လွိုင်ကော်ဖူးစားပြောင်း အရောင်းသွက်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဖူးစားပြောင်း၊ ခြံပြောင်းဖူးများ ရောင်းအားကောင်းနေကြောင်း သိရပါသည်။ ခြံပြောင်းများ အများဆုံးစိုက်ပျိုးကြသည့် ကယားပြည်နယ်၏ လင်ဖုံလေးရွာ၊ လောပိတ၊ မှိုင်းလုံး ကျေးလက်ဒေသများတွင် မေလမှစ၍ ဇွန်လအထိ ပြောင်းဖူးများထွက်ပေါ်ကြပြီး ကယားပြည်နယ်ဈေးများတွင် အရောင်း အ၀ယ်ကောင်း နေကြောင်း သိရပါသည်။ ကယားပြည်နယ်ထွက် ဖူးစားရှမ်းပြောင်းများ၏ဈေးကွက်မှာ အစိမ်း ၁၀ဖူး အစီးတစ်စီးကို ၃၀၀ ကျပ်၊ ၄၀၀ ကျပ်ထိဈေးရှိပြီး တချို့ဈေးသည် များလည်း ပြုတ်ပြီးတစ်ဖူးကို ၅၀ ကျပ်မှ ၆၀ ကျပ်ထိ ၅ ဖူး၊ ၁၀ ဖူး တစ်စည်းစီး၍ ရောင်းချကြောင်းသိရပါသည်။
ကယားပြည်နယ်တွင် ဖူးစားရှမ်းပြောင်းများကို စောစောစိုက်ပြီးထွက်ပေါ်ချိန်မှာလည်း ဈေးကောင်းရသောကြောင့် ပြောင်းစိုက်တောင်သူများအနေဖြင့် ရေလောင်း စိုက်ခြင်း ကြောင့် ပင်ပန်းသော်လည်း အကျိုးရှိသဖြင့် စိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ကယားပြည်နယ်၏ ရှမ်းပြောင်းဖူးများကို စိုက်ပျိုးသူများအနေဖြင့် တစ်ဧက၀င် ရှမ်းပြောင်းခင်းတစ်ခင်း ကို အဖူးရေ ၄၅၀၀ မှ ၅၀၀၀ အထိထွက်ရှိနိုင်ကြောင်းသိရသည်။ ပုတ်ပြတ် စနစ်ဖြင့် အခင်းပြတ်တစ်ဧကကို ၉၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်ထိ ခန့်မှန်းဝယ်ယူကြသည်။ ကယားပြည်နယ်ထွက် ရှမ်းပြောင်းဖူးမှာ နူးညံ့ပြီးချိုသောအရသာရှိခြင်းကြောင့် ပြောင်းစိုက်တောင်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးချဲ့ စိုက်လာကြောင်းနှင့် ဖူးစားရှမ်း ပြောင်းဖူးများ စိုက်ပျိုးထွက်ရှိချိန်အပြီးတွင် ၈၈၈ အမှတ်တံဆိပ်ပါ အမျိုးအစား အစေ့ထုတ်ပြောင်းများကို ဆက်လက်စိုက်ပျိုးကြပြီး တောင်သူများ ပြောင်းဖူးစိုက်ခြင်းကြောင့် နှစ်စဉ်ဝင်ငွေများ ကောင်းနေကြောင်းသိရသည်။
ကျော်ဆန်း
|