MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (15 - 08 - 08)

ဘုတလင်၊ ကနီနယ် တစ်ဝှမ်းက ရွှေရောင်ဆီးပင်တန်းများရဲ့ အနာဂတ်။

အလေ့ကျအပင်မှသည် ခေတ်မီစိုက်ခင်းများအဖြစ် အသွင်သစ်ပြောင်းလဲတိုးတက်လာနေတာကတော့ စစ်ကိုင်းတိုင်းအတွင်း ကနီနဲ့ ဘုတလင်နယ်တွေက ဆီးချိုပင် (ဇီးချိုပင်) များဖြစ်ပါတယ်။ ခေတ်မီစိုက်ပျိုးနည်း စနစ်တွေနဲ့ တိုးချဲ့စိုက်ပျိုးခဲ့ကြပေမဲ့ သဘာဝအရင်းအမြစ်ဖြစ်တဲ့ ရေ၊ မြေနဲ့ ပတ်ဝန်းကျင်တို့ရဲ့ အထောက်အပံ့ တွေကြောင့် ခုလိုဖြစ်ထွန်း အောင်မြင်နေရတယ်လို့ ရှုမြင်မိပါတယ်။ ကနီနဲ့ ဘုတလင်နယ်တွေကို ချင်းတွင်းမြစ်ကြီး ခြားထားမေမဲ့ အသွင်တူတဲ့ ပထ၀ီအနေအထားနဲ့တကွ ဇီးပင်တွေဖြစ်ထွန်းအောင်မြင် နေမှုဟာ စစ်ကိုင်းတိုင်းထဲက ရှားပါးတန်ဖိုးရှိလှတဲ့ ဒေသတွေအဖြစ် ရပ်တည်နေပါတယ်။
ရာသီကောင်းမွန်လို့ ပိုးမဖျက်ခဲ့ရင် ဒီနယ်တွေက တစ်နှစ်ကို ဆီးချိုသီးခြောက် ပိဿာချိန် သိန်းရာချီ ထွက်နိုင်တယ်လို့ သိရပါတယ်။ ဆီးစိုက်တောင်သူတွေရဲ့ အကျိုး ဖြစ်ထွန်းမှုအနေနဲ့ ပြည်တွင်းဈေးကွက်ထက် အဓိကဖောက်သည်ဖြစ်တဲ့ တရုတ်ပြည်ရဲ့ ၀ယ်လိုအားနဲ့ ပေါက်ဈေးနှုန်းပေါ်တည်ပြီး အတိုးအလျော့ဖြစ်ပေါ် တတ်တာတွေ့ ရပါတယ်။ ၂၀၀၆ ခုနှစ်က မုံရွာဆီိးသီးခြောက်ဈေးကွက်မှာ တစ်ပိဿာ ၃၀၀ ကျပ်ကျော်ထိ ဈေးကောင်းခဲ့ပြီး တစ်နှစ်အတွင်း မန္တလေးကို ပိဿချိန် သိန်း ၁၂၀ ခန့်ထိ တင်ပို့ နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ သြဂုတ်လအထိ တစ်ပိဿာအမြင့်ဆုံး ၂၂၀ ကျပ်ဖြင့် ပုံမှန်အရောင်းအ၀ယ်ရှိခဲ့ရာက စက်တင်ဘာလကစပြီး ရာသီကုန်ချိန်ထိ တရုတ်အ၀ယ်တန့်သွားလို့ ဈေးကွက်ပျောက်လုနီးပါးဖြစ်ခဲ့တာ တွေ့ရပါတယ်။ တစ်ပိဿာ ၈၅ ကျပ်ထိအနိမ့်ဆုံးဈေးရောက်ခဲ့ကာ တစ်နှစ်တာဆီးသီးအထွက်ကောင်းခဲ့ပေမဲ့ မန္တလေးကို ပိဿာ သိန်း ၁၁၀ ခန့်သာ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ် ဆီးချိုသီးခြောက်ဈေးကွက်ဟာ ရာသီအဖွင့်မှာ တစ်ပိဿာ ၁၂၅ ကျပ်ခန့် သာရှိခဲ့ပေမဲ့ တရုတ်ဝယ်လက် ပုံမှန်ဆွဲနေတဲ့အတွက် ဈေးလဲတရိပ်ရိပ်တက်ခဲ့ရာ တစ်ပိဿာ ၂၆၀ ကျပ်ထိဈေးရခဲ့တာတွေ့ရပါတယ်။ ဇူလိုင်လကုန်ထိ မန္တလေးကို ဆီးသီးခြောက် ပိဿာချိန် ၁၅၄ သိန်းကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ဒီနှစ်ဆီးသီးခြောက် ဈေးကွက် ကောင်းမွန်ခဲ့တယ်လို့ ယူဆရပါတယ်။ ပြည်တွင်းဈေးကွက်မှာလည်း အလုံးအရွယ်အစားရွေးချယ်ပြီး သွားရေစာလုပ်ငန်းများအတွက် မန္တလေး၊ ရန်ကုန်နဲ့ မြိတ်ဒေသတွေထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။
ဒီနှစ်ဆီးသီးခြောက်ဈေးကွက်မှာ ပြည်ပဈေးကွက်ပုံမှန်လမ်းပွင့်ခဲ့လို့ အ၀ယ်ရှိတုန်း လုံးလအားထုတ်ပြီး တင်ပို့ရောင်းချခဲ့ကြတဲ့အတွက် ယနေ့ ဆီးတောင်သူနဲ့ ဆီးကုန်သည် တွေဆီမှာ လက်ကျန်အနည်းငယ်သာ ရှိနိုင်တယ်လို့ ဆီးပွဲစားများက ခန့်မှန်းလျက်ရှိတာ သိရပါတယ်။ ဒီနှစ်မုံရွာဆီးသီးခြောက် ဈေးကွက်ဟာ သင့်တင့်ကောင်းမွန်စွာနဲ့ စောစော သိမ်းခဲ့သလို တစ်နှစ်တာအတွင်း အရောင်းအ၀ယ်ဖြစ်ခဲ့တဲ့ ဆီးပိဿာချိန် ၁၅၄ သိန်းကျော်ရဲ့ အကြမ်းဖျင်းဝင်ငွေတန်ဖိုး ကျပ်သိန်းပေါင်း သုံးသောင်းကျော်ဟာ ကနီနဲ့ ဘုတလင်နယ်တွေက ဆီးတောင်သူ၊ ပွဲစားနဲ့ ဆက်စပ်လူသားအားလုံးအတွက် ဘ၀အခြေအနေမြင့်မားတိုးတက်စေမဲ့ အားအင် တစ်ရပ်အနေဖြင့် ဖြန့်ဝေစီးဝင်ခဲ့မှာဖြစ်ပါတယ်။
အခုလို ရောင်းသူတော်ပြီး စိက်သူပျော်ခဲ့ရတဲ့အတွက် ကနီနဲ့ ဘုတလင်နယ်က ဆီးတောင်သူတွေဟာ အပင်ဟောင်းတွေကို ပေါင်းသင်မြေတောင်မြှောက်ရင်း အပင်သစ်တွေကို တိုးချဲ့စိုက်ပျိုးရင်း အနာဂတ် ဆီးဈေးကွက်အတွက် ကြိုတင်ပြင်ဆင်နေကြမှာ မလွဲလို့ ယုံကြည်မှန်းဆရပါတယ်။။

ထွန်းလှိုင်