ဈေးနှုန်းဆိုတာ ကျတိုင်းကောင်းသလား။
ကျွန်တော်တို့အပါအ၀င် မြို့နေလူတန်းစားဆိုတာ စားသုံးသူအရေအတွက်က ၉၅ ရာခိုင်နှုန်းလောက် မဟုတ်လား။ ဈေးတက်တာနဲ့ ဈေးကျတာ ဘယ်ဟာကြိုက်သလဲမေးကြည့်၊ ဈေးကျတာကြိုက်တာပေါ့။ ဒါမှ အရင်က ပစ္စည်းတစ်ခုနှစ်ခုဝယ်လို့ ရတဲ့ငွေပမာဏဟာ သုံးလေးခုဝယ်လို့ရနိုင်တာပေါ့။ ငွေပိုရင် အခြားဘက်မှာ တောင် သုံးလို့ရသေးတယ်။ ဘာကတော့ ဈေးကျတယ်ဟေ့ဆိုရင် စားသုံးသူတွေဟာ တပြုံးပြုံးနဲ့ လက်ခုပ်တီးပြီး ကြိုဆိုကြပါတယ်။
ဈေးကွက်သဘောတရားအရလည်း ၀ယ်လိုအားထက် ရောင်းလိုအားကများလို့ ဈေးကျတာလို့ ပြောနိုင်တယ်။ ရောင်းလိုအားက သိပ်မရှိပဲ၊ ၀ယ်လိုအားတွေက သိပ်လိုက်နေရင် ဈေးတက်သွားမှာပဲ။ ဒါက အရောင်းအ၀ယ်ရဲ့ နိယာမပဲ။ ဒီနှစ်ထဲမှာ ကုန်ပစ္စည်း နှစ်မျိုးအကြောင်း ကွက်ပြီးနမူနာအနေနဲ့ ကြည့်ရအောင်။ ကြက်သွန်နီနဲ့ ထန်းလျက်ပါ။ အရင်နှစ်တွေက ရွှေထီးဆောင်းခဲ့တာတွေ ပြန်ပြောနေရင် ရှည်သွားလိမ့်မယ်။ ဒီနှစ်ကြက်သွန်ကတော့ မစိုက်ဖူးတဲ့ မြေလွတ်မြေရိုင်းတွေမှာလည်းစိုက်၊ မြေမလွတ်မြေမရိုင်း တွေမှာလည်းစိုက်၊ မစိုက်ဖူးတဲ့ အောက်မြန်မာပြည် တိုင်းနဲ့ပြည်နယ်တွေမှာလည်း တိုးစိုက်၊ ပုံမှန်စိုက်နေကြမှာလည်း တိုးချဲ့စိုက်ရာမှ ဆောင်းကြက်သွန် ကလည်း တပေါင်း တန်ခူးလမှာ တစ်ပြိုင်တည်းပေါ်တော့ ရောင်းလိုအားတွေ အလွန်အင်မတန် များပြီး ၀ယ်လိုအားတွေ လက်မှိုင်ချဆလံတင်ကြရပါတယ်။ အဲဒီလိုနဲ့ ငွေပေါ်ရောင်းရင်းနဲ့ပဲ ချရောင်း၊ ချရောင်းနဲ့ တစ်ပိဿာကို အလကားနီးပါး ၁၅၀ ကျပ်မှ ၂၅၀ ကျပ်လောက်မှာပဲ တ၀ဲလည်လည်နဲ့ တက်မလာပါဘူး။ ပြည်ပမှောင်ခိုထွက်ပေါက်တွေကိုလည်း စီမံချက်ချပြီး လက်ချင်းချိတ်ဆက်လုမတတ် ပိတ်ထားတာကိုး။စားသုံးသူ တွေကတော့ ဟန်ကျတာပေါ့။ ပေါပေါများများ ၀ယ်စားရတယ်။ အိမ်ရှင်မတွေက ကြက်သွန်ဈေး ကျခြင်းသည် ဧတံမင်္ဂလ မုတ္တမံဆိုပြီးတော့ မင်္ဂလာတစ်ပါးတိုးလို့ ရသေးတယ်လို့ပြောကြတယ်။
