MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (11 - 08 - 08)

သွေးအေးရင် နွှေးပြီးတောင့်ထား။

မြန်မာနိုင်ငံဟာ ပြည်ပကို ပဲတင်ပို့ရောင်းချတဲ့နေရာမှာ ကမ္ဘာမှာ ဒုတိယလိုက်ပါတယ်။ ပြည်တွင်းစားသုံးမှု ပိုလျှံလို့ လိုတဲ့တိုင်းပြည်ကိုပို့တယ်။ တစ်ခါဝယ်ယူတဲ့နိုင်ငံကလည်း သူ့တိုင်းပြည်လူဦးရေ၊ စိုက်ဧက မဖူလုံလို့ ၀ယ်တယ်။ ဆန်းသလားဆိုတော့ မဆန်းပါဘူး။ ဒါပေမဲ့ ပိုလို့ရောင်းချတဲ့တိုင်းပြည်ရော၊ လိုလို့ဝယ်ယူတဲ့ တိုင်းပြည်ရော ဒီအတိုင်း ဆက်နေမလား ... ဘယ်နေမလဲ။
ပိုလျှံလို့ တင်ပို့ရောင်းချတဲ့နိုင်ငံက ပြည်ပ၀င်ငွေတိုးတက်ရရှိရေး၊ အထွက်တိုးအောင် စိုက်ရင်းစွဲဧက တွေထက် မြေလွတ်မြေရိုင်းတွေ တိုးချဲ့စိုက်မယ်။ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုနဲ့ဆည်မြောင်း၊ တာတမံ၊ ရေအရင်းအမြစ်၊ မြစ်ရေတင်တွေနဲ့ တစ်သီး၊ နှစ်သီး၊ သုံးသီး ထပ်စိုက်ကြမှာပေါ့။ အထွက်တိုးအောင်ကြိုးစားတယ်။ အကျိုးရှိ တာကိုး။ တစ်ခါ နှစ်စဉ်လိုအပ်လို့ဝယ်ယူတဲ့နိုင်ငံကရော၊ သူလဲပဲ စိုက်ဧကတွေ တိုးချဲ့မယ်။ အထွက်တိုးအောင်၊ ဖူလုံအောင်ကြိုးစားမယ်။ စားပုံနည်းစနစ်ပြောင်းမယ်။ ၀ယ်ယူပုံနည်းစနစ် ပြောင်းမယ်။ တိုင်းပြည်ရဲ့ ပြည်ပထွက်ယိုဖိတ်မှုကို ပိတ်မယ်ဆို့မယ်၊ တားမယ်၊ ဆည်းမယ်ပေါ့။ ရိုးရိုးကလေး ကိုယ့်ပြည်တွင်း အထွက်တိုး အောင် ကြံဆောင်၊ အားထုတ်၊ ကျိုးပမ်းမှုတွင်မကဘဲ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖောက်သည်နိုင်ငံဆိုရင် ၀ယ်ယူပုံ နည်းစနစ်ပြောင်းလိုက်တယ်။ ခါတိုင်းလို ပြည်တွင်းကုန်သည်တွေကို တိုက်ရိုက်အ၀ယ် မခိုင်း ဘဲ အစိုးရ ကိုယ်တိုင်ဦးစီးပြီး တင်ဒါခေါ်တယ်။ ကျယ်ကျယ်ပြန့်ပြန့်ခေါ်တယ်။ ပဲထွက်တဲ့နိုင်ငံက ကိုယ့်တစ်နိုင်ငံထဲမှ မဟုတ်ဘဲ။ မြန်မာနိုင်ငံက ထောပတ်ပဲအစား၊ ဘေဘီလိုက် မာ၊ ၀ိုက်ဘီးဆိုတာတွေ၊ ပဲစင်းငုံအစား ပဲနီလေးဆိုတာတွေ အစားထိုးမယ်ဆိုတာတွေရှိတာပေါ့။ ကိုယ်လိုပဲ ပဲစိုက်တဲ့၊ ပဲထွက်တဲ့နိုင်ငံတွေကရော၊ သူ့နိုင်ငံ သူ့အကျိုးစီးပွား အတွက် ဈေးကွက်ချဲ့ထွင် ၀င်ရောက်ရောင်းချကြမှာပါ။
ခုတစ်လော.. သတင်း၊ ဂျာနယ်တွေတော်တော်များများမှာ အိန္ဒိယက ပဲဝယ်ယူလိုတဲ့သတင်းတွေ တွေ့နေရပါတယ်။ နယ်စပ်ဘက်က သတင်းတွေအရ အိန္ဒိယမှာ စားသုံးမှုဖူလုံဖို့ ဘယ်လောက်ပဲကြိုးစားကြိုးစား၊ ဒီနှစ်အဖို့ စိုက်ပျိုးမှုနောက်ကျတာ၊ ရာသီဥတုဖောက်ပြန်တာဆိုတာတွေရှိနေတော့ နှစ်စဉ်လိုပဲ ပဲမျိုးစုံတန်ချိန် သုံးသန်းကျော်လေးသန်းခန့် လိုနေတယ်ဆိုတာ သိရပါတယ်။ တင်ဒါတွေလည်း တရားဝင်ခေါ်နေတယ်ဆိုတာ အားလုံးလည်းကြားသိနေကြရတာပါ။
