| ပြည်တွင်းကုန်သွယ်မှုသတင်း (17 - 03 - 08) |
|
မြေပဲတွင် ဈေးကွက်ကောင်းပြီး အရည်အသွေးပြည့်မီမှု၌ ပဲခူး (အနောက်) ရှိ မြေပဲသည်လည်း အပါအ၀င်ဖြစ်ပါသည်။ ဆီထွက်သီးနှံအုပ်စုတွင်ပါဝင်သော မြေပဲကို မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ စိုက်ပျိုးကြရာတွင် ပဲခူးတိုင်း (အနောက်ပိုင်း) ၌ ၂၀၀၇-၂၀၀၈ ခုနှစ်၌ ဆောင်းမြေပဲစိုက်ဧက ၅သောင်းခွဲခန့် စိုက်ခဲ့ပါသည်။ တစ်ဧကအတွက် ၆၂.၅၆ တင်းထွက်ရှိပြီး မတ်လပထမပတ်အထိ တင်းသိန်း ၃၀ ကျော် ထွက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ ရွှေတောင်၊ မိုးညိုနှင့် ပန်းတောင်းမြို့နယ်တို့သည် မြေပဲအများဆုံး စိုက်ပျိုးရာမြို့များဖြစ်ကြသည်။ အချိန်နောက်ကျစိုက်ပျိုးသူများအတွက် ယခုအချိန်ကျမှ မြေပဲထွက်ရှိကြောင်း သိရပါသည်။ မြေပဲစိုက်ပျိုးရာတွင် မကွေး ၁၂၊ မကွေး ၁၅၊ ပဲလေး၊ ဆင်းဧကရီ၊ ပုသိမ်မျိုးနှင့် စပိန်မျိုးစသည်ဖြင့် စိုက်ပျိုးကြပါသည်။ တောင်သူများ အနေဖြင့် မကွေး ၁၂ သည် ပဲအထွက်နှုန်းကောင်းသည့်အပြင် ဆီအထွက်နှုန်း လည်းကောင်းကြောင်းတစ်တင်းလျှင် ဆီ ၅ ပိဿာနှုန်းအထိ ရရှိနိုင်ကြောင်း သိရှိရပါသည်။တောင်သူများသည် ၄င်းတို့လယ်မှထွက်ရှိသော မြေပဲများကို ပဲကုန်သည်များသို့ ရောင်းချသည့်အပြင် ဆီစက်များ သို့လည်း ရောင်းချမှုရှိကြောင်းသိရှိရပါသည်။ ဆောင်းမြေပဲပေါ်ကာစတွင် တစ်တင်းလျှင် ၈၀၀၀ ကျပ်ဈေးရရှိပြီး ယခုမတ်လ ဒုတိယပတ်၌ ၉၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်အထိ ဈေးရရှိလျက်ရှိကြောင်းသိရသည်။ လှလှအောင် |