ပေါ်ဦးပေါ်ဖျား ဈေးမငြိမ်သေးတဲ့နှမ်း။
မိုးကြိုနှမ်းကစပြီး၊ မိုးနှမ်းတစ်ချို့ပါ စတင်ထွက်ရှိလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆီအိုးကြီး၊ ဆီအိုးငယ်တွေ နားက ဆီအိုးတစ်လုံးဖြစ်တဲ့ ပဲခူး (အနောက်ပိုင်း)ပြည်မြို့က နှမ်းဈေးကွက်ကို တစ်စေ့တစ်စောင်းလေ့လာ တင်ပြလိုက်တာပါ။ ယခုနှစ် ပဲခူး (အနောက်ပိုင်း) ပြည်၊ ရွှေတောင်၊ ပန်း တောင်း၊ ပေါက်ခေါင်းဒေသတွေက မကွေးတိုင်းနဲ့ ရေမြေနီးစပ်ပြီး ပဲခူးရိုးမရဲ့ တောင်စွယ်တောင်နှာမောင်းတွေရှိတော့ မိုးဦးကျဆိုရင် မိုးလေ၀သ အခြေအနေကြည့်ပြီး မိုးကြို၊ မိုးနှမ်း ဆိုတာတွေ စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးတဲ့ နှမ်းမျိုးတွေကတော့ နှမ်းနီ၊ နှမ်းကြား၊ ပြာကြီး၊ ဆင်းရတနာ (၃)၊ ရိုးစိမ်း၊ ဘုတ်မွေး၊ စုံတက်၊ စမုံနက်၊ စိန်ပတ်လည် စတဲ့ မျိုးတွေပါ၊ ယခုနှစ် မိုးလေ၀သအခြေအနေကောင်းတော့ နှမ်းစိုက်တောင်သူတွေ အဆင် ပြေကြောင်း စတင်ရောင်းချလာတဲ့ နှမ်းစိုက် တောင်သူတွေက ပြောပြကြပါတယ်။ တောင်သူတွေက ရွာကနေ ပြည်မြို့ကိုနေ့စဉ်ထွက်တဲ့ ထော်လာဂျီလိုင်းကား တွေနဲ့တင်ပြီး ပြည်ဒေသ န၀ဒေးပွဲရုံတန်းတွေကို ရောက်လာတာပါ။ ညလယ်ဆိုရောက်လာ နံနက်မိုးလင်းတာနဲ့ ရောင်းချ ကိုယ်လိုအပ်တာတွေ ၀ယ်ခြမ်းပြီး ပြန်ကြတာပါ။ သူတို့နဲ့ တွေ့တော့ ယခုနှစ် မိုးဦးအနဲငယ်စောကြောင်း၊ မိုးရွာရက်များပေမဲ့ မိုးရေချိန်လက်မ ကတော့ သိပ်မများတော့ နှမ်းအကြိုက်ဖြစ်ကြောင်း၊ နှစ်စဉ် သြဂုတ်လကုန် (တော်သလင်းလဆန်း) လောက်မှ စပေါ်တတ်ပေမဲ့ ယခုနှစ်တော့ မိုးဦးစောလို့ စောစောပေါ်ပီး စတင်ရောင်းစချ နေရပြီဖြစ်ကြောင်း၊ သြဂုတ်လကုန်လျှင် လှိုင်လှိုင်ပေါ်နိုင်ကြောင်း နှမ်းအထွက်လည်းကောင်း ကြောင်းပြောကြားပါတယ်။ ပြည်ဒေသမှာက နှမ်းဝယ်ယူမှုအနေနဲ့ အုပ်စု ၄ ခုရှိကြောင်း၊ ပထမအုပ်စုက မန္တလေးဒေသအခြေခံ၍ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ပြည်ပတင်ပို့သော ၀ယ်လက်ဖြစ်ကြောင်း၊ ဒုတိယတစ်ခုကတော့ ရန်ကုန်ဘုရင့်နောင်ပွဲရုံ အခြေခံ၍ ဥလနမှနေ ဖြင့်တင်ပို့သော ပြည်ပတင်ပို့သည့် ၀ယ်လက်ဖြစ်ကြောင်း၊ တတိယ အုပ်စုကတော့ ဒေသအတွင်း ဆီကြိတ်ခွဲထုတ်လုပ်သည့် ၀ယ်လက်အဖွဲ့ဖြစ် ကြောင်း၊ ပြည်ဒေသမှ ဆီစက်ကြီး ၁ လုံး၊ စက်လတ် ၂၃ လုံးနှင့် စက်ကလေး ၆၁ လုံး စုစုပေါင်း ၈၅ လုံးလောက်ရှိကြောင်း သိရပါတယ်။ စတုတ္ထ၀ယ်ယူတဲ့ အုပ်စုကတော့ ဒေသတွင်းကုန်ပစ္စည်းသိုလှောင်ပြီး ပြန်လည်ရောင်းချသော လှောင်လက်အုပ်စုဖြစ်ကြောင်း သိရှိရပါတယ်။ ယခု လောလောဆယ်မှာတော့ တရုတ်ပြည် တင်ပို့သော မန္တလေးအခြေခံဝယ်လက်အဖွဲ့မှ စတင်ဝယ်ယူနေပြီဖြစ်ကြောင်း၊ ယခုနှစ် နှမ်းထွက်ကောင်းနိုင် ကြောင်း နှမ်းထွက်သလောက် ၀ယ်ယူနိုင်ကြောင်း ရောင်းလိုအား ရှိသလောက် ၀ယ်လိုအားလည်းရှိကြောင်း၊ န၀ဒေးပွဲရုံ နှမ်းဝယ်လက်အဖွဲ့များမှ ပြောကြားပါတယ်။ ဆီကြိတ်ခွဲသော အဖွဲ့များကတော့ လက်ရှိဆီဈေးနဲ့ နှမ်းဈေး အခြေအနေအရ ကြိတ်ခွဲလျှင်မကိုက်သေးကြောင်း ပြောကြားပါ တယ်။ နှမ်းဝယ်ယူရရှိမှုကတော့ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ရွှေတောင်ဒေသတွေအပြင် မကွေးတိုင်းအတွင်းက အောင်လံ၊ ကံမ၊ သရက်၊ ငဖဲ၊ ရှမ်းကန်၊ ရေနံမ၊ မင်းတုန်း၊ ရွှေချောင်း၊ ကန်တပ်၊ ကန်တုတ်၊ ကျောက်ပုံ၊ ဧရာဝတီတိုင်း၊ မြန်အောင်၊ ကြံခင်းအစရှိသည့် ဒေသများမှ လာရောက် ရောင်းချကြကြောင်း သိရှိရပါတယ်။
နှမ်းရောင်းပြီးလိုအပ်တာတွေဝယ်တဲ့အထဲမှာ ဆန်လည်းပါတာမို့ ယခုလို ဆန်ဈေးအေးချိန်မှာ ရောင်းဝယ်ရတာဖြစ်လို့ ဆန်သမားတွေလည်း အဆင်ပြေနိုင်ကြောင်း သိရပါတယ်။ ယခုနှစ်နှမ်းဈေးကတော့ ၄၅ ပိဿာ တစ်အိတ်ကို နှမ်းနီက ၇၇၀၀၀ ကျပ်၊ နှမ်းနက်က ၈၈၀၀၀ ကျပ်၊ နှမ်းကြားကလည်း ၇၇၀၀၀ ကျပ်၊ ပြာကြီးက ၈၈၀၀၀ ကျပ်၊ စမုံနှမ်းက ၉၅၀၀၀ ကျပ်ရှိကြောင်း၊ နှမ်းပေါ်ဦးဖြစ်၍ အစိုဓါတ်အနည်းငယ်ရှိကြောင်း ဈေးနှုန်းတည်ငြိမ်မှုမရှိသေးကြောင်း၊ အဓိကတရုတ်နိုင်ငံတင်ပို့သော အဖွဲ့၏ ၀ယ်ယူမှုအပေါ်တွင် ဈေးနှုန်းကတည်နေကြောင်း လေ့လာသိရှိရ ပါတယ်။ ဒါကြောင့်မို့ ပေါ်ဦးပေါ်ဖျား ဈေးကစားနေသေးတဲ့ နှမ်းအကြောင်း တစ်စေ့တစ်စောင်း လေ့လာတင်ပြလိုက်ရပါတယ်။
ကျော်သူ |