ပွဲလယ်တင့်တဲ့ ငှက်ပျောဈေးကွက်။
ငှက်ပျောသီးတွင် ဖီးကြမ်း၊ ရခိုင်၊ သီးမွှေး၊ ထောပတ်၊ ငှက်မွှဲ၊ ငှက်ပျောချဉ်၊ နံသာပု၊ သူငယ်စာ၊ စာကလေး၊ ဆင်အံ၊ ရွှေငှက်ပျော၊ ငမောက်စိမ်း၊ ၀က်မလွတ်၊ ကျွဲချိုစသည်ဖြင့် ငှက်ပျောအမျိုးအစားများစွာရှိပါသည်။ ပဲခူးတိုင်း (အနောက်ပိုင်း) အနေဖြင့် အများဆုံးစိုက်ပျိုးသော ငှက်ပျောမှာ ဖီးကြမ်းနှင့်ရခိုင်အမျိုးအစားကို စိုက်ပျိုးကြပါ သည်။ သက်တမ်းမှာ ၁၆ လမှ ၂၄ လထိဖြစ်ကြောင်းသိရသည်။ ငှက်ပျောပင်တစ်ဧကလျှင် ၅၀၀ ပင်အထိ စိုက်ပျိုးနိုင်ပြီး ငှက်ပျောပင် တစ်ဧကကုန်ကျစရိတ်မှာ နှစ်သိန်းခွဲကျော် ကုန်ကျကြောင်း သိရပါသည်။ ငှက်ပျောသီး မှာ တစ်နှစ်ထက်တစ်နှစ် အထွက်ပိုများလေ့ရှိသောကြောင့် ငါးမွေးမြူရေးကန်ဘေးများ တွင်လည်းကောင်း၊ လယ်ကန်သင်းများတွင် လည်း ကောင်း၊ ကားလမ်းနှင့်ရထားလမ်းများတွင်လည်းကောင်း၊ အိမ်ခြံများတွင် လည်းကောင်း စိုက်ပျိုးထားရှိသည်ကို တွေ့ရပါသည်။ ဖီးကြမ်းငှက်ပျောကို သမားရိုးကျ စားသုံးမှုများ ကြပြီး၊ ရခိုင်ငှက်ပျောကို နတ်ပွဲတင်ရာတွင် လည်းကောင်း၊ ဆနွင်းမကင်းထိုးရာတွင်လည်းကောင်း၊ ငှက်ပျောကြော် ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုသည်ကို တွေ့ရပါသည်။ ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အထိရှိပြီး ရခိုင်ငှက်ပျောတစ်ဖီးလျှင် ၂၀၀ ကျပ်၊ ၂၅၀ ကျပ်ရှိကြောင်း သိရပါသည်။ ငှက်ပျောသီး ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်သူများအနေဖြင့် ငှက်ပျောခြံများသို့ လိုက်လံဝယ်ယူကြပြီး ရန်ကုန်သို့ကားဖြင့် တင်ပို့ကြောင်းသိရပါသည်။ ဒညင်းကုန်းဈေးတွင်လည်း ကျဘန်း ရောင်းချမှုများပြုလုပ်ကြောင်းသိရပါသည်။
လှလှအောင်
|