ပညာပေး/လှုပ်ရှားမှုများ

အရည်အသွေးမြင့် မြန်မာ့ရာဘာတင်ပို့မှု မြန်မာနိုင်ငံသည် စိုက်ပျိုးနိုင်သည့် မြေနှင့်ရေအရင်းအမြစ်များ ကြွယ်ဝသည့်အပြင် သမမျှတသည့် ရာသီဥတု အခြေခံကောင်းများရှိသည့် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ပြီး ၊ အဓိကလယ်ယာထွက်ကုန်အမယ် တစ်မျိုး ဖြစ်သည့် ရာဘာကိုလည်း ၁၈၇၆ ခုနှစ်မှစတင်စိုက်ပျိုးကာတစ်နှစ်ထက်တစ်နှစ်ပိုမိုစိုက်ပျိုးလျက်ရှိပါသည်။ ရာဘာအား ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး၊ ရာဘာတုနှင့် သဘာဝရာဘာဟူ၍ နှစ်မျိုးရှိကာ ရာဘာအရည်အသွေးအလိုက်အဆင့် (၅) ဆင့်သတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံသည် ပြည်ပဝင်ငွေရရှိရေးအတွက် ရာဘာစိမ်းအား တင်ပို့ရောင်းချလျက်ရှိရာ ပင်လယ်ရေကြောင်း မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄၆၆၀၀ ကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၃၀၀၀ ကျော်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ( ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ) တွင် တန်ချိန် ၂၂၀၀၀ ကျော် တင်ပို့ပြီးဖြစ်ကြောင်း သိရှိ ရပါသည်။ ယခင်က RSS (1) , RSS (3) , RSS (5) , MSR (20) , MSR (50) နှင့် Crepe Rubber များကိုသာ တင်ပို့ လျက်ရှိရာမှ လက်ရှိဘဏ္ဍာနှစ်တွင် RSS (2) အဆင့်နှင့်ညီမျှသည့် MSR (TSR) (10) ကိုစတင်တင်ပို့လျက် ရှိနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်က MSR (TSR) 20 အဆင့်ရှိ Crepe Rubber ကိုသာ စက်ရုံများမှ ထုတ်လုပ် နိုင်ခဲ့ပြီး၊ ယခုအခါ MSR (TSR) 10 အဆင့်ရာဘာကို ထုတ်လုပ်နိုင်ကာ ပြည်ပသို့ စတင်တင်ပို့ရောင်းချ နိုင်ရန် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ပို့ကုန်လိုင်စင်လာရောက် လျှောက်ထားပြီဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၁၃ ခုနှစ်တွင် အမေရိကန်စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာမည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်း လျက်ရှိကြပါသည်။ ထို့အပြင် ကမ္ဘာ့ရာဘာဝယ်လိုအား အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ယမန်နှစ် ဒီဇင်ဘာလ အတွင်းကုန်ထုတ်လုပ်မှုနှုန်းတိုးတက်ခဲ့ကြောင်း အစီရင်ခံစာထွက်ရှိခဲ့ခြင်းကြောင့် ရာဘာဝယ်လိုအား မြင့်မားလာမည်ဟု ခန့်မှန်းလာကြပါသည်။ ဝယ်လိုအားမြင့်မားလာသည်နှင့်အမျှ ဈေးနှုန်းမှာလည်း မြင့်တက်လာနိုင်ခြင်းကြောင့် ရာဘာ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာ့အရည်အသွေး အဆင့်အတန်း သတ်မှတ်ချက်နှင့်အညီ အရည်အသွေးမြင့် ရာဘာများအား ပိုမိုထုတ်လုပ်ပြီး ဈေးကွက်ပိုမိုရရှိရေး ဆောင်ရွက်သွားနိုင်ပါရန် သတင်းကောင်းပါး တင်ပြလိုက်ရပါသည်။ စန္ဒာထွန်း (ပို့ကုန်)

ပီနန်အိတ်အဟောင်းလေးကိုလွယ် လျှာထိုးဦးထုပ်အဟောင်းလေးကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး ခပ်နွမ်းနွမ်း အဝတ်အစားတို့ဖြင့် သူတို့အများစုမှာဤသို့တည်း။ သူတို့ကိုအများအားဖြင့်မြန်မာပြည်ရှိ မြို့ / ရွာများ၏ လမ်းပေါ်၊ လမ်းကြားအမှိုက်ပုံများတွင်တွေ့ရတတ်သည်။သူတို့က ပလတ်စတစ်အစများနှင့် ပုလင်းအဟောင်းများကို လိုက်လံကောက်ယူ၍ အသက်မွေးဝမ်းကျောင်းပြုနေကြသူများဖြစ်သည်။ သူတို့၏ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံနှင့် သူတို့အကြောင်း တစ်စွန်းတစ်စကြားတော့ သူတို့ကို အဆိုးမြင်ဝါဒ ( သို့ ) မကောင်းမြင်စိတ်ထားနှင့် စိတ်ထဲတွင် အထင်သေးမိခဲ့သည်။

