MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (06 - 03 - 08)

အထွက်စောတဲ့ ပြည်ပြောင်းဖူးဈေးကွက်

မိချောင်းရဲပြောင်း၊ ဆင်မြီးဆွဲပြောင်း၊ သကြားပြောင်း၊ ဟော်တယ်ပြောင်း၊ ပျားရည်ဆမ်းပြောင်း၊ အထုပ်ပြောင်း၊ နတ်ပြည်မွှေးပြောင်း (အဖြူ) စသည်တို့မှာ ပဲခူးတိုင်း (အနောက်ပိုင်း)၏ ပြောင်းဖူးထွက်ရှိသောရာသီ၌ ဈေးကွက်ဝင်အမျိုးအစားများဖြစ်ကြပါသည်။ လတ်တလောကာလတွင် ပျားရည်ဆမ်းပြောင်း၊ သကြား ပြောင်း၊ ဟော်တယ် ပြောင်း(အကောင်းဆုံးပြောင်း)နှင့် နတ်ပြည်မွှေးပြောင်းတို့သာ အထွက်ရှိသေး ကြောင်းသိ ရသည်။ ပျားရည်ဆမ်းပြောင်းသည် သကြားပြောင်း နှင့်ဟော်တယ်ပြောင်း တို့ထက် အဖူးသေး၊ စဉ်းရိုးသေးပြီး အစေ့များကြောင်း သိရသည်။ ပြောင်းဖူးကို နှစ်လသားပြောင်းနှင့် လေးလသားပြောင်းဟူ၍ နှစ်မျိုးစိုက်ကြသည်။ ယခုထွက်ရှိသောပြောင်းဖူးမှာ ၂ လသားပြောင်းမျိုးများဖြစ်သည်။ တန်ဆောင်မုန်းလပြည့် ကျော်နှင့် နတ်တော်လတို့၌ စိုက်ပျိုးခဲ့ပြီး တပို့တွဲလပြည့်ကျော် တပေါင်းလတို့၌ ထွက်ရှိခြင်းဖြစ်သည်။ လေးလသား ပြောင်းများဖြစ်သော ကျန်ပြောင်းများမှာ စိုက်ပျိုးချိန်တူညီသော်လည်း ယခုရာသီတွင် သားပိုက်သော အခြေအနေသာရှိသေးကြောင်း၊ တပေါင်းလပြည့်ကျော်။ တန်ခူးလ လောက်မှထွက်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ ယခုပြည်ဈေးကွက်တွင် ပြည်မြို့ရှိ ချောင်းနားတမ်း၊ မိုးခေါင်၊ လက်ခုပ်ပင်ကျေးရွာတို့မှ ပြောင်းဖူးများ လာရောက် ရောင်းချခြင်း ဖြစ်သည်။ တစ်ဧကအထွက်နှုန်းမှာ စိုက်ပျိုးမှုကိုင်း အကျဉ်း၊ အကျယ်ပေါ်မူတည်၍ ပျမ်းမျှအဖူး ၃၀၀၀ ထွက်ရှိကြောင်းသိရှိရပါသည်။ ပြောင်းဖူးအဖူးသေး တစ်ရာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ် အထိရှိပြီး အဖူးကြီးတစ်ရာလျှင် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးရှိကြောင်းသိရသည်။ ရန်ကုန်နှင့်အခြား မြို့များသို့တင်ပို့မှုကို မိုးဦးကာလ၌ အများဆုံး တင်ပို့ကြောင်း လေ့လာသိရှိရပါသည်။

လှလှအောင်