MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (22 - 08 - 08)

တစ်ခါဆက်ဆံ ဆယ်ခါလန်မဖြစ်ကြရအောင်။

လူတစ်ဦးနဲ့တစ်ဦး၊ တစ်သင်းနဲ့တစ်သင်း၊ ကုမ္ပဏီတစ်ခုနဲ့တစ်ခု၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စီးပွားရေးဖြစ်ဖြစ်၊ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်၊ ဆက်ဆံတဲ့နေရာမှာ အပေးအယူအချိတ် အဆက်လုပ်ကြရပါတယ်။
အဲဒီနေရာမှာ အရောင်းအ၀ယ်ဆိုပါတော့။ တန်ရာတန်ကြေးရချင်ရင် တူညီမျှတတဲ့ တန်ဖိုးနဲ့လျော်ညီတဲ့ ကုန်ပစ္စည်းကို ကိုယ်ကပြန်ပေးရမယ်။ ပြန်ပေးတဲ့ကုန်ပစ္စည်းရဲ့ အရည် အတွက်ပြည့်ဖို့အပြင် ကုန်ပစ္စည်းရဲ့ အရည်အသွေးသတ်မှတ်ချက်ဆိုတာကလည်းအလွန်အရေးကြီးပါတယ်။ အဲဒီလိုနှစ်ဖက်ညီညွတ်မျှတနေမှ အရောင်းအ၀ယ်လောကကြီးဟာ စည်ပင်--- ပြီး ဖောက်သည်နိုင်ငံတွေ တိုးပွားလာမှာဖြစ်ပါတယ်။ တစ်ချို့ တွေဟာ ဒါကိုသဘောပေါက်ပြီး ကိုယ့်နာမည် ကိုယ်ထိန်းကြပါတယ်။ ကိုယ့်ရောင်းကုန်ပစ္စည်းကို ဂရုစိုက်ပေးကြ တယ်။ ဒါကြောင့်လည်း ကိုယ့်ဈေးကွက်မှာ ရေရှည်ဆက်လက်တည်တံ့ခိုင်မြဲနေပါတယ်။
ဒါပေမဲ့ အချို့ကျတော့ ဒီလိုမဟုတ်ပြန်ဘူး။ ပထမကန်ထရိုက်တွေမှာတော့ မှန်မှန်ကန်ကန်တင်ပို့ပေးကြ တယ်။ ကွက်တိပဲ။ နောင်ဝယ်လိုအားများလာလို့ အချီကြီးမှာပြီဆိုရင် အဲဒီအထဲက တစ်ချို့လူတွေမှာ လောဘ မထိန်းနိုင်ကြရှာဘူး။ အကြံအဖန်လုပ်ချင်ကြရှာတယ်။ အရောအနှောတွေ လုပ်ချင်ကြရှာတယ်။
ဥပမာ-လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က တရုတ်က ကောက်ညှင်းငချိတ်ဆန်တွေ ဈေးကွက်ဖွင့်ပြီး ၀ယ်တယ်။ ထွက်သလောက်ကို မငြင်းပဲဝယ်တာမှတ်မိကြမှာပါ။ နောက်ပိုင်း ဥာဏ်ကြီးရှင်တွေက ဘာလုပ်သလဲ သိလား? ကောက်ညှင်းအဖြူတွေကို အမဲရောင်ဆိုပြီးပို့တယ်။ သွားပြီပေါ့။ ဈေးကွက်ပျက်သွားတယ်။ ရေရှည် စားရမယ့် ရွှေဥဘဲငန်းကို တစ်နပ်စာအတွက်ပဲ ရိုက်သတ်ချက်စားလိုက်သလိုပဲ။ နှမ်းပို့တုန်းကလည်း ဖုံတွေ၊ သဲတွေရောနှောပို့၊ ကုလားပဲဆိုရင်လဲ အရောင်ညီ၊ အရွယ်တူကျောက်ခဲလေးတွေရောနှောပို့၊ အခုနှစ်သစ်ထွက် ၀ယ်တာကို နှစ်ဟောင်းကပဲတွေ နှမ်းတွေနဲ့ ရောပို့ပြီး တစ်နပ်စားနပ်လုပ်ကြတာ အခုကြားရပြီး အခုဆီးဆံဈေးကွက် ပျက်နေသတဲ့။ ယခုနှစ်သီးပေါ်တဲ့ အချိန် တောင် ဆီဆံ တစ်ပိဿာ ၈၀၀၀ ကျပ်ကျော် ဈေးရှိရာက အခု ၅၇၀၀ ကျပ်ပဲရှိတယ်။ ဆီးဆံတွေဈေးကောင်းတော့ ဥာဏ်ကြီးရှင်တွေက ဘော့စကိုင်းစေ့တွေ ရောပို့သတဲ့။ ကောင်းကြသေးရဲ့လား။
ဟိုယခင်ခေတ်က မြန်မာနိုင်ငံဟာ အာရှမှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့သတဲ့။ ပုံပြင်ပြောနေတာ မဟုတ်ဘူးနော်....။ ကိန်းဂဏန်းတွေရှိတယ်။ ၂၀၀၁-၂၀၀၂ က ပို့ကုန်ပြန်မြှင့်တင်ရင်း ဆန်တန် ၁ သန်းနီးပါး ပို့နိုင်ခဲ့တယ်။ နောက်ပိုင်းဘာလို့ ဆန်ဈေးကွက်ပျက်သွားသလဲ။ အရည်အသွေးမထိန်းနိုင်လို့နဲ့ ဖြစ်ကတတ်ဆန်း တင်ပို့မှုကြောင့်ပဲ။
အရည်အသွေးနဲ့ပတ်သက်လို့ စာချုပ်ပါ အရည်အသွေးနဲ့ ကိုက်မကိုက်စစ်ဆေးတဲ့ အဖွဲ့တွေတော့ ရှိပါတယ်။ မနှစ်ကဆန်တန် ၄ သိန်းပို့စဉ်က အခြားဆန်တွေဈေးမတက်ပဲ အောက်တန်း ၂၅ မှတ်ဆန်တွေ ပဲကွက်ပြီးဈေးတက်ခဲ့တယ်။ ပြည်ပပို့မယ့် ဆန်အရောင်၊ ဆန်သား၊ အရည်အသွေး၊ ဆန်ကွဲပါဝင်မှုနဲ့ မကိုက်ညီတဲ့ ဈေးကွက်ထဲက ဆန်ဆိုရင်ပြီးရောဆိုတဲ့ ဆန်ပေါင်းစုံကို ကြုံသလိုဝယ်ပြီး တင်ပို့လို့ပဲ ...ကိုယ့်ထက်ချမ်းသာသည် ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ၀ယ်သူဟာဝယ်သူပဲ။ ကန်ထရိုက်ပါ အရည်အသွေးပဲ ပေးရမှာပဲ။ နောင်ဂရုပြုရမှာပါ။ ဖြစ်ကတတ်ဆန်းဆိုတာ ဆန်အိတ်ထဲမှာ သစ်ရွက်၊ အမှိုက်၊ ဆေးလိပ်တို၊ ကောက်ရိုး၊ ဖိနပ်ပြတ် ဒါတွေကို ဟိုဘက်နိုင်ငံ မှာတွေ့နေရတာတွေ၊ အိတ်ခွံမှာရွံ့တွေပေသွားတာ၊ ကွမ်းတံတွေးတွေပေသွားတာ၊ ဒါတွေကို သူတို့ကဂရုစိုက်စစ်တာ၊ သူတို့နိုင်ငံထဲမှာတော့ ဒီလိုပါပဲ။ သိပ်မထူးလှပါဘူး။ မြင်တွေ့နေရတာပါပဲ။ ဒါပေမဲ့ ပြည်ပက၀ယ်တဲ့ပစ္စည်းက ပစ္စည်းအဆင့်အတန်းနဲ့ ၀င်စေမြင်စေချင်တာပါပဲ။ ကိုယ်ချင်းစာကြည့်ရပါမယ်။