               မဟာရန်ကုန်မြို့တော်ကြီးတွင် တာဝန်ထမ်းဆောင်စဉ် လိုင်းကားဖြင့်နေ့စဉ်ရုံးတက်ခဲ့ရာတွင် တစ်နေ့သ၌ ပြူတင်းပေါက်ဘေးထိုင်နေသူခရီးသည်တစ်ဦးမှာ ကွမ်းယာ ကိုတမြုံ့မြုံ့ဝါးနေရင်းက နှုတ်ခမ်းတွင် ပေကျံနေသော ကွမ်းတံတွေးများကို လျှာဖြင့်သပ်ကာ ကွမ်းတံတွေးကို ကားအပြင်သို့ ပြွတ်ကနဲထွေးထုတ်လိုက်သည်။ ကွမ်းတံတွေးများသည် ကားလမ်းမပေါ်နှင့်ကားဘေး နံရံများကို စွန်းပေညစ်ပတ်သွား မည်မှာအမှန်ပင်။ ထို့နောက် ကွမ်းယာထုတ်သည့် ပလတ်စတစ်အိတ်လေးကို အပြင်သို့လွှင့်ပစ်လိုက်ရာ ပလတ် စတစ် အိတ်လေးသည် လေထဲ ဝဲပျံကာလေနှင်ရာ လွင့်ပါသွားသည်။ များမကြာမီ အစ်မကြီးတစ်ဦးက စားကြွင်းစားကျန် ပလတ်စတစ် ထုပ်အား ပြူတင်းပေါက်မှ အပြင်သို့ လွှင့်ပစ်လိုက် ပြန်၏။ အမှိုက်ထုပ်လေးသည် လမ်းဘေးတွင်အမှိုက်လှည်း နေသော စည်ပင်သာယာ ဝန်ထမ်းအဒေါ်ကြီးနံဘေးသို့ ဘုတ်ကနဲကျသွားသည်။ အဒေါ်ကြီး၏မျက်လုံးအစုံသည် သိန်းငှက် တို့၏ မျက်လုံးအစုံအလား စွေ့ကနဲတစ်ချက် ကြည့်လိုက်ပြီး ခပ်ပြင်းပြင်း မျက်စောင်းတစ်ချက်ကို ကားပေါ်သို့ ပစ်တင်လိုက်သည်။ နှုတ်မှပွစိပွစိ နဲ့ မကျေနပ်သော အမူအရာက မျက် နှာပေါ်တွင်  ပေါ်လွင်နေသည်။ သူမ ဘာပြော နေမည်ကို မကြားရပေမယ့် သိနေသည်။ “စည်းကမ်းမရှိ ပေါက်လွှတ် ပဲစားတွေ” စသဖြင့် ဆုတောင်းမေတ္တာ ပို့သနေမည် သာဖြစ်ပေမည်။ ထို့နောက်အဒေါ်ကြီးသည် အမှိုက်ထုပ်ကလေးကို တာဝန်ဝတ္တရား ကျေပွန်စွာဖြင့် ကောက်ကာ အမှိုက်ပုံးထဲသို့ ထည့်လိုက်ပါတော့သည်။

            ထိုထိုဤဤ မြင်ကွင်းများကြောင့် အတိတ်၏အရိပ်မျက်ဝန်းထဲတွင် ပလတ်စတစ်ကောက်နေသော သူတို့၏ ပုံရိပ်လေးတွေ ပေါ်လာပြီး ယနေ့ကမ္ဘာကြီးကို စိန်ခေါ်ခြိမ်းခြောက် လာသော ပလတ်စတစ်၏အန္တရာယ်များကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိတရားဖြင့် သမာအာဇီဝကျစွာ အသက်မွေးဝမ်းကြောင်းပြုနေကြသူများ ပါတကားဟု အကောင်းမြင် ဝါဒဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ သူရဲကောင်းကလေးများဟု ရင်ထဲက မှတ်တမ်း တင် ဂုဏ်ပြု ချီးမွမ်းထောပနာပြုနေမိသည်။

