အနာဂတ်မျှော်လင့်ချက်နဲ့ ပစ္စုပ္ပန်ကြက်သွန်နီဈေးကွက်။
မနှစ်ကဆောင်းရာသီအတွင်း မုံရွာတစ်ခရိုင်လုံးမှာ ကြက်သွန်နီ ဧက ၁၀၆၅၃ စိုက်ပျိုးခဲ့ကြပြီး ရာသီဥတုအဖျက်နည်းလို့ အထွက်နှုန်သင့်တင့်ကောင်းမွန်ခဲ့တာတွေ့ရပါတယ်။ တစ်ဧကကို အနိမ့်ဆုံးပိဿာ ၂၅၀၀ ကနေ အများဆုံး ပိဿာ ၄၀၀၀ ခန့်ထိထွက်ခဲ့ပြီး တစ်ခရိုင်လုံးအနေနဲ့ ပိဿာ သိန်း ၃၀၀ နီးပါးထွက်ခဲ့ တယ်လို့ ခန့်မှန်းသိရှိရပါတယ်။
ဒေသတွင်းစားသုံးမှုထက် များစွာပိုလျှံခဲ့လို့ တိုင်းအတွင်း၊ တိုင်းပြင်ပ ကြက်သွန်နီလိုဒေသတွေကို နှစ်စဉ်ပုံမှန် ဖြန့််ဖြူးရောင်းချခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ကြက်သွန်နီစပေါ်တဲ့ အချိန်က တစ်ပိဿာ ၃၀၀ ကျပ် ၀န်းကျင် ဈေးဖွင့်ခဲ့ပေမယ့် မေလထဲမှာ ဈေးကွက်ထဲပစ္စည်းအလုံးအရင်းဝင်ရောက်ခဲ့လို့ တစ်ပိဿာ ၂၅၀ ကျပ် ကနေ ၂၀၀ ကျပ်အထိ ဈေးကျလာခဲ့ပါတယ်။ မုံရွာဒေသနည်းတူ အခြားကြက်သွန်နီစိုက်ဒေသတွေဖြစ်ကြတဲ့ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတွေမှာလည်း ဒီနှစ်အထွက်နှုန်းကောင်းခဲ့ကြလို့ ပြည်တွင်း လက်ကားဈေးကွက် ကြီိးများဖြစ်တြတဲ့ ရန်ကုန်နဲ့ မန္တလေးကို တင်ပို့အားကောင်းခဲ့တဲ့အတွက် ဈေးလည်းအနည်းငယ်ကြဆင်းခဲ့ပါတယ်။ ဇွန်လထဲမှာ တစ်ပိဿာ ၂၅၀ ကျပ်ကတေ အနိမ့်ဆုံး ၁၈၀ ကျပ်ထိဈေးအေးခဲ့ပြီး မုံရွာကြက်သွန်တွေစီးဆင်းမှု နည်းပါးခဲ့ကာ ဇွန်လမှာ မန္တလေးဈေးကွက်ကို ပိဿာ ၂ သိန်းနီးပါးသာရှိခဲ့ကြောင်း သိရပါတယ်။
ဇူလိုင်လ၀က်ကျော်မှာတော့ Export လမ်းကြောင်းအသင့်အတင့် ဖွင့်ခဲ့တာဖို့ ဈေးအနည်းငယ်လှုပ်ခဲ့ရာ တစ်ပိဿာ အနိမ့်ဆုံး ၃၀၀ ကျပ်မှ အမြင့်ဆုံး ၅၀၀ ကျပ်ဈေးမြောက် ခဲ့တာတွေ့ရပါတယ်။ ဒါကြောင့်လည်း တက်ဈေးအမီ နယ်တောင်သူတွေ မုံရွာပွဲရုံတွေဆီအလုံးအရင်းနဲ့ တင်ပို့ခဲ့ကြတာ တစ်နေ့ပိဿာ ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ မုံရွာကနေ မန္တလေးပွဲရုံတွေဆီကို ဇူလိုင်လအတွင်း ပိဿာ ၂ ဒသမ ၅ သိန်းကျော်တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒီနှစ်သြဂုတ်လဆန်းမှာတော့ ထိပ်စ တစ်ပိဿာ ၄၀၀ ကျပ်ထိ ပြန်လည်ကျဆင်းသွားခဲ့သလို နယ်အ၀ယ်လည်း တစ်နေ့ ပိဿာ ၁၅၀၀၀ ၀န်းကျင်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်အချိန်အထိ တောင်သူတွေ ဆီမှာ ပိဿာသိန်း ၅၀ ၀န်းကျင်အထိ ကျန်နေမယ်လို့ ခန့်မှန်းရသလို ရာသီအရ ကြက်သွန်နီသိုလှောင်ကာလဟာ ၂ လခန့်သာ ကျန်တော့တဲ့အတွက် တောင်သူနဲ့ပွဲစားတွေ စိတ်ပူနေကြရပါတယ်။ ပုံမှန်အားဖြင့် ကြက်သွန်နီရဲ့ ကြံ့ခိုင်မှုဟာ ၈ လမှ ၉ လအထိ အထားခံပေမဲ့ ဒီနှစ်ဇန်န၀ါရီမိုးမိခဲ့လို့ ကြံခိုင်မှုအားနည်းအာတဲ့အတွက် ၂ လ လောက်အထိသာ အထားခံနိုင်မယ်လို့ ခန့်မှန်းနေကြပြီး ဒီကြားထဲ ပြည်ပဈေးကွက်အရောင်းသွက်ဖို့ မျှော်လင့် နေကြတာ တွေ့ရပါတယ်။ လောလောဆယ်မှာတော့ ကြံခိုင်မှုနည်းတဲ့ ကြက်သွန်နီတွေကို အရောင်းသွက်အောင် တစ်ပိဿာ ၃၅၀ ကျပ်ထိလျော့ချရောင်းဝယ်နေတယ်လို့ သိရပါတယ်။
တောင်သူအချို့ကတော့ ငုတ်မိသဲတိုင်ဆိုသလို လှောင်မြဲလှောင်လျက်ရှိနေကြပြီး တက်ဈေးကို မျှော်လင့်လျက်ရှိပါကြောင်း လေ့လာသိရှိရပါတယ်။
ထွန်းလှိုင်
|