ပထမသုံးလပတ် မုံရွာဆန်ဈေးကွက်အခြေအနေ။
မုံရွာဆန်ဈေးကွက်ဟာ တိုင်းတွင်းဆန်ပိုဒေသတွေဖြစ်ကြတဲ့ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနဲ့ တန့်ဆည်မြို့နယ် တွေကို အားပြုနေရပြီး ဒီလထဲမှာ ဆန်အ၀င်နဲသွားတာတွေ့ရပါတယ်။ ဒါပေမဲ့ မနှစ်က ပထမသုံးလပတ်အတွင်း ဆန်မျိုးစုံအိတ် ၂ သိန်းခန့်ဝင်ခဲ့သလို ဒီနှစ်ပထမသုံးလပတ်မှာလဲ ဆန်အိတ် ၂ သိန်းကျော်ဝင်လာတဲ့အတွက် ဈေးကွက်ကို မထိခိုက်ဘူး လို့ ဆန်ပွဲရုံပိုင်ရှင်တွေက ပြောပါတယ်။
မတ်လထဲမှာ ဆန်စီးဝင်မှု အနည်းငယ်လျော့ခဲ့ပေမဲ့ ဈေးကွက်မှာ ဆန်ဈေးသိသိသာသာကျဆင်းခဲ့ပြီး အ၀ယ်အေးသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဧရာမင်းဆန်အသစ်တစ်တင်း ၁၂၅၀၀ ကျပ်ထိမြင့်တက်ခဲ့ရာက ယနေ့တစ်တင်း ၁၀၀၀၀ ကျပ်ဝန်းကျင်နဲ့လည်းကောင်း၊ စောရှုတ်အသစ် တစ်တင်း ၉၅၀၀ ကျပ်နဲ့ လည်း ကောင်း၊ ဈေးချရောင်းခဲ့ကြပေမဲ့ အ၀ယ်ကတော့ ခပ်ကျဲကျဲသာရှိတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။
မုံရွာမြို့နေ လူထုစားသုံးမှုများတဲ့ ဧရာမင်းဆန်အဟောင်း (ကော်ချက်) ဈေးအနေနဲ့ အနည်းငယ်မာနေပြီး ယနေ့တစ်တင်း ၁၇၅၀၀ ကျပ်ဝန်းကျင်မှာ အသင့်အတင့် အ၀ယ် လိုက်ခဲ့တယ်လို့ သိရပါတယ်။
ပထမသုံးလပတ်အတွင်း မုံရွာဈေးကွက်ကို ဆန်စီးဝင်မှုအနေနဲ့ ဇန်န၀ါရီလမှာ အိတ် ၉၀၀၀၀ ခန့်၊ ဖေဖော်ဝါရီလမှာ အိတ် ၇၀၀၀၀ ခန့်နဲ့ မတ်လ ၂၆ ရက်နေ့အထိ ဆန်အိတ် ၄၀၀၀၀ ခန့်စုစုပေါင်း ဆန်အိတ် ၂ သိန်းကျော်ရှိခဲ့ပြီး၊ မုံရွာဈေးကွက်ကတစ်ဆင့် မန္တလေး၊ ပခုက္ကူ၊ ရေစကြိုနဲ့ မြင်းမူမြို့တွေကို ဆန်စီးထွက်မှုအနေနဲ့ ဇန်န၀ါရီမှာ အိတ် ၁၇၀၀၀ ခန့်၊ ဖေဖော်ဝါရီလမှာ အိတ် ၁၆၀၀၀ ခန့်နဲ့ မတ်လ ၂၆ ရက်ထိ အိတ် ၆၀၀၀ ခန့် စုစုပေါင်း အိတ် ၄၀၀၀၀ ခန့်သာရှိခဲ့တာတွေ့ရပါတယ်။
မုံရွာဆန်ဈေးကွက်မှာ ယခုလို ဆန်အရောင်းအေးနေပေမဲ့ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနဲ့ တန့်ဆည်မြို့နယ် တွေက ပုံမှန်လမ်းကြောင်းများနဲ့ တစ်နေ့အိတ် ၁၅၀၀ ခန့်ပုံမှန်စီးဝင် လျက်ရှိနေဆဲလို့ လေ့လာသိရှိရပါတယ်။
ထွန်းလှိုင် |