ကြက်ပေါင်စေး (ရာဘာ)။
ရာဘာသည် မိုးရေချိန် ၄၀ လက်မအထက် တစ်နှစ်လျှင် မိုးရွာရက်ပေါင်း ၉၀ မှ ၁၀၀ အထိ၊ အပူချိန်အားဖြင့် ၅၅ ဒီဂရီဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီဖာရင်ဟိုက်ရှိသော ဒေသများတွင် စိုက်ပျိုးနိုင်သည်။ ကြိုက်နှစ်သက်သော မြေအမျိုးအစားမှာ သဲမဆန်လွန်း၊ မစေးလွန်း၊ နှုံးမြေ၊ မြေသားထူသော မြေမျိုးကို ကြိုက်နှစ်သက်သည်။
မြောင်းမြမြို့နယ်အနေနှင့် ၁၉၉၄-၉၅ ခုနှစ်မှ စီမံကိန်းဖြင့် စတင်စိုက်ပျိုးလာရာ ၂၀၀၅-၂၀၀၆ တွင် ၄၅၃ ဧက၊ ၂၀၀၆-၂၀၀၇ တွင် ၁၉၆၄ ဧက၊ ၂၀၀၇-၂၀၀၈ တွင် ၃၀၀၂ ဧကထိ ရှိလာပြီး တစ်နှစ်ထက်တစ်နှစ် ရာဘာစိုက်ပျိုးမှုပိုလာကြောင်း တွေ့ရသည်။ ယင်း ၃၀၀၂ ဧကမှ တပ်ရင်းတပ်ဖွဲ့ ၃၂၄ ဧက၊ ပုဂ္ဂလိကလုပ်ငန်းရှင် ၁၂၀၀ ဧက၊ တစ်နိုင်တစ်ပိုင်ဒေသခံတောင်သူ ၁၄၇၈ ဧကဖြစ်သည်။ အစေးခြစ်နိုင်သောဧကအနေဖြင့် ၁၃၁ ဧကရှိသည်။ တစ်ဧကအထွက်နှုန်းမှာ ပျမ်းမျှ ၆၃၀ ပေါင်ရှိကြောင်း သိရသည်။ အစေးအများဆုံးခြစ်နိုင်သော ရာဘလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ ၎င်း၏ခြံတွင် ရာဘာဧက ၅၀ ခန့်စိုက်ပျိုးထားပြီး အစေးခြစ်ဧကမှာ ၁၈ ဧကရှိသည်။ မနှစ်ကပေါင် ၆၀၀၀ ခန့်ရကြောင်း၊ တစ်ပေါင်လျှင် ၁၁၀၀ ကျပ်မှ ၁၂၀၀ ကျပ်ရောင်းရကြောင်း၊ ယခုနှစ်တွင် အောက်တိုဘာလ၀က်မှ အစေးစခြစ်ရာ ပေါင် ၁၀၀၀၀ ခန့်မှန်းကြောင်း၊ ဈေးနှုန်းမှာ ၁၀၈၀ ကျပ်မှ ၁၂၅၀ ကျပ်အထိရောင်းရကြောင်း၊ ၎င်းတို့ရာဘာအဆင့်သည် မှိုင်းခံအဆင့်-၃ ၀င်ကြောင်း၊ ရန်ကုန်မြို့ ဘုရင့်နောင်နှင့် တောင်ဥက္ကလာပသို့ တင်ပို့ ရောင်းချကြောင်းသိရသည်။
ကျော်လင်း |