MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (03 - 09 - 08)

ပြည်ပဈေးကွက်ရောက် မြန်မာ့ပိန်းရိုးခြောက်။

ညောင်တုန်းမြို့နယ်ရှိ မဲဇာလီအုပ်စု၊ ညောင်ရွာအုပ်စု၊ ငှက်ပျောကျွန်းအုပ်စုနှင့် ရေကျော်ကျေးရွာအုပ်စုများတွင် ပိန်းရိုးခြောက်လုပ်ငန်းကိုစီးပွားဖြစ်လုပ်ကိုင်ကြပါတယ်။ ပိန်းပင် များဟာ အလေ့ကျပေါက်သော အပင်ဖြစ်ပြီး ၎င်းကို တိရစ္ဆာန်အစာအဖြစ်လည်းကောင်း၊ လူအစားအစာအဖြစ်လည်းကောင်း၊ အသုံးပြုကြပါတယ်။ အင်းချောင်း၊ ဒုန်ချောင်း၊ ကွင်းစပ်ချောင်းစောင်း များတွင်းပိန်းပင်များ ထူပြောစွာပေါက်ရောက်နေတာကို တွေ့ရှိရပြီး ပိန်းတောအခင်းများကို အင်းသမားမြေပိုင်ရှင်များထံမှ ရေနက်ကွင်းရှိ ပိန်းပင်ပေါက် မြေကို ဧကချုပ်၍လည်းကောင်း၊ မျက်မြင်အနေအထာဖြင့် အခင်းချုပ်၍လည်းကောင်း ၀ယ်ယူကြပါတယ်။
ဝယ်ယူထားတဲ့ ပိန်းခင်းများမှာ ဒီဇင်ဘာလမှ စ၍ လုပ်ငန်းဝင်ပြီး ဧပြီလကုန်မှာ လုပ်ငန်းသိမ်းပါတယ်။ ပိန်းခင်းတစ်ဧကကို ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိ ပေးပြီးစာချုပ် ချုပ်၍ ၀ယ်ယူကြပါတယ်။ တစ်ဧကကို ပင်ခုတ်လုပ်သား ၂ ဦး၊ အခွံခွာကျွမ်းကျင်လုပ်သား ၅ ဦးလိုအပ်ပြီး၊ လုပ်ငန်း၌ ပင်ခုတ်လုပ်သားအရေးမကြီးသော်လည်း အခွံခွာရန် အတွက် ကျွမ်းကျင်လုပ်သားရရန် အလွန်အရေးကြီးပါတယ်။ သို့မှသာ ရာသီချိန်အတွင်း လုပ်ငန်းတွင်ကျယ်အောင်မြင်မှာဖြစ်ပါတယ်။
ခုတ်ခနှုန်းမှာ ပိန်းအစို ၁၀၀ ပိဿာအတွက် ၅၀၀ ကျပ်၊ အခွံခွာလုပ်ခအနေဖြင့် လုပ်သားတစ်ဦးအတွက် စားစရိတ်ငြိမ်း တစ်လကို ၁၅၀၀၀ ကျပ် ပေးရပါတယ်။ အခွံခွာ လုပ်ငန်းအတွက် ကျွမ်းကျင်သော လုပ်သားရှားပါးသဖြင့် လုပ်ခများကြိုတင်ပေးထားရခြင်း ဒေသတွင်း၌မရပါက အခြားဒေသမှာ ကျွမ်းကျင်လုပ်သားများကိုခေါ်ယူအသုံးပြုရမှု လည်းရှိပါတယ်။ စာချုပ်၍၀ယ်ယူထားတဲ့ ဧကများမှာ ရာသီချိန်အတွင်း အနည်းဆုံး ၂ ကြိမ်မှ ၃ ကြိမ်ထိ ခုတ်ယူနိုင်ပါတယ်။
