မသွက်မလက်အေးစက်လျက် သီးနှံစုံကဈေးမတက်။
သင်္ကြန်မရောက်မီ သီးနှံစုံဈေးကွက်များ အေးစက်ခဲ့ပြီး နှစ်ကူးပိတ်ရက်များကို ဖြတ်သန်းကျော်လွန် လာသော်လည်း ဈေးကွက်အတွင်း သီးနှံများ၏ ဈေးနှုန်းများမှာ လှောင်လက် ကုန်သည်ပွဲစားများ မျှော်လင့်သလို ဈေးကွက်သွက်မလာပဲ အေးစက်လျက်ရှိနေဆဲဖြစ်ပါတယ်။ ၄၅ ပိဿာတစ်အိတ် နှမ်း (စမုံနက်) ၁၂၅၀၀၀ ကျပ်၊ နှမ်းပြာ ၁၂၀၀၀၀ ကျပ်၊ နှမ်းဖြူ ၁၂၅၀၀၀ ကျပ်၊ နှမ်းနီ ၁၁၈၀၀၀ ကျပ် ဈေးနှုန်းများဖြစ်ခဲ့ပြီး စမုံနက်၊ နှမ်းပြာ၊ နှမ်းဖြူများမှာ ၀င်ရောက်မှုနည်းကာ ၀ယ်ယူလိုမှုမှာလည်း ရန်ကုန်ကုမ္ပဏီ ၀ယ်လက်သာရှိပြီး ဈေးကွက် ငြိမ်သက်လျက်ရှိပါတယ်။
ဆောင်းမြေပဲ (စကမြေပဲ) တောင့်များ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာပြီး ပဲတောင့်တစ်ပိဿာ ၁၁၅၀ ကျပ်၊ ပဲဆံတစ်ပိဿာ ၁၆၀၀ ကျပ်ဈေးဖြင့် မြို့ပေါ်ပဲခွဲစက်များမှ ပဲတောင့်ဝယ်ယူ၍ ပဲခွဲကာ ပဲဆံများကို အောင်လံ၊ ပြည်၊ ရန်ကုန်ဆီစက်များမှ ပုံမှန်ဝယ်ယူလျက်ရှိပါတယ်။ မိုးပဲတီစိမ်းနဲ့ ဆောင်းပဲတီစိမ်းလက်ကျန် များမှာလည်း သင်္ကြန်မတိုင်ခင် မိုးပဲတီစိမ်း ၂၀ ပိဿာ ၁၁၀၀၀ ကျပ်၊ ဆောင်းပဲတီစိမ်း ၂၀ ပိဿာ ၁၄၅၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်မှုဖြစ်ခဲ့ကာ ယခုသင်္ကြန်ကျော် ၀ယ်သူမရှိပဲ ဈေးကွက်အေးစက်လျက်ဖြစ်နေပါတယ်။ ပဲကြီး ၂၀ ပိဿာတစ်တင်းလျှင် ၁၃၀၀၀ ကျပ်၊ ၁၂၅၀၀ ကျပ်ဈေးဖြင့် သင်္ကြန်မရောက်မီ လုပ်ငန်းသုံး ပဲကြော်၊ ပဲလှော် ၀ယ်လက်များနှင့် လှောင်လက်များမှ ၀ယ်ယူမှုကိုတွေ့ခဲ့ပြီး သင်္ကြန်ကျော်ဝယ်ယူလိုမှု အားနည်းလာကာ ၁၁၅၀၀ ကျပ်မှ ၁၀၅၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်ဈေးများအထိ ကျဆင်းသွားပါတယ်။ ကုလားပဲ (ဟော်လန်) ဈေးကွက်မှာ သင်္ကြန်ရှေ့နှင့်နောက် ဈေးနှုန်းပြောင်းလဲကွာခြားမှုများစွာမရှိပဲ ၂၀ ပိဿာတစ်တင်းလျှင် ၁၃၀၀၀ ကျပ်၊ ၁၃၂၀၀ ကျပ်ဈေးဖြင့် ကုလားပဲခွဲစက်လုပ်ငန်းရှင်များနှင့် လှောင်လက်အနည်းစုသာ ၀င်အား၊ ၀ယ်အား သင့်တင့်မျှတသော ဈေးကွက်တစ်ခုဖြစ်နေခဲ့ပါတယ်။ ပဲစင်းငုံနီ ၂၀ ပိဿာ ၁၅၈၀၀ ကျပ်၊ မတ်ပဲ ၂၀ ပိဿာ ၁၃၂၀၀ ကျပ်ဖြင့် ရန်ကုန်ကုမ္ပဏီ ၀ယ်သူအချို့ ပုံမှန်ဝယ်ယူမှုရှိသော်လည်း ပဲဈေးကျနေ၍ ဈေးကွက်ထဲသို့ ပဲဝင်ရောက်မှု နည်းနေ လျက်ရှိပါတယ်။ ရန်ကုန်စားအုန်းဆီဈေးနှုန်း တစ်ပိဿာ ၂၉၇၀ ကျပ်မှ ၂၈၈၀ ကျပ်ထိ ဈေးကျဆင်းလာပြီး ပဲဆီတစ်ပိဿာ နယ်ဈေး ၄၁၀၀ ကျပ်ထိဈေးကျလာကာ နှမ်းဆီတစ်ပိဿာ နယ်ဈေး ၄၈၀၀ ကျပ် ပေါက်ဈေး ဖြစ်ပေါ်ခဲ့ပြီး ဆီထွက်သီးနှံကုန်ကြမ်း ပဲဆံများ နယ်စုံအထွက်စုံလာ၍ ဈေးဆက်လက်ကျဆင်းလာနိုင်ပြီး နှမ်းနီဆီကြိတ်နှမ်းမှာလည်း လက်ကျန်ပါးအ၀ယ်နည်းနေ၍ ပုံမှန်ဈေးတန်းတစ်ခုဖြစ်နေနိုင်ကြောင်း ကုန်သည်ပွဲစား အသိုင်းအ၀ိုင်းမှတစ်ဆင့်သိရပါတယ်။
ကျော်မျိုးမင်း
|