         ပလတ်စတစ်တို့၏ဆိုးကျိုးများကပြောမဆုံးပေါင်၊တောသုံးတောင်ဆိုသလို ပလတ်စတစ်နှင့် ပြုလုပ်ထား သော ပစ္စည်းများသည် ဆွေးမြေ့ရန်နှစ်ပေါင်းအနည်းဆုံး (၃၀)ခန့် ကြာမြင့်တတ်သည်ဟုသိရှိရပြီး ပလတ်စတစ်တွင် ပါသော ဓါတုပစ္စည်းတို့က အပူနှင့်ထိတွေ့သောအခါ ဓာတုအဆိပ်အဖြစ်ပျော်ဝင်ပြီး လူကို ရောဂါဖြစ်စေသလို မီးရှို့ဖျက်ဆီးပါကလည်း ထွက်ရှိလာသောအခိုးအငွေ့တို့က လေထုညစ်ညမ်းမှုဖြစ်စေကာ လူကိုဒုက္ခပေးတတ်သည်။ စည်းကမ်းမဲ့စွန့်ပစ်သောပလတ်စတစ်ပစ္စည်းတို့က ပတ်ဝန်းကျင်ညစ်ညမ်း မှုကိုဖြစ်စေ ကာ ရေစီးမြောင်းများပိတ်၍ မြို့များပေါ်တွင် ရေလျှံခြင်း၊ သစ်ပင်ပန်းပင်များစိုက်ပျိုးရာတွင် ရှင်သန်ပေါက်ရောက်မှုအားနည်းခြင်းတို့ကို ဖြစ်ပေါ် စေသည်။ ပလတ်စတစ် ဆိုးကျိုး များနှင့်ပတ်သက်၍ နောက်ဆုံးသိရှိရသည့်သတင်းတခုမှာ မြန်မာ့ရိုးရာ အကြော်မုန့် များပြုလုပ်ရာတွင် ဆီကိုအကြော်ခံစေရန်နှင့် ကြော်ပြီးသားအကြော်များ တာရှည် အထား ခံစေရန်၊အကြော်၏ အရည် အသွေးတစ်ခုဖြစ်သည့် ကြွရွမှုပိုမိုကောင်းမွန်စေရန် ပလတ်စတစ် တွေကို ဆီထဲထည့် ကြော်ပြီး အသုံးပြုကြောင်း သိရှိရသည်။ ပလတ်စတစ်နှင့်ပတ်သက်၍ လူထုပညာပေးမှုကို ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်များတွင် ထည့် သွင်း ပညာပေးမှုများပြုလုပ်ခဲ့သော်လည်း လိုက်နာမှုအားနည်းနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။ ပလတ်စတစ် စွန့်ပစ္စည်းများလျှော့ချကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူပြုရန် ပလတ်စတစ် အသုံးပြုခြင်းနှင့်သက်ဆိုင်သော လူတိုင်းလိုက်နာဆောင်ရွက်ရန် နည်းလမ်  ( ၅ ) မျိုး မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(၁) Reduce ( အသုံးပြုမှုလျော့ချခြင်း )

(၂) Reuse ( အမှိုက်အဖြစ်စွန့်ပစ်ခြင်းမရှိဘဲပြန်လည်အသုံးပြုခြင်း )

(၃) Recycle ( ကုန်ကြမ်းအဖြစ်အသုံးပြုပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း )

(၄) Reject ( အသုံးပြုရန် မလိုအပ်ပါက သုံးစွဲဖို့ငြင်းပယ်ခြင်း )

(၅) Return ( သုံးပြီးအိတ်ခွံများအား စုစည်းထားပြီး ပြန်လည်အသုံးပြုနိုင်သော နေရာသို့ ပြန်ပို့ရန် )

           ပလတ်စတစ်ပစ္စည်းတို့မှာ အရောင်အသွေးအရွယ်အစားစုံလင်၍ ပေါ့ပါးခိုင်ခန့်ပြီး သယ်ယူသိမ်းဆည်းရ လွယ်ကူသောကြောင့် လွတ်လပ်ပေါ့ပါးမှုကိုခုံမင်မြတ်နိုးတတ်သော လူတို့၏သည်းခြေကြိုက် ပစ္စည်းတစ်မျိုး ဖြစ်နေ လေသည်။ ပလတ်စတစ်နှင့်ပြုလုပ်သောပစ္စည်းတို့မှာ ပလတ်စတစ်ကြိုးမှစ၍ စက်မှုကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း အမျိုးမျိုးအထိ တွင်ကျယ်စွာထုတ်လုပ်သုံးစွဲနေကြပြီဖြစ်သည်။ မသုံးလည်းခက်၊ သုံးလည်းခက်တဲ့ ပလတ်စတစ် ပစ္စည်းတို့ကို မသိသူကျော်သွား၊ သိသူဖော်စားဆိုသလို နည်းပညာ ကြွယ် ဝသောနိုင်ငံတို့က Recycle ပြန်လည် ပြုလုပ်ပြီး တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ အသုံးပြုပြီးစွန့်ပစ် ပလတ်စတစ် ပစ္စည်းများကို နိုင်ငံတကာသို့ ပို့ကုန်အမယ်တစ်မျိုးအဖြစ် တင်ပို့ရောင်းချနေသည်။ ပလတ်စတစ်ပစ္စည်းတင်ပို့မှုနှင့် ပတ်သက်၍ ၂၀၁၀-၂၀၁၁ ခုနှစ် တွင် ခန့်မှန်းတန်ဘိုး အမေရိကန်ဒေါ်လာ ၃၃၀၀၀၀ ခန့်၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ခန့်မှန်းတန်ဘိုး မေရိကန်ဒေါ်လာ ၇၈၀၀၀၀ ခန့်ကို တရုတ်၊ စင်္ကာပူ၊ သြစတြေးလျ၊ ဟောင်ကောင်၊ ကိုရီးယား၊ ထိုင်းနှင့် အာရပ်စော်ဘွားများ နိုင်ငံများ သို့ တင်ပို့ရောင်းချခဲ့သည်ကို တွေ့ရှိရပေသည်။