ပိန်းရိုးခြောက် ထုတ်လုပ်တဲ့နည်းစနစ်မှာ ပိန်းပင်များကို ခုတ်ပြီး အခွံခွာ၍ အခွံခွာပြီးသား ပိန်းရိုးများကို တန်းများဖြင့် ၂-၃ ရက်နေလှမ်းရပါတယ်။ ပူပြင်းခြောက်သွေ့သော ရာသီ၌ ပိန်းရိုးအရောင်ကိုကြည့်ပြီး ရုတ်သိမ်းရပါတယ်။ အရောင်နီခြင်းအခြောက်လွန်ခြင်းဖြစ်နေပါက ၀ယ်ယူခြင်းမရှိပါ။ ပိန်းရိုးအစို တစ်ပိဿာမှ ပိန်းရိုးခြောက် ၄၀ ကျပ်သာ ရရှိနိုင်ပြီး၊ အခြောက်တစ်ပိဿာလျှင် ၈၅၀ ကျပ်မှ ၉၅၀ ကျပ်အထိ အခြေခံဈေးရရှိနိုင်ပြီး ပိန်းရိုးခြောက်အရည်အသွေးကောင်းလျှင် ကောင်းသလို ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိလည်းရရှိပါတယ်။
တစ်ဧကကို အခြောက်ပိဿာချိန် ၉၄၀ ရရှိပြီး တစ်ရာသီအတွင်း အခြောက်ကုန်ချိန် ပိဿာ ၃၀၀၀ မှ ၅၀၀၀ အနည်းဆုံးရရှိနိုင်ပြီး၊ တစ်ရာသီကို ၃/၄ ပြန်ခုတ်သိမ်းနိုင်သဖြင့် ၅ လအတွင်း တစ်ဦးကို ၄ သိန်းမှ ၆ သိန်းအထိ လုပ်ငန်းရှင်များ အကျိုးအမြတ်ရသဖြင့် တွက်ခြေကိုက်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
ညောင်တုန်းမြို့နယ်မှာ ဆားမလောက်ကျေးရွာအုပ်စု၊ မဲဇလီကျေးရွာအုပ်စု၊ ညောင်ရွာကျေးရွာအုပ်စုဟာ နှစ်စဉ်နှစ်တိုင်းလုပ်ကိုင်ကြတဲ့အုပ်စုများဖြစ်ပါတယ်။ မဲဇလီအုပ်စု တံတားကြီးအနီးတွင် အဆင့်မြင့် ကုမ္ပဏီလီမီတက် တစ်ခုဖွင့်၍ ပိန်းရိုးခြောက်များဝယ်ယူပြီး ကိုရီယားနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ကွန်တိန်နာများဖြင့် တင်ပို့ခဲ့ရာ လုပ်သက်အားဖြင့် ဆယ်နှစ်ခန့်ရှိပြီးဖြစ်ပါတယ်။ ၎င်းလုပ်ငန်းကို ပူပြင်းခြောက်သွေ့တဲ့ရာသီချိန်၌သာ ထုတ်လုပ်ကြပြီး၊ မိုးရာသီမှာ ပိန်းရိုးများရိခြင်း၊ မှိုကပ်ခြင်း၊ မှိုစွဲတတ်ခြင်းများဖြစ်ပေါ်တတ်၍ ထုတ်လုပ်မှုမရှိပါ။
ရောင်းတန်းဝင်ပိန်းရိုးခြောက်ကို ရေနွေးထည့်ထားသော ပန်းကန်တွင်ထည့်ပြီး ဒုတ် (သို့) တူဖြင့် မွှေကြည့်ပါက အမျှင်မပြတ်သော ပိန်းရိုးခြောက်ဟာ အရည်အသွေး ကောင်းမွန်ပြီး အမျှင်ပြတ်များပါကအရည်အသွေးညံ့ကြောင်း သိရှိရပါတယ်။
ပိန်းရိုးခြောက်များကို ကိုရီးယား၊ တရုတ်နိုင်ငံများက အသားတုပြုလုပ်ရောင်းချခြင်း၊ ခေါက်ဆွဲဟင်းချို၌ ထည့်၍စားသုံးခြင်းမှိုခြောက် ပန်းခြောက်များနှင့် ရော၍ ရောင်းချခြင်း၊ သတ်သတ်လွတ်အစာများ၌ပါဝင်သဖြင့် အရောင်းသွက်ခြင်းတို့ကြောင့် ပြည်တွင်းရော၊ ပြည်ပနိုင်ငံများပါဝယ်လိုအားကောင်းလာကြောင်းသိရှိရပါတယ်။

အောင်ငြိမ်း