မိကျောင်းမွေးမြူရေး အပန်းဖြေစခန်းဖွင့်လှစ်ခြင်းဖြင့်ပြည်တွင်း ပြည်ပ၀င်ငွေများရရှိလာနိုင်။
မြန်မာနိုင်ငံတွင် သာကေတ မိကျောင်းမွေးမြူရေးစခန်းကို ၁၉၇၈ ခုနှစ်တွင် မိကျောင်းမွေးမြူရေးလုပ်ငန်းအမည်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် မိကျောင်း မွေးမြူရေးအပန်းဖြေစခန်းအဖြစ်ပြောင်းလဲ ဖွင့်လှစ် ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် နေထိုင်ကျက်စားသည့် မိကျောင်းလေးမျိုးအနက် မကွေးတိုင်း သရက်မြို့နှင့် မိကျောင်း ရဲဒေသများတွင် တွေ့ရှိရသော အင်းမိကျောင်းနှင့် ရခိုင်ပြည်နယ် ရေချိုမြစ်ချောင်းများ၌ တွေ့ရှိရသော ဂင်္ဂါမိကျောင်း (ငါးဖောင်ရိုးမိကျောင်း) တို့မှာ ယနေ့အချိန်တွင် မျိုးသုဉ်းပျောက်ကွယ်သွားသည့် အခြေအနေတွင် ရှိပါသည်။ သာကေတ မိကျောင်းမွေးမြူရေးစခန်း၌ သဘာဝတွင်ရှားပါးနေပြီဖြစ်သော ထိုင်းမိကျောင်း ၉ကောင် နှင့် ဧရာဝတီတိုင်း၊ ဘိုကလေး၊ လပွတ္တာနယ်ဘက်တွင် တွေ့ရှိရသည့် သံသုမာ မိကျောင်း၊ ရေငန်မိကျောင်း (ငမိုးရိပ်) ၇၅၉ကောင်အထိ မွေးမြူထားလျက်ရှိပါသည်။
ယနေ့အချိန်တွင် နိုင်ငံခြားသားများနှင့် ပြည်သူအများ အထူးစိတ်ဝင်တစားလာရောက်ကြည့်ရှုလေ့လာ လျက်ရှိပြီး ၀င်ငွေရရှိမှုမှာလည်း ယခင်ထက်ငါးဆခန့်တိုးတက်လာခဲ့သည်။ မိကျောင်းနှင့် လူသားပူးတွဲဖျော်ဖြေ နိုင်မည့်ပြပွဲများ၊ မိကျောင်းသရုပ်ပြဖျော်ဖြေရေး အစီအစဉ်များကို ၂၀၀၉ ခုနှစ်အတွင်း အကောင်အထည်ဖော် သွားနိုင်ရန် စီစဉ် လျက်ရှိပြီး ယခုအခါ အဆိုပါ ပြပွဲများ ပြသနိုင်ရေးအတွက် ၀န်ထမ်းများကို ပြည်ပသို့စေလွှတ် ၍ သရုပ်ပြခြင်းနှင့် သက်ဆိုင်သည့် ပညာရပ်များသင်ကြားနိုင်ရန် စီစဉ်လျက်ရှိ ပါသည်။ သရုပ်ပြကွင်း၊ သရုပ်ပြကန်များ တည်ထောင်နိုင်ရန်အတွက်လည်း စီစဉ်လျက်ရှိပြီး ပြပွဲများပြသသွားနိုင်ပါက လာရောက်ကြည့်ရှုသူများပိုမို စိတ်ဝင်စားမှုရှိလာပြီး ၀င်ငွေတိုးတက်ရရှိလာမည်ဖြစ်ပါသည်။
သာကေတမွေးမြူရေးလုပ်ငန်းကို ယခင်ကလာရောက်ကြည့်ရှုသူနည်းပြီး၊ ၀င်ငွေအနေဖြင့် တစ်နှစ် ရှစ်သိန်း၊ ဆယ်သိန်းရရှိနေရာမှ ယခုအခါလူများ စိတ်ဝင်စားမှုများပြားလာပြီး ၀င်ကြေးငွေအနေနှင့် ဒီနှစ်တွင် ကျပ် ၂၄ သိန်းကျော်ရရှိနေပြီး တစ်နေ့ပျမ်းမျှကျပ် တစ်သောင်းမှ သုံးသောင်းဝန်းကျင်တိုးတက်ရရှိနေပါသည်။
ရေငန်မိကျောင်း (ငမိုးရိပ်) သည် ကမ္ဘာပေါ်ရှိ မိကျောင်းမျိုးစိတ်များအနက် သားရေတန်ဖိုးအကြီးမားဆုံး ဖြစ်ပြီး အကွက်စိပ်ခြင်း၊ လှပခြင်း၊ ကြာရှည်ခံခြင်းစသည့် အရည်အသွေးများကြောင့် လက်ကိုင်အိတ်၊ နာရီကြိုး၊ ခါးပတ်၊ ပိုက်ဆံအိတ်စသည်ဖြင့် ပြုလုပ်သုံးစွဲနိုင်၍ အဆင့်မြင့်တန်ဖိုးမြှင့် ပစ္စည်းများထုတ်လုပ်ခြင်းဖြင့်လည်း နိုင်ငံတော် ၀င်ငွေတစ်ဖက်တစ်လမ်းမှ ရရှိနိုင်ကြောင်းရေးသားလိုက်ရပါသည်။
Source: Myanmar Fisheries & Livestocks
သြ၀င်း |