           ယနေ့နိုင်ငံတော်အစိုးရသစ်သည် ပြည်သူကို ဗဟိုပြု၍ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ဦးတည် ချီတက် နေပြီဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ပွင့်လင်းမြင်သာ                ‌  ‌သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့်အတူ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက်လာခြင်း၊ ငြိမ်းချမ်းမှုနှင့်အတူ ကမ္ဘာ လှည့်ခရီးသည်တို့က ဝင်လာမစဲ တသဲသဲနှင့်ရှိနေပြီး မကြာမီ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအား အိမ်ရှင်နိုင်ငံအနေဖြင့် အဆင့်အတန်းမှီစွာ ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ ကမ္ဘာ့အလယ်တွင် မြန်မာဟေ့ဆိုပြီး ကြွေးကြော်ဝင့်ကြွားနိုင်အောင် နိုင်ငံတော်အစိုးရသည် ဘက်စုံထောင့်စုံမှ အတွေးသစ်အမြင်သစ်များဖြင့် လုပ်ဆောင် အကောင် အထည်ဖော်ဆောင်နေပြီဖြစ်သည်။ ဤတွင်မသုံးတတ်လျှင်ဘေး၊ သုံးတတ်လျှင်ဆေးဆိုသကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေမှုကို ခြိမ်းခြောက်လာသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ အန္တရာယ်ကို ပြည်သူများ ၊ ဝန်ထမ်းများအားလုံးကပါ ကိုယ်စီတာဝန်ဖြင့် အသိတရားလက်ကိုင်ထားကာ လိုက်နာဆောင်ရွက်သွားကြရန် လိုပေသည်။ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်လာသော ပလတ်စတစ်အန္တရာယ်ကို ပြည်သူများအား အသိ ပညာပေးသလို လက်လုပ်လက်စား တစ်ဝမ်းတစ်ခါးနှင့် ဘဝကို ရပ်တည် လှုပ်ရှားရုန်း ကန်နေကြရရှာသော ပလတ်စတစ်ကောက် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသူရဲကောင်းများ အား လိုအပ်သည်များကို အားပေးကူ ညီဆောင်ရွက်ပေးခြင်းဖြင့် ပတ်ဝန်းကျင်သည်လည်း သစ်လွင် စိမ်းစိုလှပကာ ၊ ပလတ်စတစ်ပို့ကုန်လုပ်ငန်းလည်းတိုးတက်လာပြီး၊ နိုင်ငံတော်နှင့် အလုပ်လက်မဲ့ပြည်သူများအတွက် ဝင်ငွေတိုးတက် လာစေသည့် ပို့ကုန်လုပ်ငန်းတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

                                                                                                                                                      (ထွန်းမြင့်ထွန်း)

                                                                                                                                                            ပို့ကုန်

ပို့ကုန်တိုးမြှင့်ရေးဆောင်ရွက်နေချိန်တွင် လက်ခစားစနစ်သည်လည်း တစ်ခုအပါအဝင် အကျိုးပြုလျက်ရှိပါ တယ်။လက်ခစားCMPလုပ်ငန်းဆိုသည်နှင့်ယခင်ကCutting Making Packing(CMP)ဟုခေါ်တွင်ခဲ့သောအထည်ချုပ် လုပ်ငန်းများကိုသာ ပြေးမြင်ကြမည်ဖြစ်ပေသည်။ လက်ခစားလုပ်ငန်းများအနေဖြင့် လုပ်ငန်းအပ်နှံသူမှ လိုချင်သည့် ပုံစံ၊ဒီဇိုင်း အရည်အသွေးများအတိုင်း ၎င်းထံမှ ပေးပို့သော ကုန်ကြမ်းပစ္စည်းများ အသုံးပြု၍ အချောထည်ပြန်လည် ထုတ်လုပ်တင်ပို့ခြင်းဖြစ်ရာ ပစ္စည်းအတွက် ထုတ်လုပ်မှုစရိတ်လက်ခကိုသာ ရရှိခြင်းဖြစ်၍ လက်ခစားစနစ်ဟု ခေါ်ဆို ခြင်းဖြစ်ပါသည်။လက်ခစားစနစ်၏အဓိပ္ပါယ်မှာ Contract Manufacturing Processing ဖြစ်ပြီး အထည်ချုပ်လုပ်ခြင်း အပြင် ဖိနပ်များ၊ ဦးထုပ်များ၊ မှန်ဘီလူးများ၊ ပီပီအိတ်များ စသည်ဖြင့် လွတ်လပ်စွာကုန်သွယ်ခွင့်ပြုထားသော မည်သည့်ပစ္စည်းကိုမဆို ကုန်ကြမ်းပေးကုန်ချောယူစနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်းလေ့လာ သိရှိရပါသည်။

