နာဂစ်အတွက် ဖြည့်ဆည်းပေးနေတဲ့ ပဲခူးအနောက်ရဲ့ ဟင်းသီးဟင်းရွက်ဈေးကွက်။
မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ ပြည်သူများ စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ထိုသို့သော အခက်အခဲများကို မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများသာမက နိုင်ငံခြား တိုင်းပြည်စေတနာရှင်များကပါ အားဖြည့်ကူညီပေးလျက်ရှိသည်ကို တွေ့ရသည်။ ဤသို့အဘက်ဘက်မှ ဖြည့်ဆည်းပေးလျက်ရှိရာတွင် ပဲခူးတိုင်းအနောက်ပိုင်းမှလည်း လေဘေးကြောင့် ပျက်စီးမှုများအတွက် စားသုံးသူများ အဆင်ပြေစေရန် ဈေးကွက်ပုံမှန်လည်ပတ်နေသော ကုန်စည်များ ပြတ်လပ်မှု မရှိစေရန်အတွက် ယခင်ကထက်ပို၍ ရထား၊ ကားတို့ဖြင့် တိုးချဲ့တင်ပို့လျက်ရှိပါသည်။ ဆန်၊ ဆန်ကွဲ၊ ဖွဲနု၊ ကြက်၊ ၀က်၊ နွား၊ငါး၊ မတ်ပဲ၊ ကြက်သွန်နီ၊ ပဲစင်းငုံ၊ မြေပဲ၊ ကုန်စိမ်းအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို တင်ပို့ရောင်းချလျက်ရှိပါသည်။ ဟင်းသီးဟင်းရွက်များ၏ဈေးကွက်ကဏ္ဍမှာ အဓိကနေရာမှ ပါဝင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။နေ့စဉ်ကုန်စည်များကို ရထား၊ ကားတို့ဖြင့် တင်ပို့လျက်ရှိရာတွင် ဟင်းသီးဟင်းရွက်များ၏ တင်ပို့မှုပမာဏမှာ တစ်နေ့လျှင် ရထားဖြင့် ပိဿာ ၇၀၀၀ မှ ၈၀၀၀ နှင့် ကားဖြင့် ပိဿာ ၁၇၅၀၀ မှ ၁၈၀၀၀ ပိဿာထိ တင်ပို့လျက်ရှိကြောင်း တွေ့ရပါသည်။ ကားတစ်စီးလျှင် ပျမ်းမျှပိဿာ ၅၅၀၀ မှ ၆၀၀၀ တွင် ပါဝင်လျှက်ရှိရာ နေ့စဉ် လတ်ဆပ်သော ဟင်းဟီးဟင်းရွက်များနှင့် ကုန်စည်မျိုးစုံတို့ကိုအဆက်မပြတ်တင်ပို့ ဖြည့်ဆည်းရောင်းချလျက်ရှိကြောင်းတွေ့ရသည်။
လှလှအောင် |