ရာသီမရွေး စားသုံးနိုင်တဲ့ တရုတ်ပန်းသီး။
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တရုတ်ပန်းသီးများအရောင်းအ၀ယ်ဖြစ်နေပြီး ပြည်သူများအလွယ်တကူ ဆယ့်နှစ်ရာသီဝယ်ယူစားသုံးနိုင်ကြောင်းသိရပါတယ်။ လွိုင်ကော်မြို့သို့ ရောက်ရှိလာသည့် တရုတ်ပန်းသီးများသည် မူဆယ်၊ နန်းခမ်း၊ ဗန်းမော်မြို့များမှတဆင့် မန္တလေးမြို့သို့ရောက်ရှိလာပြီး မန္တလေးမြို့မှတဆင့် လွိုင်ကော်မြို့သို့ မီးရထားဖြင့်လည်းကောင်း၊ ကားဖြင့်လည်းကောင်း ရောက်ရှိလာပါတယ်။ တရုတ်ပန်းသီး အမျိုးအစားများကတော့ ပန်းသစ်တော်၊ နှင်းသစ်တော်၊ မက်မွန်၊ ငါးမြှောင့်၊ တောကျွတ်နှင့်ကျွတ်ရှယ်ဟူ၍ အမျိုးအစား ၆ မျိုးရှိတယ်လို့သိရပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာတော့ ရောင်းအားကောင်း၊ လူကြိုက်လည်းများတဲ့ ကျွတ်ရှယ်ပန်းသီးတွေ အရောင်းအ၀ယ်ဖြစ်နေကြောင်း သိရပါတယ်။ လွိုင်ကော်မြို့တွင် တရုတ်ပန်းသီးများဟာ စက်တင်ဘာလပိုင်းနဲ့ အောက်တိုဘာလပိုင်းများတွင် ဖြိုင်ဖြိုင်ဝင်ရောက်ကြောင်းနဲ့ လွိုင်ကော်မြို့၏ တရုတ်ပန်းသီးဈေးကွက်မှာ ယခုလက်ရှိ သြဂုတ်လ နောက်ဆုံးအပတမှာ ပန်းသစ်တော်ပန်းသီးတစ်လုံးကို ၆၀၀ ကျပ်၊ မက်မွန်သီးတစ်လုံးကို ၅၀၀ ကျပ်၊ ငါးမြှောင့်ပန်းသီး တစ်လုံးကို ၃၅၀ ကျပ်၊ နှင်းသစ်တော်ပန်သီးတစ်လုံးကို ၆၀၀ ကျပ်၊ တောကျွတ်ပန်းသီးတစ်လုံးကို ၂၅၀ ကျပ်မှ ၃၀၀ ကျပ်ထိ ဈေးရှိသော်လည်း ကျွတ်ရှယ်ပန်းသီးကတော့ လွိုင်ကော်မြို့တွင် တစ်လုံးကို ၅၀၀ ကျပ်နှုန်းရှိပါတယ်။ အရောင်းအ၀ယ်လဲသွက်၊ လူကြိုက်လဲများသောကြောင့် မျက်နှာပန်းလှသော ပန်းသီးဖြစ်ကြောင်း၊ ယခင်က ကယားပြည်နယ်တွင် ပန်းသီးကို ရှားပါးစွာဝယ်စားရသော အသီး ဖြစ်သော်လည်း၊ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှစ၍ ယခုအချိန်အထိ ပန်းသီးများကို လွယ်လင့်တကူဝယ်ယူစားသုံးနိုင်ကြပါပြီ။ ပန်းသီးများကို မန္တလေးမှတစ်ဆင့် စက္ကူကဒ်ဖာများဖြင့် တစ်ဖာလျှင် အလုံးအရွယ်အစားပေါ်မူတည်ပြီး လုံးရေ ၄၀၊ ၅၀၊ ၆၀၊ ၁၃၀ အရေအတွက် ပါရှိကြောင်းသိရပါတယ်။
ကယားပြည်နယ်တွင် စိုက်ပျိုးထွက်ရှိမှုမရှိတဲ့ ပန်းသီးများကို ယခုအချိန်မှာတော့ ပြည်သူများ လွယ်ကူစွာဝယ်ယူစားသုံးနိုင်ကြောင်းနဲ့ လွိုင်ကော်မြို့သို့ တစ်လကို တရုတ်ပန်းသီး စက္ကူကဒ်ဖာများ ၃၀၀ မှ ၄၀၀ အထိ ဆယ့်နှစ်ရာသီဝင်ရောက်လျက်ရှိကြောင်း တင်ပြလိုက်ရပါတယ်။
ကျော်ဆန်း |