       ဒီလုပ်ငန်းကို ယနေ့ထိ တွင်တွင်ကျယ်ကျယ် တိုးချဲ့လုပ်ကိုင်နေကြောင်းတွေ့ရှိရပါတယ်။ယခုအခါ စီးပွားရေး အခွင့်အလမ်းပွင့်လန်းလာ၍ ပိုမိုလုပ်ငန်းတွင်ကျယ် လာကြောင်း တွေ့ရှိရပါတယ်။ နိုင်ငံတော်အနေဖြင့်လည်း ဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံခြားတိုင်းပြည်တစ်ခုဖြစ်သော Japan နိုင်ငံမှ ပင်လယ်ရပ်ခြားနည်းပညာပေးရေး အသင်း (The Association for Overseas Technical Scholarship AOTS Japan)နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း(Myanmar Garment Association MGMA)တို့ ပူးပေါင်းပြီး မြန်မာအထည်ချုပ်လုပ်ငန်းများအတွက် စာတွေ့ လက်တွေ့ သင်တန်းပို့ချပြီးစွမ်းဆောင်ရည်များ နိုင်ငံတကာအဆင့်မီစေရန် အခါအခွင့်သင့်တိုင်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရပါသည်။

       ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုတွင် ပိုမိုတိုးတက်တင်ပို့နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ နှစ်စဉ်CMP စနစ် အနေဖြင့်နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍအတွက် တိုက်ရိုက်ပြည့်ဝစွာ အကျိုးပြုနိုင်သော်လည်း လူတစ်ဦးချင်းစီ၏ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားစေပြီး မိသားစုဝင်ငွေရရှိနိုင်သဖြင့် နိုင်ငံတော်၏ GDP တိုးတက်ရေးအတွက် တစ်ဘက်တစ်လမ်းမှ ထိရောက်စွာအကျိုးပြုနေသည့်အပြင် နိုင်ငံတကာဆက်ဆံမှုများ တိုးတက်ကောင်းမွန်လာ သဖြင့် CMP လုပ်ငန်းများအနေဖြင့်လည်း ဆထက်ထမ်းပိုးတိုးတက်လာတော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ် ပါသည်။

 

 

                                                                                                                                                                          ထားထားရီ(ပို့ကုန်)

                                                                                                                                                                           ဦးစီးအရာရှိ

လူလတ်ပိုင်းနှင့်သက်ကြီးရွယ်အို အမျိုးသားများအကြား နေ့စဉ်သုံးစွဲနေသော ထင်ရှားသည့် ဗီတာမင်နှင့် ဖြည့်စွက်အားဆေးများသည် လူအများ ယုံကြည်သလို နှလုံးရောဂါအန္တရာယ်များကို လျော့ကျစေသည့် အာနိသင်မရှိ ကြောင်း စစ်ဆေးစမ်းသပ်မှုတစ်ခုက ထုတ်ပြန်ကြေညာသည်။

အမေရိကန်နိုင်ငံမှ ဆရာဝန်များက ပျှမ်းမျှအသက် (၆၄)နှစ်ခန့်ရှိသော အမျိုးသား ( ၁၄၆၄၁ ) ဦး အား ၁၉၉၈ ခုနှစ်မှစ၍ ( ၁၁ ) နှစ်ကြာ စမ်းသပ်စောင့်ကြည့်ခဲ့ရာတွှင် အထက်ပါအတိုင်း တွေ့ရှိရကြောင်း အမေရိကန် ဆေးပညာ အသင်းဂျာနယ်တွင် ဖော်ပြထားသည်။

၎င်းတို့အနက်မှ တစ်ဝက်ခန့်ကို ကျဘမ်းရွေးချယ်၍ Multi – Vitamin ( ဗိုက်တာမင်မျိုးစုံ ) သုံးစွဲစေပြီး တစ်ဝက်ခန့်ကို ဆရာဝန်များက လူနာများစိတ်ကျေနပ်စေသည့် အာနိသင်နည်းသော ဆေးအမျိုးအစားများပေးပြီး စမ်းသပ်ကြည့်ရာ ၎င်းဗိုက်တာမင်အားဆေးများသည် နာတာရှည်ရောဂါများအတွက် လုံးဝအသုံးမဝင်သည်ကို တွေ့ရှိ ရကြောင်း ဂျာနယ်၌ဖော်ပြထားသည်။ စမ်းသပ်ဆဲကာလအတွင်း ( ၂၇၅၇ ) ဦး၊ ( ၁၈.၈ ) ရာခိုင်နှုန်းမှာ နှလုံးရောဂါ နှင့် လေဖြတ်ရောဂါဖြင့် သေဆုံးကြသည်။ ယင်းအနက် ( ၁၃၄၅ ) ဦး မှာ ဗိုက်တာမင်သုံးစွဲသူဖြစ်ပြီး၊ ( ၁၄၁၂ ) ဦး မှာ သာမန်ဆေးများသာ သုံးစွဲသူများဖြစ်သည်။

