လွိုင်ကော်ဈေးကွက် ဆိုက်ခေါင်နာနတ်အရောင်းသွက်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရွာက နာနတ် သီးတွေ ၀င်ရောက်ပြီး ရောင်းဝယ်နေကြပါတယ်။ လွိုင်ကော်မြို့သို့ ဇွန်လပထမပတ်က ဇူလိုင်လကုန်ထိ နေ့စဉ် တစ်နေ့ကို နာနတ်သီးအလုံးရေ ၁၀၀၀ ၀န်းကျင်ခန့်ရောက်ရှိလာပါတယ်။ ကျောက်စိမ်း၊ ရွှေဝါအမျိုးအစား တွေဖြစ်ပါတယ်။ ကယားပြည်နယ်တွင်းမှာ မိုင်းလုံးရပ်ကွက်က နာနတ်သီးထွက်ပါတယ်။ ဒါပေမဲ့ ဆိုက်ခေါင် ဘက်ကထွက်တဲ့ နာနတ်သီးကအရသာပိုမိုကောင်းမွန်ပြီး အရွယ်အစားလည်း လှတာကြောင့် လွိုင်ကော်မြို့မှာ ဆိုက်ခေါင်နာနတ်သီးတွေ အရောင်းသွက်နေရခြင်းဖြစ်ပါတယ်။
လွိုင်ကော်မြို့ကိုရောက်လာတဲ့ ဆိုက်ခေါင်နာနတ်သီးများကို တစ်လုံးလျှင် ၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ၄၀၀ ကျပ်အထိ အရွယ်အစားပေါ်မူတည်ပြီး ရောင်းချကြပါတယ်။ ဆိုက်ခေါင် နာနတ်သီးဟာ ဇွန်လဆန်းပိုင်းက စပြီး ဇူလိုင်လကုန်အထိ ထွက်ရှိတယ်လို့သိရပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့ကို ဆိုက်ခေါင်နာနတ်သီး တွေ တစ်လကိုအလုံးရေ ၃၀၀၀၀ ခန့် ၀င်ရောက်ကြောင်းနဲ့ နာနတ်စိုက်တောင်သူများ တစ်နှစ်ထက်တစ်နှစ် စိတ်ဝင်တစား စိုက်ပျိုးလာကြောင်းကို မှတ်တမ်းတင်ပြလိုက်ရတယ်။
ကျော်ဆန်း
|