MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (13 - 08 - 08)

တရုတ်စကားပွင့်ဈေးကောင်းရနေ။

ကယားပြည်နယ်မှာ တရုတ်စကားပွင့်များ အရောင်းအ၀ယ်ဖြစ်နေပါတယ်။ တရုတ်စကားပွင့်များဟာ နှစ်စဉ်ဖေဖေါ်ဝါရီလမှာ ဖူးပွင့်ကြပြီး စတင်ဖူးပွင့်သည်မှ ၈ လကြာတဲ့အထိ ခူးဆွတ်ကောက်ယူနိုင်ပါတယ်။ နွေရာသီဖြစ်တဲ့ မတ်လမှ မေ၊ ဇွန်လများထိ အပွင့်များဖြိုင်ဖြိုင်ဖူးပွင့်ကြပါတယ်။ တရုတ်စကားပွင့်များကို ၂၀၀၆ ကစပြီး ရောင်းဝယ်ခဲ့ကြရာ၊ ၂၀၀၆ ခုနှစ်မှာ တရုတ်စကားပွင့်အခြောက် တစ်ပိဿာကို ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ထိ ဈေးရှိခဲ့ပေမယ့် ၂၀၀၇ ခုနှစ်မှာ ၃၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ ဈေးရှိခဲ့ပြီး ယခုနှစ်မှာ တရုတ် စကားပွင့်ခြောက်တစ်ပိဿာကို ၇၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ ဈေးရှိတာကို တွေ့ရပါတယ်။
တရုတ်စကားပင်ကို မျိုးစေ့ဖြင့်လည်းကောင်း၊ ကိုင်းချိုင်ပြီးလည်းကောင်း စိုက်ပျိုးနိုင်ပါတယ်။ တရုတ်စကား ပင်ဟာ စတင်စိုက်ပျိုးချိန်မှစပြီး ၆ လမှ ၁ နှစ်အတွင်း စတင် ဖူးပွင့်ကြပါတယ်။ တရုတ်စကားပွင့်မှာ အဖြူ၊ အနီ၊ အ၀ါ ၃ မျိုးရှိပြီး၊ အမျိုးအစားမရွေး ရောင်းဝယ်ကြပါတယ်။ သက်ရင့်တရုတ်စကားပင်တစ်ပင်ကို တစ်နေ့လျှင် ၃ ကြိမ်ခူးဆွတ် ကောက်ယူနိုင်ပြီး၊ အပွင့်အစို ၂ ပိဿာမှ ၃ ပိဿာထိရပါတယ်။ အခြောက်လှမ်းပါက အစိုတစ်ပိဿာကို အခြောက် ၂၅ ကျပ်သား၊ ၃၀ ကျပ်သားအထိရပါတယ်။ လွိုင်ကော်မြို့မှာ တရုတ်စကားပွင့် အရောင်းအ၀ယ်ဒိုင် ၅ ဒိုင်ခန့်ရှိပြီး ဒီဒိုင်များကတစ်ဆင့် မန္တလေး၊ ပျော်ဘွယ်မြို့များသို့ တင်ပို့ကြပါတယ်။ အဲဒီကတစ်ဆင့် တရုတ်ပြည်သို့ ထပ်ဆင့်တင်ပို့ကြောင်းလည်းသိရပါတယ်။ တရုတ်စကားပွင့်အစိုကို မြန်မာ့ရိုးရာ အစားအစာအဖြစ် ပြုတ်၍သုပ်စားကြပါတယ်။ ပွင့်ခြောက်များသို့ အမွှေးတိုင်၊ ခေါင်းလျှော်ရည်၊ ရေမွှေး၊ ဆပ်ပြာစတဲ့ လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်ပြီး ဘယဆေးအဖြစ် အစာကြေဆေးကိုလည်း ထုတ်လုပ်ကြောင်း သိရပါတယ်။ ၂၀၀၆ ခုနှစ်မှစပြီး ၂၀၀၈ ခုနှစ်အထိ ကယားပြည်နယ်မှာ တရုတ်စကား အပွင့်ခြောက် တစ်နှစ်ကို ပိဿာချိန် ၂၅၀၀ မှ ၃၀၀၀ အထိ ထွက်ရှိကြောင်းနဲ့ ပြည်ပကိုတင်ပို့ပြီး ဈေးကောင်းရနေတဲ့ တရုတ်စကားပွင့် အကြောင်းကို တင်ပြလိုက်ရပါတယ်။

ကျော်ဆန်း