Harvard University မှ သုတေသနပညာရှင်များက ဗိုက်တာမင်ဆေးများသည် နှလုံးရောဂါနှင့် လေဖြတ် ရောဂါကို ကာကွယ်တားဆီးမှုမရှိသည်မှာ ထင်ရှားကြောင်းဆုံးဖြတ်သည်။ စာရင်းအင်းဖြင့် ဖော်ပြနိုင်လောက်အောင် ထူးခြားမှုမရှိကြောင်း ပြောကြားသည်။

                 ကနေဒါနိုင်ငံ Ontario ရှိ Hamilton General Hospital နှင့် McMaster University မှ ဂျာနယ် အယ်ဒီတာလည်းဖြစ်သူ Eva Lonn က ဗိုက်တာမင်သုံးစွဲသူ နှလုံးရောဂါဝေဒနာရှင်များအား ဘက်စုံစမ်းသပ်စစ်ဆေး မှု မြောက်များစွာပြုလုပ်ပြီး ဗိုက်တာမင်သည်နှလုံးရောဂါအား ကာကွယ်ပေးနိုင်မှုမရှိသည်ကို ခိုင်မာသော စာရင်းအင်း များကဖေါ်ပြကြောင်း ရေးသားထားသည်။

               လောလောဆယ် နှလုံးရောဂါခံစားနေရသူနှင့် ယခင်ကခံစားခဲ့ရသူများသည် ဆရာဝန်ညွှန်ကြား ထားသော သက်စောင့်ဆေးများ မှီဝဲခြင်းကိုရပ်နားထားပြီး ဆေး လိပ်သောက်ခြင်း၊ အသင့်စား အစားအသောက်များ လွယ်လွယ်စားသုံခြင်း၊ အချိန်ကြာမြင့်စွာထိုင်ပြီး အလုပ်လုပ်သောအလေ့အထကို ပြင်ဆင်ခြင်း မရှိဘဲ အနာ ဂတ် တွင်လေဖြတ်ခြင်းနှင့် နှလုံးရောဂါများမှ ကာကွယ်ရန်မျှော်လင့်ချက်ဖြင့် ဗီတာမင်နှင့် အခြား အားဖြည့် ဖြည့်စွက်ဆေးများဝယ်ယူပြီး မှန်မှန်သုံးစွဲရုံမျှဖြင့်သည် တစ်ဦးတစ်ယောက်မျှ ယင်းကာကွယ်မှုကို ခံစားရလိမ့်မည် မဟုတ်ကြောင်း ရေးသားထားသည်။

             ဗိုက်တာမင်နှင့် အခြားသက်သေမပြနိုင်သောအားဖြည့်ဆေးများမှီဝဲခြင်းဖြင့် နှလုံးရောဂါအား ကာကွယ်နိုင် သည်ဟု အထင်အမြင်မှားယွင်းခြင်းသည် အလွန်အန္တရာယ် များကြောင်း ဖြင့် ရေးသားတင်ပြထားပါသည်။

                                                                                                                                                            Source : AFP/al

                                                                                                                                                            (စမ်းစမ်းဝင်း၊ ပို့ကုန်)

