MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (20 - 03 - 08)

ဈေးကွက်သို့ရောက်ရှိလာပြီဖြစ်သော ကျန်းမာရေးအကျိုးပြု ပဲပိစပ်ဆီ (Soya Oil)။

လူ့ခန္ဓာကိုယ်သည် စားသောက်မှီဝဲလိုက်သည့် အစားအစာများထဲမှ အခြေခံအာဟာရဓါတ်များဖြစ်သည့် ရေ၊ ကာဘိုဟိုက်ဒရိတ် ခေါ် ကစီဓါတ်၊ ပရိုတင်း ခေါ် အသားဓါတ်၊ အဆီဓါတ်၊ သတ္တုဓါတ်၊ ဗီတာမင်ခေါ် သက်စောင့်ဓါတ်များနှင့် အမျှင်ကြမ်းများကို စုတ်ယူချေဖျက်ပြီး အသွေးအသားနှင့် ကလပ်စည်းဆဲလ်များထဲသို့ ခန္ဓာကိုယ်၏လိုအပ်ချက်ဓါတ် အမျိုးမျိုးအဖြစ်ပေးပို့ပေးသည်။
အဆီဓါတ်သည် ခန္ဓာကိုယ်တွင် အရေးကြီးသောမရှိမဖြစ်လိုအပ်သော ဓါတ်တစ်မျိုးဖြစ်သည်။ သို့သော်လိုအပ်သည်ထက်ပိုပါက သွေးထဲတွင် ကိုလက်စထရောဓါတ်များစေ၍ အန္တရာယ်ဖြစ်စေနိုင်သည်။ ဆီများတွင်ပါဝင်သော ပြည့်ဝအဆီအက်ဆစ်များ (Saturated Fatty Acid ) သည်လူကို အန္တရာယ်ပေးစေတတ်ပြီး၊ မပြည့်ဝအဆီအက်ဆစ်များ (Unsaturated Fatty Acid)မှာမူ အန္တရာယ်မဖြစ်စေသည့်အပြင် ကောင်းကျိုးကို ပေးနိုင်ပါသည်။
ယခုအခါစားသုံးသူများ၏ ဈေးကွက်တွင်မူလစားသုံးနေကျဆီများအပြင် ပဲပိစပ်ဆီ (Soya Oil )များကို တွေ့မြင်လာရပြီဖြစ်သည်။ ပဲပိစပ်ဆီသည် ကမ္ဘာပေါ်တွင် စိုက်ပျိုးထုတ်လုပ်မှုအများဆုံးနှင့် ဖွံ့ဖြိုးသော နိုင်ငံများဖြစ်သည့် အမေရိကန်၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့တွင်အများဆုံးစားသုံးနေသော ဆီတစ်မျိုးဖြစ်သည်။ မည်သည့်ဆီမဆို လေထုထဲရှိ အောက်စီဂျင်၊ ရေခိုးရေငွေ့၊ အပူရှိန်များနှင့်ထိတွေ့ရာတွင် ယင်း၌ရှိသော လိုက်ပေ့စ်အင်ဇိုင်း (Lopase Enzyne)၏အားပေးမှုကြောင့် အချဉ်ပေါက်၍ အရသာပျက်စီးခြင်း၊ အောက်စီဂျင်နှင့်တွေ့၍ ဓါတ်တိုးကာအနံ့များဆိုးဝါး၍ အရောင်ရင့်လာခြင်းများဖြစ်လာသည်။ ထို့ကြောင့် စားသုံးဆီကို အချဉ်ချွတ်ခြင်း (Deacidification)၊ အရောင်ချွတ်ခြင်း (Bleaching )နှင့် အနံ့ချွတ်ခြင်း (Deodourizing)၊ ဆီစစ်ခြင်း (Dewaning)စသည့်အဆင့်ဆင့် သန့်စင်မှသာ စားသုံးဆီကောင်း ဆီသန့်ကိုရရှိမည်ဖြစ်သည်။
ပဲပိစပ်ဆီထုတ်လုပ်ရာတွင် အထက်ဖော်ပြပါ အဆင့်ဆင့်သန့်စင်မှုကို နိုင်ငံတကာသတ်မှတ်ချက်များနှင့် အညီ ခေတ်မှီသိပ္ပံနည်းကျဆောင်ရွက်ကြရသဖြင့် စားသုံးသူများအတွက် ကျန်းမာရေးအရ လွန်စွာအထောက်အကူ ပြုသော စားသုံးဆီတစ်မျိုးဖြစ်သည်။ ပဲပိစပ်ဆီ၌ မပြည့်ဝအဆီ အက်ဆစ်အများဆုံးပါဝင်သော ဆီဖြစ်၍ ဆီခဲခြင်းမရှိသည့်အပြင် မကောင်းသောကိုလက်စထရောများကို ထိရောက်စွာကျဆင်းစေသည်။ ပဲပိစပ်ဆီသည် ဗီတာမင်အီး (Vitamin-E )ကြွယ်ဝ၍ Omega 3 Fatty Acid နှင့် Omega 6 Fatty Acid တို့၏အချိုးပမာဏ အမြင့်ဆုံးပါဝင်သောကြောင့် မကောင်းသောကိုလက်စထရောများလျော့ကျ၍ နှလုံးလမ်းကြောင်း ပိတ်ဆို့ခြင်း၊ အူလမ်းကြောင်းကင်ဆာ၊ ကျန်းမာရေးအထောက်အကူပြုဆီအဖြစ် ကမ္ဘာနှင့်အ၀ှမ်း လူတို့ရွေးချယ်စားသုံးနေကြပြီ ဖြစ်သည်။ ပဲပိစပ်ဆီကိုအနံ့ချွတ်သန့်စင်ရာတွင် လေဟာနယ် (Vacuum ) စနစ်အောက်၌ ၂၆၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးဆောင်ရွက်ရသဖြင့် ဆီသုံးစွဲရာတွင် ပမာဏမလျော့ဘဲ၊ အကြော်ခံခြင်း၊ အချက်ခံ၍ ဆီကိုလိုသည်ထက် ပိုသုံးစွဲရန်မလိုအပ်ခြင်းတို့ကြောင့် စီးပွားရေးတွက်ချေကိုက်မှုလည်းရှိသည်။
ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ထားသော ပဲပိစပ်ဆီများအား ဈေးကွက်တွင် သင့်တော်သော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိနေကြောင်း တွေ့မြင်လာရသဖြင့် ကျန်းမာရေးကိုလည်း အထောက်အကူပြု၍ စီးပွားရေးအတွက်လည်း တွက်ချေကိုက်သော ဆီကိုရွေးချယ်စားသုံးကြမည့်စားသုံးသူများ အတွက် ၀မ်းမြောက်ဖွယ်ရာဖြစ်ပါတော့သည်။

ဖန်နေ၀န်း-PTAC