MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (08 - 03 - 2010)

ဈေးကောင်းရနေတဲ့ တရုတ်စကားပန်းခြောက်။

ပဲခူးတိုင်းအနောက်ပိုင်းရဲ့ ပရဆေးနဲ့ အမယ်သစ်ရောင်းဝယ်တဲ့ ပွဲရုံများမှာ တရုတ်စကားပန်းခြောက်များ အရောင်းအ၀ယ်ဖြစ်နေတာ တွေ့ရပါတယ်။ တရုတ်စကားပန်းများဟာ ဖေဖော်ဝါရီလဆန်းမှာ စတင်ဖူးပွင့်ပြီး ဇွန်လအထိ အပွင့်ဖြိုင်ဖြိုင်ပွင့်ကြပါတယ်။
တရုတ်စကားပင်ကို မျိုးစေ့ဖြင့်လည်းကောင်း ပျိုးကိုင်းများပြုလုပ်ပြီးလည်းကောင်း စိုက်ပျိုးကြပါတယ်။ တရုတ်စကားပင်များဟာ စတင်စိုက်ပျိုးပြီး ၆ လမှ ၁ နှစ်အတွင်း စတင်ဖူးပွင့်ကြပါတယ်။ တရုတ်စကားပွင့်မှာ အဖြူ၊ အနီ၊ အ၀ါ ၃ မျိုးရှိပြီး အမျိုးအစားမရွှေး အရောင်းအ၀ယ်ဖြစ်ပါတယ်။ သက်ရင့်တရုတ်စကားပင်တစ်ပင်ကို တစ်နေ့ ၃ ကြိမ်ခန့် ကောက်ယူနိုင်ပြီး အပွင့်အစို ၂ ပိဿာမှ ၃ ပိဿာအထိ ရရှိပါတယ်။ အခြောက်လှန်းပါက အစိုတစ်ပိဿာကို အခြောက် ၂၅ ကျပ်သားမှ ၃၀ ကျပ်သားအထိ ရရှိပါတယ်။ အပွင့်အခြောက်များကို အမွှေးတိုင်၊ ခေါင်းလျှော်ရည်၊ ရေမွှေးနှင့် ဆပ်ပြာစသည့် လူသုံးကုန်ပစ္စည်းများ ပြုလုပ်ရာတွင်လည်းကောင်း၊ ပရဆေးအဖြစ် အစာကြေဆေးများ ထုတ်လုပ်ရာတွင်လည်းကောင်း အသုံးပြုကြောင်း သိရပါတယ်။
ပြည်မြို့ရှိ အမယ်သစ်ပစ္စည်းများ ရောင်းဝယ်သောပွဲရုံများမှတစ်ဆင့် မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချကြပါတယ်။ ယခုလက်ရှိ ပြည်မြို့အမယ်သစ်ဈေးကွက်မှာ တရုတ် စကားပန်းခြောက် တစ်ပိဿာကို ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဈေးအထိရှိကာ အရောင်းအ၀ယ်ဖြစ်လျက်ရှိတာကို တွေ့ရပါတယ်။
အိဆွေဇင် - ပြည်