ပင်လယ်ရေကြောင်းမှ မြန်မာ့ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့နိုင်မှု ပိုမိုလာခြင်း ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်(ဇန်နဝါရီ-၃ရက်နေ့အထိ)ပင်လယ်ရေကြောင်းမှ ရေထွက်ပစ္စည်း ပြည်ပတင်ပို့ နိုင်မှု အနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ(၃၀၁)သန်းကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယခင်ဘဏ္ဍာနှစ် ကာလတူတွင် တန်ဖိုး အမေရိကန်ဒေါ်လာ (၂၆၉)သန်းကျော်ဖိုး ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဓိက ပိုမို တိုးမြှင့်တင်ပို့ နိုင်ခဲ့တာကတော့ ငါးတင်ပို့မှုမှဖြစ်ပြီး ကာလတူထက် တန်ဖိုးအမေရိကန်ဒေါ်လာ(၃၉.၇၈) သန်းပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့ ကြောင်း ပုဇွန်တင်ပို့မှုမှ(၂.၈၇)သန်း၊အခြားရေထွက်ပစ္စည်း တင်ပို့မှုမှ(၅.၀၈)သန်း ကာလတူထက် အသီးသီးလျော့နည်း တင်ပို့ ခဲ့ကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ ငါးတင်ပို့မှုအများဆုံးဈေးကွက်ကတော့ တရုတ်နိုင်ငံဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဇန်နဝါရီ -၃ရက်နေ့အထိ) စုစုပေါင်းတင်ပို့နိုင်မှု တန်ဖိုးအမေရိကန်ဒေါ်လာ(၂၂၇)သန်းကျော်ရဲ့ (၄၆.၀၂%)တင်ပို့နိုင်ခဲ့တာကို တွေ့ရှိရပြီး ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် တန်ဖိုး(၂.၂၃)သန်း ပိုမိုတိုးမြှင့် တင်ပို့နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒုတိယ ငါးတင်ပို့နိုင်မှုဈေးကွက်ကတော့ ကူဝိတ်နိုင်ငံဖြစ်ပြီး ငါးတင်ပို့နိုင်မှုတန်ဖိုး စုစုပေါင်းရဲ့(၁၅.၄၆%)၊ တတိယ အများဆုံး တင်ပို့နိုင်ခဲ့တဲ့ စင်္ကာပူနိုင်ငံကို တော့(၁၀.၀၃%) ၊စတုတ္ထအများဆုံးဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံကိုတော့ (၈.၈၇%) နှင့်ပဉ္စမအများဆုံး တင်ပို့နိုင်တဲ့ဈေးကွက်ဖြစ်တဲ့ UAE နိုင်ငွကိုတော့(၆.၅၀%) အသီးသီးဈေးကွက် ဝေစုသစ် ရှာဖွေပြီးစမ်းသပ် တင်ပို့နိုင်ခဲ့တာကတော့ ဂွာဒီလုပ်၊ကနေဒါ၊တောင်အာဖရိက၊အင်ဒိုနီးရှားနိုင်ငံနဲ့ မက္ကဆီကိုနိုင်ငံတို့ ဖြစ် ကြောင်း သိရှိရပါတယ်။ ငါးတင်ပို့မှုအနေနဲ့ ရေချိုငါးနဲ့ ရေငန်ငါးရယ်လို့အုပ်စုကွဲပြားပြီး ရေငန်ငါးကတော့ ပင်လယ်ပြင်ရဲ့ ရာသီဥတု အခြေအနေကို လိုက်ပြီးဖမ်းဆီးရမိသလောက် တင်ပို့နိုင်ပေမဲ့ ရေချိုငါးတင်ပို့မှုမှာ အဓိကပါဝင်တဲ့ မွေးမြူပြီး ထွက်ရှိလာ မှတင်ပို့ရတဲ့ မွေးမြူရေးငါးကတော့ဈေးကွက်အကြိုက်အမျိုးအစား၊အရည်အသွေးတို့ ကိုမိမိစိတ်ကြိုက်မွေးမြူပြီး တင်ပို့ ခွင့်ရှိပါတယ်။ ဈေးကွက်တစ်မျိုးတည်းကိုသာ တင်ပို့လို့ရတဲ့ ငါးမြစ်ချင်းငါးအမျိုးအစား မွေးမြူခြင်းထက် ဈေးကွက် အမျိုးမျိုးက ကြိုက်နှစ်သက်ပြီး ကာလတိုမွေးမြူလို့ရတဲ့ တီလားဗီးယား၊ ငါးရံ့၊ ငါးခူအစရှိသဖြင့် ငါးအမျိုးတို့ကို ပြောင်း လဲမွေးမြူခြင်းမျိုးအား သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များပေါင်းစပ်ပြီး ပြည်ပမှ နည်းပညာနှင့် အရင်းအနှီး ဖိတ်ခေါ်၍ ဆောင်ရွက်လျက်ရှိသဖြင့် ယခုထက်ပိုမို၍ တိုးမြှင့်တင်ပို့လာနိုင်မည့် အလားအလာများ ရှိနေကြောင်းလည်း သိရှိရပါတယ်။ ရေထွက်ကုန်ပစ္စည်း ပို့ကုန်လိုင်စင်လျှောက်ထားမှုအပိုင်းနဲ့ပတ်သက်လို့လည်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခင်က ငါးလုပ်ငန်းဦးစီးဌာန၏ (၃)လတစ်ကြိမ်ညှိနှိုင်းသတ်မှတ်သည့် ဈေးနှုန်းဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားခဲ့ရသော်လည်း ယခုအခါဈေးကွက်တွင် အမှန်တကယ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း အတိုင်း လိုင်စင်လျှောက်ထားခွင့်ပြုခြင်း၊ ယခင်ဝယ်ယူစုဆောင်းခွင့် လိုင်စင်ပါရှိမှသာ ပို့ကုန်လိုင်စင်လျှောက်ထားခွင့် ရှိသော်လည်း