ကောလင်းမြို့နယ်၏ နှီးဝါးယပ်တောင်လုပ်ငန်း။
ဝန်းသိုမြို့နယ်တွင် သစ်တောထွက် တင်းဝါးကို အသုံးပြု၍ အိမ်တွင်းလက်မှုပညာဖြင့် ၀င်ငွေရရှိနေသော ကျေးရွာများမှာ နမ္မလင်ရွာမှာ ခြင်းတောင်း၊ မင်းကုန်းရွာမှ ဆန်ကော၊ ပေကုန်းရွာမှ နှီးယပ်တောင်ဟူ၍ မိရိုးဖလာလုပ်ကိုင်လာကြရာ အသက် ၁၀ နှစ်ကျော် ကလေးများပင်လျှင် ယက်လုပ်သည့် လက်မှုပညာအတတ်ကို တတ်ကျွမ်းနေပြီဖြစ်သည်။ ထိုကျေးရွာများအနက် ပေကုန်းရွာမှာ နှီးယက်တောင်ယက်လုပ်၍ စီးပွား ဖြစ်ထွန်းနေမှုအား တင်ပြလိုပါသည်။
ပေကုန်းရွာမှာ ကောလင်းမြို့နယ်နှင့်နီး၍ ဈေးကွက်ရှိနေသဖြင့် ယပ်တောင်ယက်လုပ်ခြင်းလုပ်ငန်းများမှာ တွင်ကျယ်ပါသည်။ ပေကုန်းရွာမှ အိမ်ခြေ ၁၃၀ ကျော်ရှိပြီး အိမ်ခြေ ၈၀ လောက်မှ မိသားစုများမှာ လယ်ယာ ရိတ်သိမ်း၍ ဆောင်းသီးနှံစိုက်ပျိုးချိန် နွေဦးရာသီအ၀င် ဖေဖော်ဝါရီလမှစတင်၍ နှီးယပ်တောင်လုပ်ငန်း လုပ်ကိုင် ကြသည်။
ပေကုန်းကျေးရွာ၏ နှီးယပ်တောင်လုပ်ငန်းလုပ်ကိုင်သူ ၈၀ ဦးမှ တစ်ရက်လျှင်ပျမ်းမျှ ၄၀၀၀ ကျော်ထွက်ရှိပြီး ထွက်သလောက်ကုန်သဖြင့် ကောလင်းမြို့နယ်မှ လိုချင်သူ ပွဲစား များမှ ငွေကိုကြိုတင်ပေးထားရကာ ယပ်တောင် တစ်ချောင်း လက်ကားပေါက်ဈေး ၅၀ ကျပ်နှုန်းဖြင့် ကောလင်းနှီးယပ်တောင်ပွဲစားများမှတစ်ဆင့် မန္တလေးမြို့သို့ တင်ပို့သည်။ နှီးယပ်တောင် တစ်ချောင်းလျှင် လက်ကားဈေး ၁၀၀ ကျပ်ပေးသွင်းရကြောင်း သိရှိရပါသည်။ ပေကုန်းရွာမှ မိသားစုသုံးဦးရှိသည့် အိမ်ဆိုလျှင် တစ်ရက်လျှင် နှီးယပ်တောင်အပြီး အစီး ၁၀၀ ကျော်ပြီးစီးသည့် အတွက် ၀င်ငွေ ၅၀၀၀ ကျပ်ကျော်ရရှိသည်။
နှီးယပ်တောင် ယက်လုပ်မှုမှာ တင်းဝါးကို ပေကုန်းရွာမှ ၇ မိုင်ခန့်ဝေးသော မန်ကင်းတောင်ခြေတွင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ခုတ်ထားရပြီး အရိပ်ထဲတွင် အခြောက်ခံ ထားရပါသည်။ နှီးယပ်တောင်လက်ရိုးမှာ မျှင်ဝါး၊ အချင်းလက်မ၀က် အရှည် ၂ ပေခန့်ဖြတ်၍ အသုံးပြုသည်ကို တွေ့ရပါသည်။ အရိုးပြုလုပ်မည့် မျှင်ဝါးများမှာ ကျေးရွာအနီး တောတောင်များတွင် ပေါက်ရောက်သည်။
နှီးယပ်တောင် ယက်လုပ်ရာတွင် တင်းဝါးခြောက်များအား အနေတော်ဖြတ်ပြီး ၀ါးခြမ်းများခွဲ၍ နှီးဖျာရ ပါသည်။ ဖြာပြီးနှီးများအား ရောင်စုံဆေးဖြန်းပြီး ၃ နာရီခန့် အခြောက်လှမ်း ပြီးမှ နှီးယပ်တောင်ယက်လုပ်ရခြင်း၊ အနားကွပ်ခြင်း၊ လက်ကိုင်ရိုးတပ်ခြင်းတို့ပြုလုပ်ရသည်။ တင်းဝါး ၃ လုံးကို နှီးဖျာလျှင် ယပ်တောင် ၁၀၀ ချပ်ရရှိသည်။ လယ်ယာလုပ်ကိုင်ခြင်းနှင့် ဆောင်းသီးနှံပြီးချိန် နွေရာသီ ဖေဖော်ဝါရီလမှ မေလအထိ ယပ်တောင်ယက်လုပ် ရောင်းချခြင်းဖြင့် ဈေးကွက်ရရှိလာသောကြောင့် ၄ လအတွင်း ၎င်း ကျေးရွာမှ ၀င်ငွေရရှိနေပါသည်။ ၎င်းကျေးရွာ၏ အိမ်တွင်းလက်မှုပညာမှ နှီးယပ်တောင်တွင် စာသား၊ ဒီဇိုင်းများဖော်၍ အသစ်ထွင်ကာ လှပဆန်းသစ်စွာ ယက်လုပ်နေပြီဖြစ်၍ နွေရာသီပူအိုက်သောအချိန်၌ လေအေးအေးကို ခံစားနိုင်ရန် ပေကုန်းကျေးရွာမှ ယက်လုပ် ထွက်ရှိသော နှီးယပ်တောင်မှာ ၀န်းသိုမြို့၊ ကောလင်းမြို့သာမက ရွှေဘို၊ မန္တလေး၊ အင်းတော်၊ ကသာမြို့နယ်များနှင့် ကချင်ပြည်နယ်သို့တိုင်အောင် ပျံ့နှံ့နေရာယူလာပြီဖြစ်ပါသည်။့။
ကျော်စိန်ဌေး
|