ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၃၃) ဖွင့်မည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ကုန်သွင်းကုန်လုပ်ငန်း ဆောင်ရွက်နေသူများ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများ နှင့်အညီ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ပို့ကုန် သွင်းကုန်လုပ်ငန်းနှင့် ဆက်စပ် နေသော အခြားဌာနများ၏ လုပ်ငန်းရပ်များကိုပါ သိရှိနားလည်ရန်၊ပြည်ပ ကုန်သွယ်မှုလုပ်ငန်းနှင့်ပတ်သက်၍အတွေ့အကြုံဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပို့ကုန်သွင်းကုန် လုပ်ထုံး လုပ်နည်းသင်တန်းများကိုစဉ်ဆက်မပြတ်ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ် (၃၂) ထိဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။
အမှတ်စဉ် (၃၃) ကို၂၀၀၈ ခုနှစ်ဇူလိုင်လတွင်ဖွင့်လှစ်ရန်လျာထားပါသဖြင့်စိတ်ပါဝင်စားသူများ အနေဖြင့် အမှတ်၂၂၈/၂၄၀ ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်ရှိ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်ရုံးခွဲ) စတုတ္ထထပ်ရှိ အုပ်ချုပ်မှုဌာနသို့ ဆက်သွယ် စုံစမ်း၍ စာရင်းပေးသွင်းနိုင်ပြီး သင်တန်း ဖွင့်မည့်ရက်ကိုထပ်မံကြေညာမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် ပို့ချမည့်ဘာသာရပ်များမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လုပ်ငန်းများ၊ ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းများ၊ ကုမ္ပဏီတည် ထောင်ခြင်း၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း ၊ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားခြင်း ၊ ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း၊ပျောက်ဆုံးပျက်စီးသွားသော လိုင်စင်များကိုမှတ်ပုံတင်မိတ္ထူမှန်လျှောက်ထားခြင်း၊ WTOလုပ်ငန်းအဖွဲ့ကြီးနှင့် ဒေသဆိုင်ရာကုန်သွယ်ရေးအဖွဲ့များအကြောင်း၊ ပြည်ပစာချုပ်ချုပ်ဆိုခြင်း၊ သင်္ဘောတင် လုပ်ငန်းများ၊ ငွေလွှဲစာတမ်းဖွင့်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဥပဒေများ ၊အကောက်ခွန်စည်းကြပ်ခြင်း၊ ဆိပ်ကမ်းရှင်းလင်းခြင်း၊ ကုန်သွယ်လုပ်ငန်းခွန်၊ ကုမ္ပဏီဆိုင်ရာအခွန်စသည့် ဘာသာရပ် များ ကို ဌာနဆိုင်ရာများမှသက်ဆိုင်ရာလုပ်ငန်းဌာန အလိုက် ကျွမ်းကျင်သူများမှလာရောက်ပို့ချပေးမည်ဖြစ်ပါသည်။ သင်တန်းကာလမှာနေ့စဉ် (ရုံးပိတ်ရက်မှအပ) နံနက် ၉း၃၀ နာရီမှ ၁၂း၃၀ နာရီထိ ရက်သတ္တပတ် (၆) ပတ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် စာတမ်းပြုစု ခြင်းများ၊ စာတမ်းဖတ်ပွဲနှင့် လေ့လာရေး ခရီးစဉ် သွားရောက်ခြင်းများ ပါဝင်မည်ဖြစ်ပါသည်။
|