ယခုအခါဝယ်ယူစုဆောင်းခွင့် လိုင်စင်မပါရှိဘဲ လိုင်စင်လျှောက်ထားခွင့်ပြုခဲ့ခြင်း၊ ယခင် ပို့ကုန်လိုင်စင် လျှောက်ထားသည့်အခါတွင် (၃)ရက် မှ (၇)ရက်အတွင်းမှသာ လိုင်စင်ရရှိခဲ့သော်လည်း ယခုအခါတွင် ရေထွက်ပစ္စည်း လိုင်စင်လျှောက်ထားမှုနှင့် ပတ်သက်၍ Automatic Licensing System ဖြင့် လိုင်စင်လျှောက်ထားသည်နှင့် (၂၄)နာရီ အတွင်း ပို့ကုန်လိုင်စင်အတွင်း ရ ရှိအောင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ရေထွက်ပစ္စည်းတင်ပို့လျှက်ရှိတဲ့ ပို့ကုန် လုပ်ငန်းရှင်များအနေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်အောင်အတွက်လည်း နိုင်ငံတော်အနေနဲ့ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်တို့ကိုလည်း ကောက်ခံခြင်းမပြုဘဲ ဖြေလျော့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်။ သက်ဆိုင်ရာအစိုးရဌာနအသီးသီးအနေနဲ့ လုပ်ငန်းရှင်များလုပ်သာကိုင်သာဖြစ်အောင် ပွင့်လင်းမြင်သာစွာနဲ့ လုပ်ရကိုင်ရလွယ်ကူလျှင်မြန်အောင် ဆောင်ရွက်ပေး ခဲ့ပေမယ့် မြန်မာ့ရေထွက်ပစ္စည်းလုပ်ငန်းရှင်များအနေနဲ့ ဈေးကွက် ရရှိမှုကို ကြည့်မယ်ဆိုရင် End User ထိရောက်အောင် ဈေးကွက်ထိုးဖောက်ရောင်းချနိုင်ခြင်း အားနည်းနေသေးတာကို တွေ့ရှိရပါတယ်။သက်ဆိုင်ရာအသင်းအဖွဲ့၊ ကုန်သည်လုပ်ငန်းရှင်များနဲ့ သက်ဆိုင်ရာအစိုးရဌာနအသီးသီး တက်ညီ လက်ညီနဲ့ ပူးပေါင်းဆောင်ရွက် လျှက်ရှိတဲ့အတွက် EU ကအသိအမှတ်ပြုပြီး အရည်အသွေးပိုင်းမှာ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အအေးခန်းစက်ရုံကြီးတွေလည်းရှိနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။ အရည်အသွေးပိုင်းကို ဂရုတစိုက် ဆောင်ရွက်ပြီး ဈေးကွက်သစ်ရှာဖွေခြင်း၊ ရရှိပြီးသားဈေးကွက်များကို ရေရှည်ဆက်လက်တင်ပို့နိုင်အောင် ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။ အရည်အသွေးပိုင်းဂရုမစိုက်ဘဲ ဆောင်ရွက်ကြရင်တော့ ရရှိပြီးသားဈေးကွက်ပါ ပျက်သွားမှာ ဖြစ်ပါတယ်။ မြန်မာ့ရေထွက်ပို့ကုန်တင်ပို့နိုင်မှုဟာလည်း ပြန်လည်ကျဆင်းသွား မှာဘဲဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ လည်း မြန်မာ့ပို့ကုန်တွေကို End User ဈေးကွက်တွေအထိ ရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်ဖို့ အတွက် မကြာခင် အချိန်အတွင်း ကဘဲ မြန်မာ့ပို့ကုန်ဈေးကွက်နိုင်ငံအသီးသီးမှာ စီးပွားရေးသံမှူးတွေ ခန့်အပ်ဆောင် ရွက်နိုင်ဖို့အတွက် သင်တန်းတွေပေးဆောင်ရွက်နေတာကို ကြားသိနေရပါတယ်။ ပိတ်ဆို့မှုတွေ ဖယ်ရှားရှင်းလင်းခဲ့ပြီး ထင်သာမြင်သာရှိတဲ့ ဈေးကွက်စီးပွားရေးစနစ်ကြီးထဲမှာ မြန်မာ့ရေထွက် ကုန်ပစ္စည်းတွေ ယခုထက်ပိုမိုတိုးမြှင့်တင်ပို့နိုင်ပြီး နိုင်ငံ အတွက်နိုင်ငံခြား ဝင်ငွေတိုးမြှင့်ရှာဖွေပေးခြင်း၊ ပြည်တွင်းမှ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေခြင်း၊ရေထွက်ပစ္စည်းထုတ်လုပ်တင်ပို့နေတဲ့ ကုန်သည် လုပ်ငန်းရှင်များအကျိုးကျေးဇူးပိုမိုဖြစ်ထွန်းစေဖို့အတွက် ပြည်ပမှ နည်းပညာနှင့် အရင်းအနှီးများဖိတ်ခေါ် ဆောင်ရွက် ခြင်းအပြင် ကုန်သည်လုပ်ငန်းရှင်များ၊သက် ဆိုင်ရာအသင်း အဖွဲ့များ၊ သက်ဆိုင်ရာဌာနများတက်ညီလက်ညီဖြင့်ပူးပေါင်း ဆောင်ရွက်ကြမည်ဆိုပါက(ဥပမာ- မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာ့ငါးသလောက်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ ပြီး၎င်းမှတဆင့်သာ End User နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံငါးသလောက်အဖြစ် တင်ပို့ခံနေခြင်း မှကင်းဝေးပြီး) ယခုထက် ပိုမို၍အကျိုးကျေးဇူး များခံစားရရှိကြမှာ ဖြစ်ပါတယ်ခင်ဗျား…………….. Exp mg mg

Pages

Subscribe to ပညာပေး/လှုပ်ရှားမှုများ