လက်ဝါးဘက်ကပဲ ကြည့်မနေနဲ့၊ လက်ဖမိုးဘက်က ပြန်ကြည့်ကြရအောင်။ ကြက်သွန်စိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေအကုန်လုံးနီးပါး နားပေါက်ဟောင်းလောင်း၊ ဆိုင်ကယ်ရောင်းကာ၊ ငုတ်တုတ်မေ့နေကြလေသတည်း။ ကြက်သွန်စိုက်ခင်း (၁၀ တောင်ပတ်လည်) တစ်ကျင်း၊ တစ်ဧကကို ၁၉၃.၆ ကျင်းဝင်တယ်။ ချောင်းကြီးတွေမှာ ရေကျပြီး တန်ဆောင်မုန်းလဆိုရင် သက်ဆိုင်ရာက မြေခွဲဝေစိတ်ခြမ်းပေးတယ်။ ဘာရံပုံငွေ၊ ညာရံပုံငွေတွေရှိတာပေါ့။ အဲဒီမြေငှားခက တစ်ဧကကို နှစ်သိန်းလောက်ကျတယ်။ မျိုးစေ့ဖိုး၊ လုပ်အားခ၊ မြေဆီမြေသြဇာ၊ ပိုးသတ်ဆေး၊ ရေဖြန်းရေလောင်းခ စုစုပေါင်းလိုက်ရင် တစ်ဧကကို ၁၆.၅ သိန်းလောက်ကျတယ်။ ဒီတစ်ဧကဟာ ပိဿာ ၅၀၀၀ ထွက်တယ်ဆိုပါစို့။ ပေါ်ပေါ်ချင်း အခင်းထဲမှာ ကြက်သွန်အစိုချိန် တစ်ပိဿာကို ၃၃၀ ကျပ်ကျနေပြီ။ အဲဒီအချိန်ပေါက်ဈေးက ၁၅၀ ကျပ်မှ ၃၀၀ ကျပ်အထိပဲရှိပါတယ်။ အဲဒီကြက်သွန်တောင်သူမှ မငိုရင် ဘယ်နောက်ပိုင်းမင်းသားက လာငိုမှာလဲ။ ခု ဇူလိုင်လနောက်ပိုင်းရောက်မှ ကြက်သွန်တစ်ပိဿာ ၄၅၀ ကျပ်-၅၀၀ ကျပ် ဖြစ်လာတယ်။ ဒီအချိန်ရောင်းရရင်လည်း အလျော့တွက်နဲ့က ၄၀၀ ကျပ်ဈေးလောက် ရောင်းရသလို နေမှာပါပဲ။ တစ်နွေလုံး ပူချင်တိုင်းပူပြီး လျော့ချင်တိုင်းလျော့ပြီးပြီ။
ထန်းတောင်သူတွေ ဘယ်လိုအသက်ရှု ခက်ခဲနေသလဲ ကြည့်ကြအုန်းစို့။ အခြားတောင်သူတွေက မြေပေါ်မှာစိုက်၊ မြေပေါ်မှာခူးရတာ၊ ထန်းသမားက အသက်စွန့်ပြီး လေထဲမှာ ထန်းလှီးရတယ်။ လေလုပ်သား တစ်မျိုးပါပဲ။ အာမခံတောင်ရှိသင့်တယ်။ ထန်းလျက်တစ်ပိဿာရဖို့ အိမ်သားကထန်းတက်ပြီး ကလေးတွေက မြူအိုးထမ်း၊ အိမ်ရှင်မက ထန်းလျက်ချက်၊ မိသားစုလုပ်ငန်း အပြင်လူမငှားရတော့ သက်သာတာပေါ့လို့ ထင်စရာရှိတယ်။ သူ့လုပ်ငန်းသုံး ပစ္စည်းတွေဖြစ်တဲ့ ထန်းလျက်တဲ၊ ရင်းတောင်၊ ရင်းစွဲ၊ ထန်းလှီးဓါး၊ မြူအိုး၊ ကြိုး၊ ထုံး၊ လောင်စာ၊ အိုး၊ မီးဖိုစတဲ့အသုံးအဆောင်တွေက မရှိမဖြစ်အရင်းအနှီးတွေပဲ။ ဒါကြောင့် ထန်းလျက် တစ်ပိဿာရဖို့က အရင်းငွေ ၃၀၀ ကျပ်က ၄၀၀ ကျပ်လောက်ရှိတယ်။
