မစိုက်မီလေ့လာ၊ စိုက်ပြီးရင်ပြုစု ထွက်လာတဲ့သီးနှံ အရည်အသွေးကောင်းဖို့ကြိုးစား၊ ဒါမှဒို့လယ်သမား။
မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းသောသူများဟာ တောင်သူလယ်သမားတွေဖြစ်ကြတော့ တောင်သူလယ်သမားတွေ တိုးတက်ဖို့ ဆောင်ရွက်ရင်း တိုင်းပြည်လည်း တိုးတက်လာမှာဖြစ်တယ်။ ဒါကြောင့်မို့ စီးပွားရေးဦးတည်ချက် ၄ ရပ်မှာ ပထမအချက်အနေနဲ့ စိုက်ပျိုးရေးကိုအခြေခံ၍အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေးဆိုပြီး ဦးတည်ချက်ချမှတ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ တောင်သူလယ်သမားတွေတိုးတက်ဖို့က အခြေခံကျတော့ ကျေးရွာ တွေမှာ စာကြည့်တိုက်တွေ တည်ထောင်ပေးပြီး အသိအမြင်ရအောင်၊ စာဖတ်နိုင်အောင် စီစဉ်ပေးနိုင်တာတွေ့ရတော့ အလွန်ပဲပီတိ ဖြစ်မိပါတယ်။ ဒါမှ တောင်သူတွေ ကိုယ့်လယ်ယာမြေမှာ စိုက်ပျိုးရေးဆောင်ရွက်ဖို့ အထောက်အကူပြုတဲ့ သတင်းအချက်အလက်နည်းပညာတွေ ရရှိမှာပါ။ အလားတူ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်းကလည်း သီးနှံတွေမစိုက်ပျိုးမီ၊ စိုက်ပျိုးနေစဉ်၊ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြားတွေကနေ ထုတ်လွှင့်ပြန်ကြား ပေးနေတာလည်း တွေ့ရပါတယ်။ ဒီလိုအသိပညာပေးရေး ဆောင်ရွက်နေရုံသာမကဘဲ၊ ကျေးရွာ အရောက် ၀န်ထမ်းတွေနဲ့ ကွင်းဆင်းဟောပြောနေတာ တွေ့မြင်ကြားသိနေရပါတယ်။ အဲဒီတော့ ဘာကိုသွားတွေ့မိသလဲဆိုတော့ လယ်ယာစိုက်ပျိုးရေးဆိုတာ အချိန်ကာလတစ်ခုသတ်မှတ်ပြီး အရင်းအနှီး သွင်းအားစုတွေနဲ့ ပေါင်းစပ်ပြီးမှ ထုတ်လုပ်ရတာဖြစ်လို့ စက်ရုံ၊ အလုပ်ရုံတွေလို ကုန်ကြမ်းထက် ကုန်ချောရတဲ့ သဘောနဲ့ လုံးဝမတူပါဘူး။ စက်ရုံမှာက ကုန်ကြမ်းကောင်းကောင်းကို နည်းစနစ်ကောင်းကောင်းနဲ့ ထုတ်လုပ်ရင် ပစ္စည်း ကောင်းကောင်းရဖို့ သေချာပေမယ့် လယ်ယာစိုက်ပျိုးရေးမှာတော့ ရေ၊ မြေ၊ မျိုး၊ ရာသီဥတု အားလုံး အချိုးညီမှ မိမိစိုက်ပျိုးတဲ့ သီးနှံဖြစ်ထွန်းအောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ယခုလို ခေတ်မီ စက်ကိရိယာတွေ၊ နည်းပညာတွေ ဖွံ့ဖြိုးပေါ်ပေါက်ချိန်မှာ လယ်ယာကဏ္ဍက ဦးကြီးတွေလဲ အမီလိုက်နိုင်ဖို့ အသိပညာတွေရရှိနိုင်ဖို့ လိုအပ်ပါ တယ်။ ဒါမှ မိမိလယ်ယာမြေ အခြေအနေနဲ့ကိုက်ညီတဲ့ သီးနှံရွေးချယ်ဖို့လိုပါ တယ်။ မိမိစိုက်ပျိုးဖို့ ရွေးချယ်တဲ့သီးနှံရဲ့ ပြည်တွင်းပြည်ပ၀ယ်လိုအား ဈေးကွက်အခြေအနေတွေ လေ့လာပြီးမှ ဒီနှစ်မိုးသီးနှံကို ဘာသီးနှံစိုက်မှာလည်း စဉ်းစားရပါမယ်။ မိုးသီးနှံထဲမှာတော့ အများဆုံး စပါးသီးနှံပဲဆိုကြပါစို့ဗျာ။ စပါးသီးနှံကို မိရိုးဖလာစိုက်ပျိုးလာတဲ့ နှစ်လည်းမနည်းတော့ပါဘူး။ ဒီနှစ်တော့ မိမိဒေသပတ်ဝန်းကျင်၊ ရာသီဥတု၊ ရေ၊ မြေနဲ့လည်း ကိုက်ညီရမယ်။ ဈေးကွက်ရှိတဲ့သီးနှံကို ရွေးချယ်စိုက်ပျိုးမယ်ဆိုရင် ပိုမိုအဆင်ပြေနိုင်တာမို့ အချိန် ကာလတစ်ခုပေးဆပ်ပြီးမှ ထွက်လာတဲ့သီးနှံစိုက်ပျိုးရေးဖြစ်လို့ ကြိုတင်လေ့လာဆောင်ရွက်သင့်ပါတယ်။ ဥပမာ-မိမိလယ်ကို မိုးစပါးပြီးရင် ဆောင်းသီးနှံ ဘာစိုက်မယ်။ ဆောင်းသီးနှံပြီးရင် နွေသီးနှံကတော့ ဘာစိုက်မယ်။ အချိန်မီသေးရင် မိုးကြိုဘာစိုက်မယ်ဆိုပြီး ကြိုတင်လေ့လာစီမံဖို့ လိုမှာဖြစ်ပါတယ်။ ဒါမှသာ တိုးတက်လာတဲ့ လူဦးရေ၊ ကုန်ဈေးနှုန်း၊ လူနေမှုအဆင့်အတန်း၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေနိုင်၊ စားနိုင်မှာမို့ ကြိုတင်လေ့လာ စီစဉ်ဆုံးဖြတ်ဖို့ လိုမှာဖြစ်ပါ တယ်။
အလားတူ မိမိသီးနှံစိုက်ပျိုးပြီဆိုရင်လဲ ခေတ်မီနည်းစနစ်၊ အဆင့်မြင့်မျိုး၊ အရည်အသွေးကောင်း သီးနှံ ထုတ်လုပ်နိုင်ဖို့ စနစ်တကျ ပြုစုပျိုးထောင်ဖို့ လိုမှာဖြစ်ပါတယ်။ ဒါမှသာ ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ရတာ ဖြစ်လို့ ဒီနှစ်ရာသီမဖြစ်ထွန်း၊ မအောင်မြင်ရင် နောက်တစ်နှစ်စောင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိရွေးချယ်တဲ့မျိုး၊ သီးနှံဖြစ်ထွန်း အောင်မြင်အောင် စနစ်တကျဆောင်ရွက်ဖို့ လိုမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားလုပ်ငန်းတွေလို၊ ဥပမာ- ၀က်မွေးမြူရေးလုပ်ငန်းလို၊ ၀က်တွေကို အချိန်မှန် အစာမထည့်ရင် ၀က်တွေက အစာတောင်းသံထွက်လာပေမဲ့ သီးနှံတွေကတော့ အသံမထွက်ဘဲ အသွင်သဏ္ဍန်ပဲ ပြောင်းလာတာမို့ အမြဲတန်းစောင့်ကြည့်နေဖို့လိုမှာ ဖြစ်ပါ တယ်။ အနုအလှစကားနဲ့ ပြောရရင်တော့ စကားပြောနေတဲ့ သစ်ပင်လေးတွေရဲ့ စကားသံကို နားလည်ပြီး မျိုး၊ ရေ၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး အစစအရာရာ လိုအပ်တာတွေ ထည့်သွင်းနိုင်မှ အောင်မြင်ဖြစ်ထွန်းတဲ့ သီးနှံစိုက်ခင်းတစ်ခုရရှိမှာဖြစ်ပါတယ်။ သီးနှံစိုက်ခင်းတစ်ခု အောင်မြင်ဖြစ်ထွန်းပြီဆိုရင်လဲ ဘယ်ပန်းချီဆရာ၊ ပန်းပုဆရာမှ လိုက်မီအောင် ပုံဖော်ရေးဆွဲ ထုဆစ်နိုင်ခြင်းမရှိတဲ့ သဘာဝအလှတရား ပန်းချီကားတစ်ခု ဖြစ်လို့လာပါတော့တယ်။ သီးနှံတွေစိုက်ပျိုးဖြစ်ထွန်းလို့ ရိတ်သိမ်းနိုင်ပြီ ဆိုရင် ဈေးကွက်ဝင်အောင် အရည်အသွေးကောင်းတွေရရှိဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ဈေးကောင်းလဲရ၊ သုံးစွဲသူနှစ်သက်တဲ့ သီးနှံအမျိုးအစားဖြစ်လို့ ဈေးကွက်ခိုင်မာ သေချာမှာဖြစ်ပါတယ်။ ဥပမာတင်ပြရရင် ဧရာဝတီ တိုင်းက ပေါ်ဆန်းမွှေး၊ စစ်ကိုင်းတိုင်းက ရွှေဘိုခွန်နီ၊ ပဲခူးတိုင်း (အနောက်) က ရွှေဒင်္ဂါးဆန်၊ မွန်ပြည်နယ်က အီကရင်ဆန် ဆိုတဲ့ အမည်နာမ အမှတ်တံဆိပ်တွေနဲ့ ဈေးကွက်ရရှိနေတာမို့ ထွက်လာတဲ့သီးနှံ စံချိန်မီအောင် အရည်အသွေးရှိအောင်၊ အရည်အသွေးကောင်းအောင် ပြုပြင်ထုတ်လုပ်ဖို့လိုပါ တယ်။ ထွက်လာတဲ့သီးနှံ ဆန်ဝါ ပေါက်ခြင်း၊ သီးနှံရိတ်သိမ်းစဉ် အကိုင်အတွယ်ညံ့သဖြင့် ဆစ်ကျိုးများခြင်း၊ စိုက်ပျိုးချိန် မျိုးမသန့်သဖြင့် မျိုးကွဲ များခြင်း၊ ဒါမှမဟုတ် ရိတ်သိမ်းနယ်လှေ့စဉ် အခြားစပါးများနှင့် ရောနှောချွေလှေ့သဖြင့် အရည်အသွေး ကျဆင်းခြင်းများလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ သီးနှံတွေ အောင်မြင်လာပြီဆိုရင် ပိုပြီးတော့ ဂရုစိုက်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သီးနှံရာသီအစကနေ အမျိုးမျိုးဂရုစိုက်ပြီးပြုစုလာတာ ယခုအောင်မြင်ဖြစ်ထွန်းလို့ ရိတ်သိမ်းချိန်ရောက်ခါမှ အရည် အသွေးညံ့တဲ့သီးနှံတွေထွက်လာရင် စားကာနီးထမင်းလုပ် ပါးစပ်နားကျမှပြုတ်ကျ သလို ဖြစ်သွားမှာကို အထူးဂရုစိုက်ဖို့ သတိပေးလိုက်ရပါတယ်။
ဒါကြောင့်မို့ ဒို့လယ်သမားဦးကြီးများ ဈေးကွက်ရှိတဲ့စပါးမျိုးတွေ ရွေးချယ်ပြီး မိမိဒေသ ရေမြေ ရာသီဥတုနဲ့လဲ ကိုက်ညီတဲ့ စပါးမျိုးတွေ ပြောင်းလဲစိုက်ပျိုးပြီး မိမိလယ်ယာမြေ ကိုလဲ သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲခြင်းဖြင့် မြေယာကောင်းဖြစ်အောင် ပြုပြင်ရင်းနဲ့ ထွက်ရှိလာတဲ့ အရည်အသွေးကောင်း စပါးတွေကနေ ယခုခေတ်အကြိုက် စူပါဆန် တွေရရှိရေး ကြိုးစားအားထုတ်ဖို့ ဒို့လယ်သမားကြီးတွေ ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
ကျော်သူ
|