ဒီတော့ ကျွန်တော်တို့စဉ်းစားဖို့လိုနေပြီ၊ တစ်သက်လုံးစားကြမှာလား၊ တစ်နပ်ထဲစားကြမှာလားဆိုတာကို တွေ့ရင်လဲ အရင်းရော၊ အဖျားရောရွေးမနေပဲ ရှင်းပစ်သင့်နေပြီ Black List လုပ်သင့်ရင်လုပ်ပစ်ရမယ်။ ပြည်ပပို့ ပစ္စည်းတွေမှာပဲ။ Country of Origin (CO) ကို (Myanmar) လို့ ရင်ကော့ပြီးရောင်းချင်တယ်။ ၀ယ်တဲ့သူဆီကလည်း မြန်မာကပစ္စည်းပဲ ၀ယ်ချင်တယ်လို့ ဖြစ်စေချင်တယ်။ ဈေးကွက်တွေ ပျောက်မသွားစေချင်ဘူး။
CO နဲ့ ပတ်သက်ပြီး မထိန်းသိမ်းနိုင်ရင် အားကြီးတဲ့သူက ၀ါးမြိုသွားတတ်ပုံတစ်ခု ပြောပြချင်တယ်။ ကျွန်တော်က ရွှေဘိုသားပါ။ ရွှေဘိုနဲ့ ၇ မိုင်ဝေးတဲ့ ဆိပ်ခွန်ဆိုတဲ့ရွာဟာ တစ်ရွာလုံးယက်ကန်းခတ်ကြတယ်။ ငယ်ငယ်က ရွာနားရောက်ရင် တစ်ဒေါက်ဒေါက်နဲ့ ယက်ကန်းသံကို အရင်ကြားရတယ်။ အခုတော့ စက်ယက်ကန်း ခေတ်ပေါ့။ ရွှေဘို ခွန်နီ ဆန်နဲ့ ဆိပ်ခွန်လုံချည်ဆိုတာ နာမည်လဲကြီးခဲ့တယ်။
အခုအဲဒီဆိပ်ခွန်လုံချည်ဆိုတာ ဘယ်ရောက်သွားသလဲ။ လုံချည်ရောင်းတဲ့ဆိုင်မှာမေးကြည့်။ ဆိပ်ခွန် လုံချည်ရှိလာလို့မေးရင် ခေါင်းခါပြလိမ့်မယ်။ အခုဘယ်လို အခြေအနေ ရောက်နေလဲ ...သိလား။ ရွှေဘိုက ဆိပ်ခွန်လုံချည်တွေ မထွက်ဘူးလားဆိုတော့ထွက်တယ်။ တံဆိပ်မကပ်နဲ့။ အထုတ်လိုက်၊ ရာစီးလိုက်၊ ထောင်စီးလိုက် မီးရထားနဲ့ မြစ်ကြီးနား ကို ခရီးထွက်ကြရတယ်။ မြစ်ကြီးနားမှာ ကချင်လုံးချည်တံဆိပ်ကပ်တယ်။ ပြီးရင် ရ..ရထားကြီးပျော်ပျော်ပြန်စီးပြီး မန္တလေး၊ ရန်ကုန်ကို စကားဝဲတဲတဲနဲ့ ပြန်ဆင်းလာလိမ့်မယ်။ ဘယ်မှာလဲ ရွှေဘိုဆိပ်ခွန်လုံချည် ...။
အပြင်က ပိတ်ပင်တားဆီးမယ့် လူရှိရင်လဲ အပြင်ကပဲ အခြားမြဲမြံစွာ ချိတ်ဆက်လိုတဲ့ နိုင်ငံကုန်ဝယ် ဖောက်သည်တွေ တစ်နိုင်ငံမဟုတ် တစ်နိုင်ငံရှိနေမှာပါပဲ။ နယ်စပ်ချင်း ထိစပ်နေတဲ့ နိုင်ငံကြီးတွေရဲ့ ၀ယ်လိုအား ကလဲ နည်းတာမှတ်လို့။ ဒါပေမဲ့ တင်ပို့တဲ့ကုန်သည်တွေကိုယ်တိုင်က ရေရှည်မကြည့်ပဲ တစ်နပ်စားနဲ့လုပ်စား နေကြမယ်ဆိုရင်ဖြင့် ကိုယ့်ဈေးကွက်ကိုယ်ဖျက်ပြီး ကိုယ်ကိုယ်တိုင် အတွင်းက ပိတ်ပင်တားဆီးသူ ဖြစ်မှန်းမသိ ဖြစ်နေတာကို သတိမထားမိမှာစိုးလို့ပါ။

မောင်မောင်အေး