ကဲ ... မြန်မာနိုင်ငံက ပဲစိုက်ပျိုးထုတ်လုပ်သူမှ ရောင်းဝယ်ဖောက်ကား ပြည်ပတင်ပို့သူများ၊ ပြည်ပဈေးကွက်အတွက် ဘယ်လိုစဉ်းစာကြမလဲ၊ အားသာချက်၊ အားနည်းချက်တွေ သုံးသပ်၊ ဆုံးဖြတ်ပြီးကြပြီ လား။ မြန်မာနိုင်ငံရဲ့ ရေမြေသဘာဝနဲ့ ဖြစ်ထွန်းလာတဲ့ ပဲတွေကိုကြည့်ရင်၊ အခြားတိုင်းပြည်တွေ ထက်သာတာကို တွေ့ရပါတယ်။ ပါဝင်တဲ့အာဟာရ၊ အရသာထူးခြားကောင်းမွန်တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံကထွက်တဲ့ ဂန့်ဂေါထောပတ်ပဲ သူတို့ဆီကိုမျိုးယူ၊ သူ့နိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်၊ ဖြစ်ထွန်းသလား ... ဖြစ်ပါတယ်။ အောင်မြင်သလား၊ ထွက်သလား ... အောင်မြင်ပါတယ်၊ ထွက်ပါတယ်။ ကိုင်း၊ အာဟာရနဲ့အရသာ မတူတော့ပါဘူး။ ထောပတ်ပဲလိုပဲ၊ မျိုးအရသာတူမယ်ထင်တဲ့ ၀ိုက်ဘီး၊ ဘေဘီလိုင်မာပဲတွေ ဘယ်လောက်ပဲ အစားထိုးထိုး၊ ဂန့်ဂေါထောပတ်ပဲ ဈေးကွက်မပျောက်ပဲ။ အောင်လံထူပြီး ဂျပန်၊ စင်္ကာပူ ၀ယ်ယူနေဆဲပါ။
ပဲစင်းငုံဈေးကောင်းတယ်။ လိုသလောက်မရနိုင်ဘူး။ ဈေးနိမ့်တဲ့ အခြားနိုင်ငံက ပဲနီလေးအစားထိုး ၀ယ်တယ်။ စားတယ်။ တူမယ်ထင်သလား၊ မတူပါဘူး။ ငွေကြေး အခြေအနေ အရ မဖြစ်လို့သာ အစားထိုးစားမယ်၊ ဖြစ်ရင်တော့ ပဲစင်းငုံကိုသာ စားချင်ကြတာပါ။ အခြားအခြားသော ပဲတွေလည်း အတူတူပါပဲ။ ရေ၊ မြေသဘာဝ၊ ရာသီဥတု အားသာချက်က မြန်မာမြေကထွက်တဲ့ ပဲတွေကို ဂုဏ်တင်စေတာ၊ ဂုဏ်မြင့်စေတာ အားသာချက်ပါ။
အားနည်းချက်က စိုက်ပျိုးထုတ်လုပ်သူတွေ မျိုးသန့်အောင်၊ အရည်အသွေးကောင်းအောင် အထူးဂရုစိုက်ပြီး စိုက်ပျိုးထုတ်လုပ်ကြဖို့၊ ထွက်ရှိလာတဲ့သီးနှံ ၀ယ်ယူ ဖောက်ကား သိုလှောင်ကြရာမှာ စနစ်တကျ သိုလှောင်ကြဖို့ သိုလှောင်စဉ် အရည်အသွေးမကျဆင်းဖို့၊ ပိုးသတ်ဆေးသုံးစွဲရာမှာ နှုန်းနဲ့အညီ မလွန်ကဲဖို့ အကြိမ်ရေမများဖို့၊ မလိုအပ်တဲ့ အဆိပ်ဓါတ်တက်တာတွေ ထိမ်းသိမ်းဖို့၊ ပိုးသတ်ဆေးကြွင်းများတာ သိဖို့ဆိုတာတွေ အားနည်းနေတယ်ဆိုတာတွေ တွေ့နေရပါတယ်။
ကိုင်း ..အားသာချက်ကို ဂရုစိုက်လို့ ပိုကောင်းအောင်ကြိုးစား၊ အားနည်းချက်ကွက်လပ်ကို နည်းပညာနဲ့ ဖြည့်ခဲ့မယ်ဆိုရင် ပဲဈေးကွက်ဆက်လက်အောင်မြင်ရမှာပေါ့။ ခုတစ် လော ပခုက္ကူမှာဖြစ်နေတဲ့ အရောင်းအ၀ယ်တွေကို လေ့လာကြည့်ရင် -

အဓိကအရောင်းအ၀ယ်ဖြစ်ခဲ့တဲ့ ပဲတွေမှာ အတက်အကျဈေး အနည်းငယ်သာ အပြောင်းအလဲရှိပြီး ဈေးတန့်နေတာကြောင့် အရောင်းအ၀ယ်အေးနေတာကို တွေ့ရပါတယ်။ ဘယ်လောက်ပဲအေးအေးပါ။ ကိုယ့်တိုင်းပြည်က ထွက်ရှိတဲ့ပဲတွေရဲ့ အားသာချက်၊ အားနည်းချက်ကိုသိနေတာရယ်၊ ဖောက်သည်နိုင်ငံရဲ့ ပဲလိုအပ်ချက်အရ တင်ဒါခေါ် ယူမှုရှိနေ တာရယ်ကြောင့် ပဲဈေးကွက်အတွက် ရတက်အေးအေးနဲ့ ပဲသမားများ သွေးအေးရင် နွှေးပြီးတောင့်ထား ပဲသမားလို့သာပါ။

မြင့်ဦး