နားလည်မှုစာချွှန်လွှာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ နှစ်စဉ် ဆန်ဖြူတန်ချိန် (၂၅၀,၀၀၀) နှင့် ပေါင်းဆန်တန်ချိန် (၅၀,၀၀၀) အား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ ဝယ်ယူရန် သဘောတူညီခဲ့ကြသည်။

       နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ စားနပ်ရိက္ခာ ဝန်ကြီးဌာန၊ စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနတို့အကြား Sales Contract များချုပ်ဆို၍ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန်တန်ချိန် (၁) သိန်းအား ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဆန်တန်ချိန် (၁) သိန်းအား ၂၀၂၁ ခုနှစ်တွင်လည်းကောင်း တင်ပို့ ရောင်းချခဲ့သည်။

       တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန် (၂၀၀,၀၀၀)အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားနိုင်ရေးအတွက်  ဘင်္ဂလားဒေရှ့်နိုင်ငံ ၊ Ministry of Food, Directorate General of Food နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာသဘောတူစာချုပ်အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

       ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည့် ဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှု စာချွန်လွှာသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ နောက်ထပ်(၅)နှစ် သက်တမ်းတိုးမြှင့်မည့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နှစ်ဖက်ဝန်ကြီးများမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။         

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ကြသည်။

       အဆိုပါနားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန် (၂.၅) သိန်းနှင့် ပဲစင်းငုံ တန်ချိန် (၁)သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုမှတစ်ဆင့်  နောင်ဘဏ္ဍာနှစ် ၅ နှစ်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီလမှမတ်လ) အတွင်း တင်သွင်းသွားမည်ဖြစ်သည်။ ယခု G to G MoU သည် အိန္ဒိယနိုင်ငံအစိုးရမှ  နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota အား ထိခိုက်မှုမရှိစေပဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုးခံစားခွင့်ရှိမည်ဖြစ်သည်။

       အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာနှင့်အိန္ဒိယနိုင်ငံတို့အကြား ပထမအကြိမ် ပူးတွဲကြီးကြပ်ရေး ကော်မတီ (Joint Monitoring Committee – JMC) အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် နေပြည်တော်-နယူးဒေလီတို့အကြား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

       အစည်းအဝေး၌ နားလည်မှုစာချွန်လွှာအရ လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိအတွက် မတ်ပဲနှင့်ပဲစင်းငုံများကို ကုန်သွယ်မှုပြုရာတွင် မြန်မာနိုင်ငံမှ ပဲတင်ပို့သူများ၊ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းသူများနှင့် နှစ်ဘက်သက်ဆိုင်ရာ အစိုးရဌာနများ လိုက်နာဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်းများကို နှစ်ဘက်သဘောတူသတ်မှတ်ခဲ့ကြပါသည်။ ထို့အပြင် နှစ်ဖက် Focal Person များသတ်မှတ်၍ G to G MoU အရ မတ်ပဲနှင့်ပဲစင်းငုံကုန်သွယ်မှုတွင် ပေါ်ပေါက်လာနိုင်သည့်ကိစ္စရပ်များကို နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

       ထို့အပြင် အိန္ဒိယနိုင်ငံအစိုးရသည် မတ်ပဲနှင့် ပဲစင်းငုံတို့အား လွတ်လပ်စွာတင်သွင်းခွင့်အား ၃၁-၃-၂၀၂၃ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်သဖြင့် မြန်မာနိုင်ငံမှ  မတ်ပဲနှင့် ပဲစင်းငုံတို့အား အိန္ဒိယနိုင်ငံသို့ လွတ်လပ်စွာတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

Pages

Subscribe to နှစ်နိုင်ငံ/လှုပ်ရှားမှုများ