သူ့ဟာသူ အရင်းဘယ်လောက်ကျနေကျနေ၊ ထန်းလျက်ဈေးက ဒီနှစ် ၂၄၀ ကျပ်၊ ၂၈၀ ကျပ်၊ ၃၀၀ ကျပ်၊ ၃၅၀ ကျပ် ဒါပဲရှိတယ်။ အခုဇူလိုင်လလယ်ရောက်မှ ၃၇၅ ကျပ်ထိဖြစ် လာတယ်။ ကြံကဖြစ်တဲ့ သကာရည်၊ ကြံသကာ၊ တရုတ်က၀င်တဲ့အချိုခဲ စတဲ့အရာတွေဟာ ထန်းလျက်ဈေးကို မတက်အောင် ကာပေးသလိုဖြစ်နေ တယ်။ ဒီလိုဖြစ်နေတဲ့ ကြက်သွန်တောင်သူတွေ၊ ထန်းတောင်သူတွေကို ကံမသကာပဲဆိုပြီး လက်ပိုက်ပြီးကြည့် နေကြမလား။ ကျွတ်...ကျွတ်၊ သနားလိုက်တာ၊ ဖြစ်မှဖြစ်ရလေဆိုပြီး ထန်းလျက်တစ်ယောက်တစ်ခဲမြုံ့ပြီး ပြန်လာကြမလား။ သူတို့လို စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေ၊ အခြေခံထုတ်လုပ်မှု ဈေးအောက်ကျမသွားအောင် ကျွန်တော်တို့ ကာ ကွယ်မပေးသင့်ဘူးလား။
ကုန်ကြမ်းအတိုင်း ၀ယ်နိုင်မယ့် ပြည်ပဈေးကွက်တွေ ရှာဖွေပေးခြင်း၊ ချိတ်ဆက်ပေးခြင်း၊ ကြက်သွန်ကို ဒီအတိုင်းရောင်းလို့မရရင် ကြက်သွန်ခြောက်လုပ်ပြီး ပို့လို့ရမလား၊ ကြက်သွန်ကြော်လုပ်ပြီး ပို့လို့ရမလား။ ပြည်ပ သားတို့ ဘာတွေစားတတ်သလဲ။ စားချင်သလဲ။ ထန်းလျက်ကို အလုံးအခဲအတိုင်းမပို့ပဲ လေးထောင့်ပုံစံခဲ အဖြစ် ပုံသွင်းပြီးပို့မလား။ သွားရေစာအဖြစ် ထုတ်လုပ်ပို့ရမလား။ ထန်းလျက်မှုန့်အဖြစ် ပြုပြင်ပြီးမှပို့ရင်ရော၊ ဈေးကွက်ဝင်မလား၊ နည်းပညာဖြန့်ဖြူးပေးမလား။ ထန်းတောင်သူတွေ အပိုင်းကတော့ ထန်းမချိန်တန်ထန်းမ၊ ထန်းဖိုချိန်တန်ထန်းဖို အချိန်ရောက်ရင် ထန်းတက်လှီး၊ ထန်းလျက်ချက်၊ ထန်းလျက်တွေထွက်နေကြမှာပဲ။ ကြက်သွန်သမားကလည်း ကြက်သွန်တွေတောင်ပုံယာပုံ ပုံရင်တောင်မှ အချိန်တန်ရင် ကြက်သွန်မျိုးစေ့ တွေနဲ့ ထွန်ယက် ပြီးစိုက်နေကြမှာပဲ။ သူတို့နှစ်ဦး တူညီတာကတော့ ငွေရှင်မြို့ပွဲစားတွေဆီက ကြိုထုတ်ကြိုသုံး တွေနဲ့ လုံးလည်ချပ်ပြား လိုက်နေမှာပဲ။ တစ်နှစ်ထက်တစ်နှစ် ကြွေးပင်လယ်မှာ နစ်သထက် နစ်သွားမှာစိုးရတယ်။ အချိန်တန်ရင် စိုက်ရတဲ့ သူတို့တာဝန်တော့ သူတို့ကြေကြမှာပဲ။ ကျွန်တော်တို့တာဝန်ကရော ........။
မြင့်ဦး
|