အောင်မြင်နေသောမြစ်ကြီးနားရာဘာ။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ၂၃ မိုင် အကွာတွင်ရှိသော လွဲခေါကျေးရွာအနီးတွင် တောင်ကိုးလုံး အမည်ရှိ ဧက ၇၀၀ ကျော် ရာဘာခြံကြီးကို ၁၉၉၇ ခုနှစ်တွင် စတင် အကောင်အထည်ဖော် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
ရာဘာပင်များကို နှစ်အလိုက်တစ်နှစ်လျှင် ဧက ၁၀၀ နှုန်းဖြင့် စတင်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး တစ်ဧကလျှင် အပင် ၂၄၀ စိုက်ပျိုးခဲ့ပါသည်။ ၆ ပေပတ်လည်တန်းခြားစိုက်ပျိုး နည်းဖြစ်ပါသည်။ ပထမဆုံးစိုက်ပျိုးခဲ့သည့်မျိုးမှာ နန်မတုန်မျိုး (နောင်နန်းမျိုးသန့်ပင်) ဖြစ်ပြီး နောက်ပိုင်းတွင် ဖူးဆက်၊ ကိုင်းပွား RRIM-600 နှင့် BPM-24 မျိုးများကိုလည်း စိုက်ပျိုးခဲ့ပါသည်။ တစ်ပင်နှင့်တစ်ပင် ၆ ပေပတ်လည်ခြားသည့်အတွက် အပင်ခြေသန့်ရှင်းပြီး မီးဘေးရန် အတွက်လည်း အကောင်းဆုံးဖြစ်ကြောင်း သိရှိရပါသည်။
ခြံဝင်းအတွင်းတွင် ရာဘာအပြင် မင်းဂွတ်သီး၊ ဇာတိပ္ဖိုလ်သီး၊ သမလန်းနှင့် သစ်မွှေးပင်များကိုလည်း မြေအနေအထားအရ စမ်းသပ်စိုက်ပျိုးထားခြင်းမှ အောင်မြင်ဖြစ်ထွန်းနေ သည်ကိုလည်းတွေ့ရှိခဲ့ရပါသည်။ ရာဘာဖူးဆက် ကိုင်းပွားပင်များကို ၂၀၀၇ ခုနှစ် မတ်လထဲတွင် ကိုင်းကူးခဲ့ပြီး ယခုစိုက်ပျိုးရာသီတွင် စိုက်ပျိုးရန် အသင့်အနေအထားရှိနေ သည်ကိုလည်း တွေ့မြင်ရပါသည်။ ရာဘာပင်များ စိုက်ပျိုးတွေ့ရှိချက်များအရ BPM-24 မျိုးသည် အကြောများပြီး အစေးထွက်အလွန်ကောင်းသည်ဟုလည်း ရှင်းလင်းချက်အရ သိရှိရပါသည်။ တစ်ရာသီထွက်နှုန်းအနေဖြင့် ခြံတွင် ၈.၅ ပေါင်ရှိပြီး တစ်ဧက၏ တစ်ရာသီထွက်နှုန်းအနေနှင့် ၂၀၄၀ ပေါင်ရှိပါသည်။ လက်ရှိအခြေအနေတွင် အစေးလှီးဧက ၅၀ ရှိသည့် အတွက်ကြောင့် ၁၀၂၀၀၀ ပေါင်ရရှိပါသည်။ ခြံအနေဖြင့် ရာဘာတစ်ပေါင်လျှင် ၁၀၀၀ ကျပ်သတ်မှတ်နှုန်းဖြင့် ယခုတစ်ရာသီ ရာဘာခြံ၏၀င်ငွေစုစုပေါင်း ကျပ်သိန်း ၁၀၀၀ ကျော်ရရှိကြောင်း သိရှိခဲ့ရပါသည်။
ရာဘာတစ်တန်ရရှိတိုင်း ကုန်ကျငွေအနေနှင့် အစေးခြစ်ခနှင့် အစေးကြိတ်ခစရိတ်မှာ -
(၁) အစေးခြစ်ခ တစ်ပေါင် ၁၅၀ ကျပ်နှုန်းဖြင့် ၂၂၄၀ ပေါင် _ ၁၅၀ ကျပ် = ၃၃၆၀၀၀ ကျပ်
(၂) အစေးကြိတ်ခ တစ်ပေါင် ၅၀ ကျပ်နှုန်းဖြင့် ၂၂၄၀ ပေါင် _ ၅၀ ကျပ် = ၁၁၂၀၀၀ ကျပ်
(၃) မိုင်းထိုးတစ်ဦးနေ့ + ည ၄၀၀၀ ကျပ် ၅ ရက် _ ၄၀၀၀ ကျပ် = ၂၀၀၀၀ ကျပ်
(၄) မိုင်းထိုးထင်းတစ်တန်ပြီးတိုင်း (၅ ကား) ၅ ကား _ ၇၀၀၀ ကျပ် = ၃၅၀၀၀ ကျပ်
ရာဘာတစ်တန်၏ကုန်ကျငွေစုစုပေါင်း = ၅၀၃၀၀၀ ကျပ်
အောင်မြင်သည့် ရာဘာစိုက်ပျိုရေးကိုစိတ်ပါဝင်စားသော အခြားသောဒေသခံမည်သူမဆို ရာဘာပင်အကြောင်းနှင့်ပတ်သက်၍ နည်းပညာပိုင်း၊ စိုက်ပျိုးရေးပိုင်း လိုအပ်ချက် ကိစ္စအ၀၀ကို ကူညီဖြေရှင်း ပေးရန် အတွက် ရာဘာမျိုးကိုပေးပြီး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းထွက်ရှိမှ ( ခုနှစ်နှစ်အာမခံ) ငွေပြန်ပေးရန်လည်း တောင်ကိုးလုံးရာဘာခြံပိုင်ရှင်မှ စီစဉ်လျက်ရှိကြောင်းသိရှိရပါသည်။
မောင်မောင်ခိုင် |