တရုတ်ပြည်ဈေးကွက်တွင် နေရာယူလာသော သစ်တောထွက် အမယ်သစ်ပို့ကုန် မှိုတုံတုံခြောက် (သို့) မှိုခြောက်ပန်းခြောက်။
ပင်လယ်ဘူးမြို့နယ်မှာ တောတောင်ထူထပ်လျက် စိမ့်တောမြိုင်တောများပေါများပြီး မိုးရွာသွန်းမှု ပေါများသဖြင့် သဘာဝကပေးစွမ်းလာသည့် နိုင်ငံခြားဈေးကွက်ဝင် မှိုခြောက် ပန်းခြောက်ဟုခေါ်သော မှိုတုံတုံများ မြောက်များစွာပေါက်ရောက်ကြောင်း သိရှိရပါသည်။ မှိုတုံတုံများ ပေါက်ရောက်သည့်ကာလမှာ မိုးရာသီကာလ ဇွန်လမှ အောက်တိုဘာလ အထိထွက်ရှိကြောင်း၊ မြို့နယ်၏ သစ်တောဧရိယာ ကျယ်ဝန်းလှသည့် အလျှောက် မိုးများသောဒေသဖြစ်သည်နှင့် လျော်ညီစွာ သစ်ဆွေး၊ ၀ါးဆွေးများ ပေါများလှသဖြင့်လည်း မှိုတုံတုံ ခေါ် မှိုနပျော့ အများအပြားရရှိနိုင်ပြီး မန္တလေးဈေးကွက်နှင့် တရုတ်ဈေးကွက်များသို့ နှစ်စဉ်တင်ပို့ရောင်းချ ရကြောင်း သိရသည်။ ပင်လယ်ဘူးမြို့နယ်တွင် မှိုခြောက် ပန်းခြောက်များများစားစား လုပ်ငန်းလုပ်ကိုင်သူ ၅ ဦးသာရှိပြီး ၎င်းင်းတို့၏ အ၀ယ်တော်များကို ကျေးရွာအများအပြားတွင် ကိုယ်စားလှယ်များထားရှိကာ မှိုတုံတုံ အရိုးများ ၀ယ်ယူ၍ အမှိုက်နှင့်သဲများ ကင်းစင်အောင်ရေဆေးကာ မှိုအဖတ်ကလေးများအလိုက် နေလှန်း၍ လည်းကောင်း၊ မီးအပူရှိန်နည်းနည်းဖြင့် သံဇကာပေါ် ကျပ်ကင်ကာ မှို ခြောက်ဖြစ်အောင်ပြုလုပ်ပြီးမှ လည်းကောင်းရောင်းချကြကြောင်း၊ မန္တလေးနှင့် တရုတ်ဈေးကွက်တို့တွင် မှိုတုံတုံအခြောက်ကို မှိုခြောက် ပန်းခြောက်ဟုခေါ်ကြောင်း သိရှိရ ပါသည်။ မြို့နယ် အတွင်းရှိ ကျေးရွာများ၌ မှိုတုံတုံအစိုတစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်ထိ ပေးဝယ်ရကာ ပင်လယ်ဘူး၊ ၀န်းသို၊ ကောလင်းမြို့ပေါ်ဈေးသို့ရောက်လျှင် တစ်ပိဿာ ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ထိ ရောင်းချရကြောင်း သိရှိရပါသည်။ မှိုတုံတုံ တစ်ပိဿာနေလှမ်းလျှင် မှိုတုံတုံ အခြောက် ၈ ကျပ်သားမှ ၉ ကျပ်သားခန့်သာ ရရှိနိုင် ကြောင်း၊ မှိုခြောက်ပန်းခြောက်မှ အပျော့အကြည်မျိုးနှင့် အကျွတ်မျိုးဟူ၍ ၂ မျိုးရှိကာ အပျော့အကြည်မျိုးက ပို၍၀ယ်လိုအားရှိပြီး၊ အကျွတ်မျိုးအစို တစ်ပိဿာ ၉၀၀ ကျပ်သာရှိပြီး၊ အစိုတစ်ပိဿာနေလှမ်းလျှင် အခြောက် ၁၀ ကျပ်သား၊ ၁၃ ကျပ်သား ခန့်သာရရှိကြောင်း၊ မှိုအကျွတ်မျိုးမှာလည်း သူ့ဈေးကွက်နဲ့သူရောင်းရကြောင်း သိရှိရပါသည်။ မှိုခြောက်ပန်းခြောက်မှာ ပင်လယ်ဘူး၊ ၀န်းသိုနှင့်ကောလင်းမြို့တို့ရှိဈေးများတွင် တစ်ပိဿာကို ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိရှိပြီး မန္တလေး ဈေးကွက်တွင် မှိုခြောက်၏ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၁၄၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ထိ ရောင်းချ ရကာ တရုတ်ပြည်နယ်စပ်ဈေးကွက်တွင် မှိုခြောက်ပန်းခြောက် တစ်ပိဿာ တရုတ်ငွေ ၁၈၀ ယွမ်မှ ၂၂၀ ယွမ် ဖြစ်ကြောင်းသိရပါတယ်။ တရုတ်တို့၏ ရိုးရာပွဲများတွင်လည်းကောင်း၊ ဟင်းလျာများတွင်လည်းကောင်း၊ မှိုခြောက်ပန်းခြောက်၏ အသုံးဝင်မှုမှာ များပြား လှပြီး အလှူပွဲ၊ မင်္ဂလာပွဲများတွင် ကြာဆံဟင်းချို ထဲသို့ မပါမဖြစ် မှိုခြောက်ပန်းခြောက်များ ထည့်ခတ်ထားသည့်ဟင်းမှာ အလွန်အရသာရှိလှပါသည်။ ၎င်းင်းအပြင် မှိုခြောက်ကို ရေစိမ်ပြီး ရေနွေးဆူဆူဖြင့်ဖျော၍ သံပုရာသီး အရည်ဖြင့် သုတ်စားလျှင်သော်လည်းကောင်း၊ အခြားသီးနှံ များနှင့် ရောနှောကြော်ချက်၍စားလျှင်လည်းကောင်း၊ မိမိတို့ကြိုက်နှစ်သက်သလို လုပ်စားနိုင်သည်ကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပါသည်။ ပင်လယ်ဘူးမြို့နယ် တောတောင်သစ်တောများမှ ထွက်ရှိသော သဘာဝက ပေးလာတဲ့ မှိုခြောက်ပန်းခြောက်မှာ မန္တလေး ဈေးကွက်တွင် နေရာရရှိလာရုံသာမကပဲ တရုတ်ပြည်ဈေးကွက်ထိပါ နှစ်စဉ် တွင်ကျယ်စွာ ၀ယ်လိုအားရှိသဖြင့် အမယ်သစ် ပို့ကုန် မှိုခြောက် ပန်းခြောက် ရောင်းချရခြင်းမှ နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေရရှိနေကြောင်း သိရှိရပါသည်။
ကျော်စိန်ဌေး
|