အင်္ဂပူမြေပဲကတော့ ဒီနှစ်ရွှေပဲပါဘဲ။
အင်္ဂပူမြို့နယ်ရဲ့ ပုသိမ်မုံရွာလမ်းမဘေး တောင်ကုန်များပေါ်မှာ မကွေး ၁၀၊ ၁၁၊ ၁၂ နှင့် ဆင်းပဒေသာ ၆၊ ၇ စတဲ့အထွက်ကောင်းမြေပဲခင်းတွေဟာ မိုးရာသီမှာ တောင်ကုန်း အပြည့် အစိမ်းရောင်ချယ်သခဲ့သလို ဆောင်းရာသီမှာ ကိုင်းမြေနှင့် ချောင်းကော၊ အင်းကော၊ သဲဆန်မြေများပေါ်မှာ အောင်မြင်ဖြစ်ထွန်းကြပါတယ်။
အင်္ဂပူမြို့နယ်ရဲ့ ၂၀၀၇-၂၀၀၈ သီးနှံရာသီမှာ မိုးမြေပဲ ၃၀၆၂ ဧကနဲ့ ဆောင်းမြေပဲ ၈၃၀၆ ဧကစိုက်ပျိုး အောင်မြင်ခဲ့ပါတယ်။ မိုးမြေပဲထက် ဆောင်းမြေပဲများ အထွက်ပိုတဲ့ အတွက် ဒေသအခေါ် တစ်ကန် (၀.၁၀)ဧက မှာ မြေပဲအစိုတင်း ၁၀ တင်းမှ ၁၂ တင်းအထိ ထွက်သူများရှိလို့ တစ်ဧကမှာ တင်း ၁၀၀ မှ ၁၂၀ အထိထွက်တဲ့ အတွက် တောင်သူများပျော်တပြုံးပြုံးနဲ့ မုန်တိုင်းမိုးကြားအလုအယက်နှုတ်သိမ်းနေတာကိုတွေ့ခဲ့ရပါတယ်။ မြေပဲတစ်ဧကအတွက် မျိုးတောင့် ၁၂ တင်းခန့် သုံးရလို့ မျိုးဈေး ၉၀၀၀ ကျပ်နဲ့ မျိုးဘိုး ၁၀၀၀၀၀ ကျပ်၊ မြေသြဇာနဲ့ ပိုးသတ်ဆေး၊ ရွက်ဖြန်းဆေးဘိုး ၅၀၀၀၀ ကျပ်၊ ထွန်ယက်ခ ၅၀၀၀၀ ကျပ်၊ မြေပဲနှုတ်ချွေခ တစ်တင်း ၅၀၀ ကျပ်နှုန်းနဲ့ တင်း ၁၀၀ အတွက် ၅၀၀၀၀ ကျပ်စုစုပေါင်း၂၅၀၀၀၀ ကျပ် လောက်ကုန်ပေမယ့် ပဲခင်းထဲမှာဘဲ အစိုတစ်တင်း ၆၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်နဲ့ လာဝယ်နေတဲ့ ၀ယ်လက်များရှိနေလို့ တောင်သူများတစ်ဧကကို ၃၅၀၀၀၀ ကျပ်လောက်အမြတ်အစွန်းရရှိနေကြပါတယ်။ တစ်ခါအစိုဝယ်တဲ့ သူတွေလဲ ပဲတင်း၁၀၀ ကိုခွဲဘို့ အတွက် နေလှမ်းလျော့ ၁၀ တင်းပေးပြီး ကျန် ၉၀ တင်းကို တစ်တင်း ၅၀ ကျပ်နဲ့စက်မှာခွဲတယ်။ အခြောက် မြေပဲ တစ်တင်းကို ပဲဆန် ၄ ပိဿာ ၅၀ ကျပ်သားမှ ၅ ပိဿာလောက်ရတယ်။ ပဲဆန်ကတစ်ပိဿာကို ၁၇၀၀ ကျပ်မှ ၁၈၅၀ ကျပ်လောက်ရှိတော့ အခြောက်တစ်တင်းကို ၈၀၀၀ ကျပ်အနည်းဆုံး ကိုက်တယ်။ ပဲ ၉၀ ဆိုတော့ ၇၂၀၀၀၀ ကျပ်ရကြတယ်။
အဲဒီတော့ တင်း ၁၀၀ အတွက် အစိုဈေး ၆၅၀၀၀၀ ကျပ်မှာ သယ်ယူခ အထွေထွေလုပ်သားခစတဲ့ စရိတ်တွေနှုတ်ရင်တောင် ၅၀၀၀၀ ကျပ်လောက်အသားတင်ကျန်တယ်။ ဒါကြောင့် ပဲဝယ်သူတွေ ခြေချင်းလိမ်နေ တယ်။ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်းကို ပဲဆန်တွေ ရထား၊ ကားတွေနဲ့ပို့ကြတယ်။ ပဲဆန်က ဆီကြိတ်တာရော၊ မုန့်လုပ်တာရော အသုံးဝင်တော့ ၀ယ်လိုအားက သိပ်ကောင်းနေတာကြောင့် မြေပဲစိုက်တောင်သူတွေအတွက်တော့ မြေကြီးကရွှေသီးတဲ့နှစ်ဖြစ်ကြောင်းပါခင်ဗျား။
ကြည်ဟန်
|