ပန်းပန်လျက် ပင်လယ်နှမ်းဈေးကွက်။
လွန်ခဲ့သည့် ၆ နှစ်ခန့်ကစတင်ပြီး ဈေးကွက်ထွက်ပေါ်လာတဲ့ မိချောင်းကွမ်းဖတ်ခေါ်ပင်လယ်နှမ်းဟာ တစ်စတစ်စရေပန်းစားလာပြီး ဈေးကွက်မှာနေရာယူလာပါတယ်။ တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးသူများပြားလာကာ ၀ယ်လက်များကလည်းကွင်းဆင်းပြီး ခြေမြန်လက်မြန်နဲ့ သူ့ထက်ငါပစ္စည်းရရှိရေးအတွက် တင်ကြိုငွေပေးစာချုပ်ချုပ်ဆို လာကြကြောင်းသိရပါတယ်။
အခုလို ဒီဇင်ဘာလမှ အသီးလှိုင်လှိုင်ထွက်ပြီဖြစ်တဲ့အတွက် ရှေ့လနောက်ဆုံးပတ်လောက်မှာ မိချောင်းကွမ်းဖတ်ခေါ် ပင်လယ်နှမ်းရရှိတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဖျာပုံ အောက်ပိုင်းကျေးရွာများဖြစ်တဲ့ ဒေါ်ညိမ်း၊ နောက်မြှီး၊ ဆိတ်မ၊ ဓါးဗျက်နှင့် ဒေးဒလူ စသည့်ကျေးရွာများမှာ တင်ကြိုအရောင်းအ၀ယ် ဖြစ်လျက်ရှိပါတယ်။
ဖျာပုံမြို့ပေါ်မှာလည်း ယမန်နှစ်က အ၀ယ်ဒိုင်မကြီး ၂ ဒိုင်ရှိရာက အခုနှစ်မှာ ၄ ဒိုင်ထိဖြစ်လာပါတယ်။ မနှစ်ကတာထွက်ဈေးမှာ တစ်ပြည်ကို ၂၂၀၀ ကျပ်ဖြစ်ပြီး ဧပြီလ နောက်ဆုံးပတ်မှာတော့ ၄၂၀၀ ကျပ်နှင့် အဆုံးသတ်သွားပါတယ်။ အခုနှစ်တာထွက်ကတော့ မနှစ်ကတာထွက်ထက်ဈေးမနိမ့်နိုင်ဘူး ပိုရင်သာပိုမယ်လို့ လုပ်ငန်းရှင်အချို့က ပြောပါတယ်။ တရုတ်အ၀ယ်လိုက်နေတဲ့အတွက် မိချောင်းကွမ်းဖတ် ခေါ် ပင်လယ်နှမ်းဟာ ဈေးကွက်မှာ ပန်းပန်လျက်ရှိနေကြောင်းပါ။
အေးသိန်း |